Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့ နပခအနီးထိ ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်လာ

အမ်းမြို့ နပခအနီးထိ ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်လာ

(အမ်းမြို့တွင် ၂ နေရာတိုက်ပွဲဖြစ် စစ်ကောင်စီဖက်မှ ၁၀၀ နီးပါးကျဆုံး)

AB News – မတ်လ ၂၄၊ ၂၀၄

ရက္ခိုင်ပြည်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဒေသချုပ်အနီးထိ ရက္ခိုင့်တပ်တော်က ယနေ့ မတ်လ ၂၄ရက်နေ့တွင်  ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

“တိုက်ပွဲဖြစ်နေတဲ့ နေရာဟာ အမ်းမြို့နဲ့ မဝေးပါဘူး။ အမ်းမြို့ နပခနဲ့ ၃မိုင်သာ ဝေးတယ်။ တိုက်ပွဲက တအားပြင်းထန်နေတာ။ ပစ်ခတ်သံတွေကို အနီးကပ် ကြားနေရတယ်။ အခုလည်း လက်နက်ကြီးတွေ ပစ်ခတ်နေတယ်” ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီက လေကြောင်းဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းလည်း ဒေသခံများပြောကြားချက်အရ သိရသည်။

အမ်းမြို့တွင် ရက္ခိုင်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့သည် နပခနှင့် ၃ မိုင်ခန့်အကွာ ပြောင်သေရွာအနီးတွင် တစ်နေရာနှင့် ရက္ခိုင်ပြည်အစ ရိုးတောင်ထက် ကမြင်းကန်ရွာအနီးတို့တွင် တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ ၁ဦးက ပြောသည်။

“တိုက်ပွဲက နေရာ ၂နေရာမှာ ဖြစ်နေတာ။ ပစ်သံ၊ ခတ်သံတွေ နီးနီးလေးက ကြားရတယ်။ ပြောင်သေကျေးရွာအနီးပတ်ဝန်းကျင်နှင့် ကမြင်းကန်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာရှိတယ်” ဟု ဆိုသည်။

ရက္ခိုင်ပြည်အစ ရိုးတောင်ထက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းတစ်ခုလုံး ကျဆုံးသွားကြောင်း တပ်ဖက်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“ကမြင်းကန်ရွာအနီး စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁၀၀ခန့်ကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်။ အကုန်လုံးနီးပါးကျသွားတယ် ” ဟု တပ်နှင့်နီးစပ်သူ ၁ဦးက AB News သို့ ပြောဆိုသည်။

ရက္ခိုင့်တပ်တော်က အမ်းမြို့နယ်၊ လုံးကောက်အုပ်စု၊ ပြောင်သေကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာ အနီးရှိကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက် သေဆုံးမှု၊ ပျက်စီးမှု အခြေအနေများကိုမူ ABN က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

အမ်းမြို့ နပခလက်အောက်ခံ တပ်ရင်းများမှာ ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (G.E တပ်)၊ စစ်မြေပြင်အင်ဂျင်နီယာတပ် (B.E တပ်)၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များ ရှိကြောင်း သိရှိရသည်။

ရက္ခိုင်တွင် မြို့ ၁၇မြို့အနက် ၉မြို့ကို ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားကာ ရက္ခိုင်ပြည်မြောက်ဘဖက် ဘူးသီးတောင်၊ မောင်တောမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ