ရခိုင်တွင် ၂၀၂၂/၂၀၂၃ ပညာသင်နှစ်တွင် အဝေးသင်ကျောင်းအပ်စရိတ်များကို နှစ်ဆကျော်မြှင့်တင်လိုက်သည့်အတွက် အဝေးသင်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် များစွာအခက်အခဲကြုံနေရကြောင်း သိရသည်။
ယခင်ပညာသင်နှစ်များတွင် အဝေးသင်ကျောင်းအပ်ရာတွင် ပို့ချချက်စာအုပ်ခ ၁၅၀၀၀ကျပ်၊ စာစဉ်စာမေးပွဲခ ၂၅၀ ကျပ်နှင့် မဂ္ဂဇင်းခ ၂၀၀၀ ကျပ်တို့ဖြင့် ကျောင်းအပ်လက်ခံခဲ့သော်လည်း ယခုနှစ်တွင် တက်ရောက်မည့် အဝေးသင်ကျောင်းအပ်စရိတ်မှာ နှစ်ဆကျော်မြင့်တက်ခဲ့ရသည်။
တိုးမြှင့်လိုက်သည့် အဝေးသင်ဌာနတွင်ကျောင်းသွင်းစရိတ်မှာ ပို့ချချက်စာအုပ်ခ ၃၈၀၀၀ကျပ်၊ စာစဉ်စာမေးပွဲခ ၂၅၀၀ကျပ်နှင့် မဂ္ဂဇင်းခ ၄၀၀၀ကျပ်အထိတိုးမြင့်လိုက်ရာ ယခင်ထက် စာအုပ်ခ ၂၃၀၀၀ကျပ်၊ မဂ္ဂဇင်းခ ၂၀၀၀ကျပ်နှင့် စာစဉ်ခ ၂၂၅၀ကျပ်စီ အသီးသီးမြှင့်တင်လိုက်ခြင်းဖြစ်သည်။
ကျွန်တော်တို့က ဘယ်လိုဆက်ပြီး ကျောင်းတက်ရတော့မှာလဲ၊ ဒီလောက်ထိဈေးတက်သွားတော့ အကုန်ဒုက္ခရောက်ရတာပေါ့၊ ကျွန်တော်တို့ အဝေးသင်တက်တယ်ဆိုတာ ချမ်းသာလို့ တက်နေတာမှ မဟုတ်တာ၊ မရှိရှိတာလေးစုပြီး တက်နေရတာ ဟု အဝေးသင်ကျောင်းသားတစ်ဦးက ပြောသည်။
ရခိုင်တွင် ကုန်ဈေးနှုန်းမြင့်တက်နေမှု၊ အဆောင်နေစရိတ်တို့ မြင့်တက်နေမှုများကြောင့်လည်း အဝေးသင်ကျောင်းသားများမှာ ငွေကြေးအကုန်အကျများစွာ ရှိနေသည်။
ကျွန်မတို့က နယ်ကလာပြီး တက်တာပါ၊ နဂိုကတည်းက စားစရိတ်နှင့် အဆောင်နေစရိတ်က ဈေးကြီးနေတာ၊ အခုတော့ ကျောင်းအပ်စရိတ်တွေပါမြှင့်လိုက်ပြီဆိုတော့ ကျောင်းတက်ရမှာတောင် ကြောက်လာပါပြီ ဟု အဝေးသင်ကျောင်းသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်က စစ်တွေတွင် အဝေးသင်ကျောင်းသားများအတွက် အဆောင်နေစရိတ်မှာ ၇၀၀၀၀ကျပ်မှ ၈၀၀၀၀ကျပ်အထိ၊ စာသင်ဝိုင်းစရိတ်မှာ ၁၀၀၀၀၀ ကျပ်ကျော်၊ စားစရိတ်မှာ ၈၀၀၀၀ကျပ်မှ ၁၀၀၀၀၀ကျပ်အထိရှိနေခဲ့ပြီး ယခုကဲ့သို့ အဝေးသင်ကျောင်းအပ်စရိတ်ကို မြှင့်တင်လိုက်သည့်အတွက် အဆောင်နေစရိတ်၊ စားစရိတ်နှင့် စာသင်ဝိုင်းစရိတ်တို့မှာလည်း ထပ်တိုးလာမည်ကို ကျောင်းသား၊ သူများ စိုးရိမ်နေကြရသည်။
ယခုဒီဇင်ဘာလ ၂၆ ရက်နေ့မှ စကာ ကျောင်းအပ်လက်ခံနေပြီး ပထမနှစ်(၂၀၂၂ အောင်)များကို (၂၆ – ၁၂ – ၂၀၂၂) မှ (၃၁ – ၁ – ၂၀၂၃)အထိ၊ ပထမနှစ် (၂၀၂၂မတိုင်မီ တက္ကသိုဝင်စာမေးပွဲ အောင်မြင်သူများ) (၂၆ – ၁၂ – ၂၀၂၂)မှ (၂၈ – ၂ – ၂၀၂၃)အထိ ကျောင်းအပ်ရမည်ဖြစ်သည်။
ပထမနှစ်အောင်မြင်ပြီး ဒုတိယနှစ်နှင့်အထက် တက်ရောက်မည့်သူများမှာ ၁၆ – ၁ – ၂၀၂၃မှ ၂၈ – ၂ – ၂၀၂၃ကာလအတွင်း ကျောင်းအပ်နှံရမည်ဖြစ်သည်။
အဝေးသင်စတက်မည့် အချိန်ကိုမူ ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးပေ။

