Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရှဒုတိယအကြီးဆုံး ဝန်ဗိုက်ဒီရေတောကြိုးဝိုင်းအတွင်း သစ်ခိုးယူခုတ်လှဲမှုများ ဆက်ရှိနေဆဲဖြစ်

အာရှဒုတိယအကြီးဆုံး ဝန်ဗိုက်ဒီရေတောကြိုးဝိုင်းအတွင်း သစ်ခိုးယူခုတ်လှဲမှုများ ဆက်ရှိနေဆဲဖြစ်

ABN-ရာဟု

ရခိုင်ပြည် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်တွင်ရှိသည့် ဝန်ဗိုက်ဒီရေတောကြိုးဝိုင်းတွင် နေ့စဥ်သစ်ခိုးယူ ခုတ်လှဲမှုများ ဆက်လက်ဖြစ်ပေါ်လျှက်ရှိနေကြောင်း ဒီရေတောကို ထိန်းသိမ်းစောင့်ရှောက်နေကြသည့်ဒေသခံအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ဝန်ဗိုက်ဒီရေတောကြိုးဝိုင်းကို ဒေသခံများစုပေါင်းဖွဲ့စည်းထားသည့် သစ်တောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တစ်လကို အနည်းဆုံး ၅ ကြိမ်ခန့် စက်လှေများဖြင့် ကင်းလှည့်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟုသိရသည်။

ကင်းလှည့်သည့် အချိန်များတွင်း သစ်ခိုးယူခုတ်လှဲသူများကို ဖမ်းဆီးရမိပြီး အချို့ကို နောက်နောင်မခုတ်လှဲရန် အသ်ိပေးကာ တားမြစ်မှုများပြုလုပ်ခဲ့သော်လည်း သစ်ခိုးယူခုတ်လှဲမှုများလျှော့နည်းမသွားဘဲ မတ်လ ၁၆ ရက်နေ့က ရှိုန်းစက်ကြီးများနှင့်ပါ သစ်ခိုးယူခုတ်လှဲနေသည်များကို ဖမ်းဆီးရမိကြောင်း သစ်တောကို ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးက​ ပြောသည်။

“ကျနော်တို့က တစ်လ၅ကြိမ်လောက် ရောင်းလှည့်တာ။ သစ်ခိုးယူခုတ်လှဲနေတဲ့ သူတွေတွေ့တယ်။ ထင်းအတွက်ခုတ်နေကြတာ နောက်နောင်လာမခုတ်ဖို့ သတိပေးတာတွေလုပ်ပါတယ်။ ခုဟာက ဓားနှင့်ခုတ်တာမဟုတ်တော့ဘူး ။ရှိုန်းစက်ကြီးတွေနှင့်လာခုတ်ကြတာ” ဟု သစ်တောကြိုးဝိုင်းထိန်းသိမ်းစောင့်ရှောက်ရေးနာယက အဖွဲ့ဝင် ဦးမောင်သိန်းကျော်က ABNကိုပြောဆိုသည်။

ဝန်ဗိုက်ဒီရေတောထဲတွင် ထင်းလောင်စာဖြစ် တပိုင်တနိုင်ခုတ်လှဲခြင်းမျိုးမဟုတ်ဘဲ စီးပွားဖြစ်ထင်းများခုတ်ယူကာ ဘုတ်ကြီးများဖြင့် ခိုးထုတ်ယူမှုများလာသည့်အတွက်သစ်တောများ ပြုန်းတီးလာခြင်းများ ဖြစ်ပေါ်နေသည်ဟု ဦးမောင်သိန်းကျော်က ဆက်ပြောဆိုသည်။

“အဓိက ထင်းအဖြစ်ခုတ်တာ၊ ခုဟာကထင်ခုတ်တာတောင် စီးပွားဖြစ် ဘုတ်ကြီးတွေနှင့် ခိုးပြီးလာ ခုတ်တာတွေလုပ်နေတော့ သစ်တောတွေ ပိုပြီးပြုန်းတီးလာတယ်” ဟု ဦးမောင်သိန်းကျော်က ABNကို ပြောသည်။

ဝန်ဗိုက်ဒီရေတောကြီးကို အစိုးရက စနစ်တကျ ထိမ်းသိမ်းစောင့်ရှောက်မှုမရှိဘဲ အနီးအနားရှိပြည်သူများ စုပေါင်းပြီး စောင့်ရှောက်နေကြရသည့်အတွက် အခက်အခဲများစွာရှိကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ထွန်းကပြောဆိုသည်။

၂၀၂၀ ခုနှစ်အစောပိုင်းကတည်းက နိုင်ငံရေးအခြေအနေကြောင့် ဝန်ထမ်းများ ဒီရေတောမှ ထွက်ခွာသွားကတည်းက ဝန်ဗိုက်ဒီရေတေောကို အနီးအနားရှိ ရွာပေါင်း ၁၄ ရွာက ဒေသခံ ပြည်သူများ စုပေါင်းဖွဲ့စည်းကာ ယခုအချိန်ထိ ထိန်းသိမ်းစောင့်ရှောက်နေကြခြင်းဖြစ်ကြောင်း ကြိုးဝိုင်းထိန်းသိမ်းစောင့်ရှောက်ရေးဥက္ကဌ ဦးထွေးအောင်က ပြောကြားသည်။

ဝန်ဗိုက်ဒီရေတောသည် ၅၆၆၃၃ ဧကကျယ်၀န်းကာ အာရှတွင်ဒုတိယအကြီးဆုံး ဒီရေတောကြိုးဝိုင်း တစ်ခုဖြစ်ပြီး ထင်းနှင့် သစ်များ တရားမ၀င်ခိုးထုတ်ခြင်းကြောင့် အပင်ကြီးများမရှိသလောက်နည်းပါးကာ ၇၅ ရာခိုင်နှုန်းခန့် ပြုန်းတီးမှုနဲ့ ရင်ဆိုင်နေရပြီး ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေသည့် နေရာတစ်ခုဖြစ်သည်။

ထို့အပြင် ထိုဒီရေတောကြိုးဝိုင်းအတွင်း ပုဇွန်မွေးမြူရေးဆည်များ ပြုလုပ်ထားကြသည့်အတွက်လည်း ဒီရေတော ပြုန်းတီးမှု ဖြစ်စေကြောင်း သိရသည်။

ဓာတ်ပုံ-မတ်လ ၁၆ ရက်နေ့က ကင်းလှည့်စဥ် ဖမ်းဆီးရမိသည့် Chain စက်နှင့် လူအချို့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ