
AB News – သြဂုတ် ၁၉ ၊၂၀၂၅
မျိုးဟိန်း
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ သားဖွားအတတ်ပညာ သင်တန်းသားများ ခေါ်ယူနေကြောင်း ထုတ်ပြန်လိုက်သည်
။အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် ၎င်းတို့၏ ကျေးလက်ကျန်းမာရေးဌာနများနှင့် ဌာနခွဲများရှိ လစ်လပ်နေသော သားဖွားဆရာမ (Midwife) များကိုခန့်အပ်ပြီး အာရက္ခပြည်သူများ၏ ကျန်းမာရေးကိစ္စများကို ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ (၁၈) လကြာ သားဖွားအတတ်ပညာ သင်တန်းကို ဖွင့်လှစ်ခေါ်ယူနေခြင်းဖြစ်ကြောင်း ဆိုသည်။
သင်တန်းပြီးဆုံးပါက အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် သားဖွားဆရာမအဖြစ် အနည်းဆုံး ၅ နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး၊ မည်သည့်နေရာတွင်မဆို တာဝန်ထမ်းဆောင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသင်တန်းအတွက် လျှောက်ထားလိုသူများသည် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များနှင့် ပညာအရည်အချင်းများ ပြည့်မီရမည်ဖြစ်ပြီး၊ လူမျိုး၊ ဘာသာမရွေး လျှောက်ထားနိုင်သည်ဟုလည်း သိရသည်။