သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအား ပစ်ခတ်ရန် အသင့်ပြင်ထားသည့် ဒီဂရီ၊ မပည အညွှန်းများကို ဘူးသီးတောင်မြို့နယ် စစ်ကောင်စီစခန်းတွင် တွေ့ရှိ

AB News -ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ဘူးသီး​တောင်​မြို့နယ်တွင် စစ်ကောင်စီအဖွဲ့က ပြည်သူနေ ရပ်ကွက်၊ ကျေးရွာများသို့  လက်နက်ကြီးများဖြင့် အချိန်ကိုက် ပစ်ခတ်ရန် ချိန်ရွယ်ထားသော ဒီဂရီ၊ မီတာအကွာအဝေးအမှတ်အသားများကို စစ်ကောင်စီတပ်စခန်းချခဲ့သည့် ဖရုံချောင်းကျေးရွာ ဘုန်းကြီးကျောင်းခြံဝင်းကုန်းတွင်တွေ့ရှိ​ရကြောင်း  သိရသည်။

ထိုနေရာအား ရက္ခိုင့်တပ်တော်က  ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီအဖွဲ့ပြုလုပ်ထားသည့် ၎င်းပစ်မှတ်များကို တွေ့ရခြင်းဖြစ်ကြောင်း ဒေသခံရွာသားများပြောပြချက်အရ သိရသည်။

စစ်ကောင်စီအဖွဲ့က ရည်ရွယ်ချက်ရှိရှိ ချိန်ရွယ်ပစ်ခတ်ရန် ဦးတည်ထားသော ဘူသီး​တောင်​မြို့နယ်အနီးတစ်ဝိုက်ရှိ ပစ်မှတ်များမှာ ( ၁) ဖရုံချောင်းဘုန်းကြီးကျောင်းခြံဝင်းမှ ဘုရားဒိုးတန်းရွာ ၁ ( ၂) ဒိုးတန်းရွာ ၂ ၊ ( ၃) ကံ့ကော်မြိုင်ရွာ၊ ( ၄)  ဖရုံချောင်းကုလားရွာ၊ ( ၅) ကျွဲဒက်​ပြင်ရွာ၊ ( ၆ )ဘကကနောက်ရွာ (၇ )စသကကနောက်ရွာ နှင့် ဖိုးခေါင်ချောင်းရွာသို့ အကွာအဝေး မပည (မြေပုံညွှန်း) ဒီဂရီ အတိအကျတို့ဖြင့် ပြည်သူနေ ရပ်ကွက်၊ ရွာများကို တမင်ရည်ရွယ်ချက်ရှိရှိ ရယူ ပစ်မှတ်ထားခဲ့သည်ကိုတွေ့ရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်ကို သိရ၍ အလွန် ကြောက်သွားရကြောင်း အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီး တစ်ဦးက AB News သို့ပြောသည်။

“သူတို့ကက ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ပစ်မှတ်တွေထားတာတွေ့ရတယ်၊ အနီးအနားက ရွာတွေကို အကုန်လုံးပစ်မှတ်ထားတာကိုတွေ့တော့ အရမ်းကြောက်လန့်သွားတယ်၊ AA ဝင်သိမ်းတာမြန်သွားလို့ပေါ့ မဟုတ်ရင်သေသွားနိုင်တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်နေ့ကလည်း မြောက်ဦးခရိုင်ရဲစခန်းကို AAက ဝင်သိမ်းပြီးနောက်  စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ  မြောက်ဦးမြို့ရှိ ရပ်ကွက်၊ ကျေးရွာများကို ပစ်မှတ်ရန် မပည အတိအကျဖြင့် ချိန်ရွယ်ထားသည်ကို တွေ့ခဲ့ရကြောင်း AA ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာအနီး စစ်ကောင်စီ အမြောက်တပ် တပ်စွဲခဲ့သည့် နေရာမှ မပည အညွှန်းပါ ဆိုင်းဘုတ်များကို တွေ့ခဲ့ရသည်။

ရက္ခိုင်ဒေသအတွင်း စစ်ဗျူဟာကုန်းကြီးများနှင့်  စစ်စခန်းငယ်များတစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှူံးနေရသော စစ်ကောင်စီအဖွဲ့က ပြည်သူများကို သတ်ဖြတ်ရန် အချိန်ကိုက်ပစ်မှတ်များကို အသုံးပြုလာခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပစ္စည်းများကိုလုယက်ခြင်းများကို နေ့စဥ်ရက်ဆက် ပြုလုပ်လာသည်ကိုတွေ့ရသည်။

ယနေ့မနက်ကလည်း စစ်တွေပွိုင့်ကမ်းခြေအနီး စစ်ကောင်စီ ရေတပ်နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် စစ်တွေမြို့မဈေးကြီးထဲ ကျရောက်ပေါက်ကွဲပြီး ဈေးသည်များနှင့် ဈေးဝယ်သူ ၁၀ ဦးထက်မနက် သေဆုံးခဲ့ရပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘူသီးတောင်မြို့နယ် ၊ ဆင်စွယ်ရကျေးရွာကို အကြမ်းဖက် ARSA အဖွဲ့က လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ပြီး၊ နေအိမ်များကို မီးရှိုးဖျက်ဆီးခဲ့သည့်အတွက် ဆယ်ကျော်သက် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၊ နေအိမ်၂ ဆောင်မီးလောင်ပျက်စီး