Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အယ်ဒီတာ့အာဘော် (Editorial)

အယ်ဒီတာ့အာဘော် (Editorial)

Arakan Bay News-သြဂုတ် ၁၀ ရက်

AA ၏တန်ဖိုး (သို့မဟုတ်) ရခိုင်ပြည်သူများအတွက် နွေးထွေးသော လက်တစ်စုံ

ယခုနှစ်သည် ရခိုင်ပြည်နှင့် ရခိုင်ပြည်သူများအတွက် သဘာဝဘေးအန္တရာယ်ကြောင့် ကံဆိုးမိုးမှောင် ကျသည့် နှစ်တစ်နှစ်ဖြစ်ပေသည်။

ကံကောင်းသည်တစ်ခုက ရခိုင်ပြည်နှင့် ရခိုင်ပြည်သူများအတွက် ရက္ခိုင့်တပ်တော် မားမားမတ်မတ်ရှိနေခြင်းပင်ဖြစ်သည်။

ရက္ခိုင့်တပ်တော်သည် တော်လှန်နေရဆဲ တပ်တော်တစ်ခုဖြစ်သော်လည်း ရှိသည့်အင်အားဖြင့် ရခိုင်ပြည်သူများ ကပ်ဆိုးကြုံနေရချိန်တွင် ရသလောက် ကူညီနေသည်ကို တွေ့ရသည်။

ယခုရက်ပိုင်းတွင်လည်း ရခိုင်တွင် မိုးရွာသွန်းမှု အားကြီးသောကြောင့် မြို့၊ ရွာ၊ လယ်ယာမြေများ ရေနစ်မြုပ်သည့် ဘေးဆိုးကြီးဖြင့် ကြုံတွေ့နေရသည်။

ထိုသို့ ကြုံတွေ့နေရချိန်တွင် ပြည်သူများမှာ အရေးပေါ်စားဝတ်နေရေး အခက်ကြုံနေရချိန်ဖြစ်သောကြောင့် ရက္ခိုင့်တပ်တော်မှ ရှိသည့် အင်အားဖြင့် ရသလောက် ကူညီကယ်ဆယ်ပေးနေသည်ကို တွေ့ရပြန်သည်။

ရခိုင်တွင် ပရဟိတ လုပ်ကိုင်နေကြသည့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ပရဟိတလုပ်သူများ ရှိကြသော်လည်း ရေနစ်မြုပ်ဒဏ်ကို ခံစားနေကြရသည့် ဒုက္ခသည်များကို ချက်ချင်း ကူညီသည့်အဖွဲ့ဟူ၍ မတွေ့ရသလောက်နည်းပါးပြီး ရက္ခိုင့်တပ်တော်ကတော့ ကူညီပေးနေသည်ကို တွေ့ရသည်။

ဤသည်မှာ INGO၊ NGO၊ CSO စသည့်အဖွဲ့များကို အပြစ်တင်လို၍ ပြောခြင်းမဟုတ်၊ ထိုအဖွဲ့အစည်းများမှာလည်း အခက်အခဲများစွာ ရှိနေသောကြောင့် ဖြစ်မည်ဟု နားလည်ပါသည်။

ရက္ခိုင့်တပ်တော်သည် လက်ရှိအချိန်ထိ ရခိုင်တစ်ပြည်လုံးကို စီမံခန့်ခွဲ အုပ်ချုပ်ထားနိုင်သည့် အဖွဲ့ တစ်ခု မဟုတ်သေးပေ။

သို့သော်လည်း တပ်တော်စီမံခန့်ခွဲ၍ ရသောနေရာများတွင် ကံဆိုးမှု သဘာဝကပ်ဘေးများ ကျရောက်လာချိန်တိုင်း ရက္ခိုင့်တပ်တော် AA သည် ပြည်သူများ၏ ရှေ့သို့ ရောက်ရှိလာပြီး ကူညီကယ်ဆယ်ပေးတတ်သည်မှာ ပြည်သူများအတွက် ကံကောင်းခြင်း လက်တစ်စုံပိုင်ဆိုင်ထားခြင်းပင်ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် အလွန့်အလွန်အားကောင်းသည့် မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မည့်သတင်းရလျှင်ရချင်း ၇ ရက်တစ်ပတ်ခန့် အကြိုကာလကပင် မြေနိမ့်ပိုင်း ဒေသများမှ ပြည်သူများကို သွားရောက် ခေါ်ယူ ကယ်တင်ပေးခဲ့သည်။

ထိုသို့ ပြည်သူများကို မုန်တိုင်းဘေးရှောင်ရန် ခေါ်ယူစဥ်လည်း လွယ်ကူချော့မွေ့ခဲ့သည်မဟုတ်။ သက်ကြီးရွယ်အိုအများစုမှာ ၎င်းတို့နေရပ်ကို စွန့်ခွာ၍ မသွားလိုသည်က တစ်ကြောင်း၊ မုန်တိုင်းတိုက်မည်ကို မယုံသည်က တစ်ဖုံတို့ကြောင့် ရဲဘော်များတွင် ကာကွယ်ရန်ပါလာသည့် သေနတ်ကိုပြ ခြိမ်းခြောက်၍ပင် ခေါ်ယူကာ ကယ်တင်ခဲ့ရသည်များရှိသည်ကို သိရသည်။

ပြည်သူများမှာ တော်လှန်ရေးအစိုးရ တစ်ရပ်၏ သို့မဟုတ် ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ၏ ကူညီမှုကို ရ၍ ဝမ်းသာမျက်ရည် ကျသူကျ ငိုသူငို ဖြစ်နေသည်ကို တွေ့မြင်လိုက်ရသည်။

ပြည်သူကို အစိုးရက ကူညီသည်မှာ နိုင်ငံတကာအဖို့ မဆန်းကြယ်သော်လည်း ရခိုင်ပြည်သူများအဖို့ အလွန်ပင် ဆန်းကြယ်လွန်းသည့် ဖြစ်ရပ်ဖြစ်သည်။

ယခင်က မြန်မာ့စစ်သားများကို မြင်လျှင် ပြေးခဲ့ကြသည့် ပြည်သူများမှာ လက်ရှိတွင် ရက္ခိုင့်စစ်သားများကိုမြင်လျှင် ပြေးဖက်ကြသည်အထိပင် ဖြစ်သည်။

ဤသည်မှာ ကြည့်ဖူးသည့် ရုပ်ရှင်ဇာတ်ကားများထဲက ပြည်သူချစ်သော စစ်သား၊ ပြည်သူကို ကာကွယ်ပေးသည့် တပ်တို့၏ စစ်မှန်သော ပြယုဂ်ပင်ဖြစ်သည်။

ရက္ခိုင့်တပ်တော်သည် မိုခါမုန်တိုင်း တိုက်ပြီးချိန်တွင်လည်း ရပ်ရွာများအတွင်း လမ်းရှင်းခြင်း၊ နေအိမ်များ ဆောက်ပေးခြင်း၊ စားနပ်ရိက္ခာများ ကူညီပေးခြင်းနှင့် ပြည်သူများ လိုအပ်သည်များကို ကူညီပေးခဲ့သလို လက်ရှိ ရေဘေးဒဏ်သင့်ချိန်တွင်လည်း စစ်ဘေးရှောင်စခန်းများအပါအဝင် ကျေးရွာများအတွင်း အကူအညီလိုအပ်သူများကို အချိန်မှီသွားရောက် ကူညီပေးသည်ကို တွေ့ရသည်။

ယခုလို ကပ်ဆိုးကြုံနေရချိန် ရက္ခိုင့်တပ်တော်၏ လက်အစုံသာ ရက္ခိုင်ပြည်သူများအတွက် မရှိခဲ့လျှင် ကျွန်ုပ်တို့မှာ ကူသူမဲ့၊ ကယ်သူမဲ့ ပစ်ပယ်ခံဘဝဖြင့် ရင်ဆိုင်နေရဖွယ်ရှိနေမည်ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ