Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့နယ်မှ ရွာသား ၄ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီးသွား

ရခိုင်ပြည် အမ်းမြို့နယ် လုံးအုပ်စု၊ ထန်းချောင်းရွာမှ ရွာသား ၄ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာထဲဝင်ရောက်ကာ အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီကျော်ခန့် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူများမှာ အဖ ဦးညိုလှစိန်၏ သမီးဒေါ်သန်းဝင်း အသက် (၄၂)၊ အဖဦးကျော်တင်၏ သမီး ဒေါ်ဖြူစေ့ကေ ရခိုင်လူမျိုး ၂ ဦးနှင့် ဦးယောင်း အသက် ၄၉ နှစ်နှင့် ဦးမောင်ပေ အသက် ၄၁ နှစ် ချင်းလူမျိုး ၂ ဦးတို့ဖြစ်ကြသည်။

၎င်းတို့ကို ထန်းချောင်းရွာ ရွာအဝင်တွင်ရှိသည့် ယိုမာတောင်၌ စခန်းချလျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးက ရွာထဲသို့ ဝင်ရောက်ကာ နေအိမ်ထဲမှ ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားကြောင်းကိုမူ မသိကြောင်း ရွာသား ၁ ဦးက ABN ကိုပြောသည်။

“စစ်သားတွေ (စကစတပ်ဖွဲ့) ရွာထဲဝင်လာပြီး ရွာခံသား ၄ ယောက်ကို ဖမ်းသွားတယ်။ စစ်သား ၃၂ ယောက်ပါတယ်။ ရခိုင်လူမျိုး အမျိုးသမီး ၂ ယောက်နှင့် ချင်း လူမျိုးက ၂ ယောက်ပါ။ ဘာလို့ဖမ်းတာလဲတော့ မသိဘူး။ အဲဒီစစ်သားတွေက ရွားအဝင်ကတောင်မှာ ညအိပ်စခန်းချနေတဲ့သူတွေ” ဟု ဖမ်းဆီးသွားသည်ကို မျက်မြင်တွေ့လိုက်သူ တစ်ဦးက ပြောသည်။

၎င်း ဖမ်းဆီးခံ ထန်းချောင်းရွာသား ၄ ဦးကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေး၍ မိသားစုများမှာ စိုးရိမ်နေကြကြောင်းသိရသည်။

လွန်ခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့က အမ်းမြို့နယ် ကဇုကိုင်းအုပ်စု တောင်မော်ရွာမှ ရွာသား တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်။

ထိုဖမ်းဆီးသတ်ဖြတ်ခံရသူမှာ ULA/AA မှ ဒုတိုက်နယ်မှူး ၁ ဦးဖြစ်ကြောင်း သတင်းဌာနအချို့က ရေးသားဖော်ပြခဲ့ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ