Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာဏာသိမ်းစစ်ခေါင်းဆောင် ရခိုင်သို့ ရောက်ရှိသည်ကို သတင်းရေးသားဖော်ပြခဲ့ကြသည့် မီဒီယာများအား ဖမ်းဆီးရန် စောင့်ကြည့်နေကြောင်း ပြည်နယ်စစ်ကောင်စီပြော

အာဏာသိမ်းစစ်ခေါင်းဆောင် ရခိုင်သို့ ရောက်ရှိသည်ကို သတင်းရေးသားဖော်ပြခဲ့ကြသည့် မီဒီယာများအား ဖမ်းဆီးရန် စောင့်ကြည့်နေကြောင်း ပြည်နယ်စစ်ကောင်စီပြော

ABN – ကိုဟိန်းထွန်း

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရခိုင်သို့ လာရောက်မှုအပေါ် သတင်းရေးခဲ့ကြသည့် သတင်းမီဒီယာများနှင့် ဝေဖန်ပြောဆိုခဲ့ကြသည့် နိုင်ငံရေးသမားများကို ဖမ်းဆီးရန် စောင့်ကြည့်နေကြောင်း စစ်ကောင်စီမီဒီယာ တစ်ခုက ပြောသည်။

ထိုသို့ အာဏာသိမ်း စစ်ကောင်စီတပ်၏ ရခိုင်ပြည်တွင်း လုပ်ဆောင်မှုများကို ဝါဒဖြန့်ရန် ပြုလုပ်ထားသည့် “ရခိုင်နေ့စဥ်” ဖေ့ဘုက်စာမျက်နှာ” က ခြိမ်းခြောက်ရေးသားထားသည်ကို ဧပြီ ၁ ရက်နေ့က တွေ့ရခြင်းဖြစ်သည်။

အဆိုပါရေးသားဝါဒဖြန့်မှုသည် စစ်ကောင်စီ၏ ရခိုင်ပြည်တွင်းလုပ်ဆောင်မှုများကို ပုတ်ခတ်ပြောဆိုကြောင်းဖြစ်ပြီး သတင်းမီဒီယာများအပါအဝင် နိုင်ငံရေးသမားများကို ဖမ်းဆီးရန် ရခိုင်နေ့စဥ်က ဖော်ပြထားသည်။

“ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနေတာကို ကျေးဇူးမတင် မုဒိတာမပွားနိုင်တဲ့ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမားဟောင်းတွေ၊ တရားခံပြေးအဖြစ် ထွက်ပြေးတိမ်းရှောင်နေတဲ့ သတင်းမီဒီယာဌာနတွေက အမျိုးမျိုးပုတ်ခတ်စော်ကား နေကြတာဟာ ကိုယ်ရဲ့ စိတ်ဓာတ်အဆင့်အတန်းကို ဖော်ပြရာရောက်ပါတယ်၊ တာဝန်ရှိသူတွေကလည်း ဖမ်းဆီးနိုင်ဖို့ စောင့်ကြည့်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်” ဟုရေးသားထားသည်။

ထို့အပြင် ထွက်ပြေးတိမ်းရှောင်နေရသည့် သတင်းဌာနများ၏ နေအိမ်အချို့ကိုလည်း ချိတ်ပိတ်ထားကြောင်း ရခိုင်နေ့စဥ်က ရေးသားထားသည်ကိုတွေ့ရသည်။

“တစ်ချို့လူပုဂ္ဂိုလ်တွေ၊ သတင်းဌာနတွေဆို အိမ်တွေချိတ်ပိတ်ခံထားရပြီး၊ အဖမ်းမခံရရေးအတွက် နာမည်အမျိုးမျိုးနဲ့ ထွက်ပြေးတိမ်းရှောင်နေကြရတာတွေက ကိုယ်လုပ်ခဲ့တဲ့ အကျိုးကိုယ်ခံစားရတာပါ။ ကောင်းတာလုပ်ရင် ကောင်းတာခံစားရမယ်ဆိုတဲ့ စကားပုံအတိုင်းပဲ အားလုံးအကောင်းမြင်ဝါဒနဲ့ကြည့်ပြီး မိမိပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ကြဖို့လိုနေပြီ” ဟု ရခိုင်နေ့စဥ်တွင် တွေ့ရသည်။

ရခိုင်ပြည် အခြေစိုက်သတင်းဌာနများဖြစ်သည့် Narinjara ၊ Western News ၊ Development Media Group ( DMG) သတင်းဌာနအသီးသီးမှ အယ်ဒီတာချုပ်များနှင့် သတင်းထောက်များကို စစ်ကောင်စီက တရားစွဲဆိုမှုပြုလုပ်ခဲ့ပြီး Border News Agency ( BNA )က အယ်ဒီတာချုပ်ကိုလည်း စစ်ကောင်စီက ခြိမ်းခြောက်ထားသည်ကိုတွေ့ရှိရသည်။

နိရဉ္စရာသတင်းဌာနမှ တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်တစ်ဦးမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင်မြောက်ဦးမြို့၌ မိုင်းပေါက်ကွဲမှုကြောင့်လူများသေဆုံးသွားခဲ့သည့်သတင်းကို ဖော်ပြခဲ့ရာ စစ်ကောင်စီက တရားလိုပြုလုပ်၍ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ( ဃ) ရာဇသတ်ကြီး ပုဒ်မ

၅၀၅ (က)ဖြင့် အောက်တိုဘာလ ၅ ရက်တွင်အမှုဖွင့်ခဲ့သည့်အပြင် မတ်လ ၇ ရက်နေ့က ဖော်ပြခဲ့သည့် စစ်ကောင်စီမှ ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့မှုနှင့်ပတ်သက်၍ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို မတ်လ ၁၁ ရက်နေ့တွင် ၎င်း ပုဒ်မ ၂ခုဖြင့်ထပ်မံအမှုဖွင့်ခဲ့သည်။

ထို့နောက် (DMG)သတင်းဌာနမှ ဒုတာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က ကျောက်တော်မြို့နယ် မလာကျေးရွာတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ ၎င်းရွာမှရွာသားများ စစ်ဘေးရှာင်နေချိန်၌ စကစ မှ စပါးတောင်း ၇၀၀ ကိုယူဆောင်ခဲ့သည့် သတင်းကိုဖော်ပြမှုကြောင့် ဗိုလ်မှူး ဘုန်းမြတ်ကျော်က တရားလိုပြုလုပ်၍ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဇန်နဝါရီလ ၂၂ ရက်တွင် အမှုဖွင့်ခဲ့ပြီးလျှင် ၂၀၁၉ ခုနှစ် မေလ ၁၁ ရက်နေ့တွင်

အယ်ဒီတာချုပ်နှင့် အမှုဆောင်အရာရှိချုပ် ဦးအောင်မင်းဦးကို ရဲသတင်းတပ်ဖွဲ့ SB ကတရားလိုလုပ်၍ မတရားအသင်းဆက်သွယ်​ရေး ပုဒ်မ ၁၇ ( ၁) ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။

အလားတူ DMG ၏ မောင်တောအခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်းကိုလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် လမ်းတံတားဦးစီးဌာနက တရားလိုလုပ်၍ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မောင်တောမြို့မ ရဲစခန်းတွင်အမှုဖွင့်ခဲ့သည်ကို တွေ့ရသည်။

စစ်တွေမြို့အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Western News မှ အယ်ဒီတာချုပ်ဖြစ်သူ ဦးဝဏ္ဏခွာညိုနှင့် သတင်းထောက်တစ်ဦးတို့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ကပလက်ဝမြို့နယ်၊ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်ထားသည်ကိုဒေသခံများမြင်တွေ့ရဟု ဖော်ပြခဲ့ပြီးနောက် စစ်ကောင်စီဘက်ကတရားလိုလုပ်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၁၂၄ ( က) ဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်တွင် လူမှု့ကွန်ယက်ပေါ်၌ရေးသားဖော်ပြခဲ့သည်။

၎င်းသတင်းနှင့်ပတ်သက်၍ အင်တာဗျူးဖြေပေးခဲ့သူ ပလက်ဝဒေသခံ ဦးတင်ထွန်းအောင်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲ ထောင်ချခဲ့သည်။

အဆိုပါစွဲဆိုချက်ပုဒ်မ ၁၂၄ (က)သည် အပြင်းထန်ဆုံးပုဒ်မဖြစ်ပြီး၊ တစ်သက်တစ်ကျွန်းအထိထောင်ချနိုင်သည့်ပုဒ်မအမျိုးအစားဖြစ်သည်။

အလားတူ ရခိုင်ပြည်အခြေစိုက် Border News Agency သတင်းဌာနမှ အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်သည် ရခိုင်တွင် စစ်တပ်က ဂိတ်များတိုးချဲ့ဖွင့်ခြင်း၊ မလိုအပ်ဘဲ စစ်ဆေးခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိကြောင်းကို ရေးသားဖော်ပြခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီ၏သွားလာလုပ်ရှားမှုကို ဝါဒဖြန့် ဖေ့ဘုက်စာမျက်နှာတွင် ခြိမ်းခြောက်ထားသည်ကိုလည်းတွေ့ရှိရသည်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း သတင်းဌာန ၁၀ခု ကျော်ကို စစ်ကောင်စီမှ မတရားပိတ်သိမ်းအရေးယူမှုများပြုလုပ်ခဲ့ကာ သတင်းထောက် ၁၄၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး၊ သတင်းထောက် ၆၀ ကျော်သည် အကျဥ်းထောင်ထဲ၌ မတရားပြစ်ဒဏ်ကျခံလျက်ရှိပြီး၊ သတင်းသမား ၄ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ