
AB News-မတ်လ ၂၅၊ ၂၀၂၄
အမ်းတွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် တရစပ် ဆက်တိုက် ပစ်ခတ်လျက်ရှိရာ၊ ရိုးမတောင်ပေါ်ရှိ ပိန်းရေစမ်း ဘုန်းတော်ကြီးကျောင်းအနီးတွင် ယနေ့မနက်က လက်နက်ကြီးကျည် တစ်လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယနေ့မနက် ၁၁ နာရီကျော်ခန့်က ပိန်းရေစမ်း ဘုန်းတော်ကြီးကျောင်းအနီးတွင် ကျရောက်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိဟု သိရသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း ဖြစ်ကြောင်း အမ်းဒေသခံ ၁ ဦးက AB News သို့ပြောသည်။
“လက်နက်ကြီးက ဒီနေ့မနက် ၁၀ နာရီလောက်ကတည်းက စပစ်နေတာ ၁၅ မိနစ် တစ်ခါ၊ တစ်နာရီခြား တစ်ခါ မရပ်တမ်းပဲ ပစ်နေတယ်။ ရိုးမတောင်ဖက်ကို ပစ်နေတာပါ” ဟု ပြောသည်။
ရိုးမတောင်ပေါ် ကမြင်းကန်ရွာအနီးတွင် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်း တစ်ခုအား ရက္ခိုင့်တပ်တော်က ယမန်နေ့ မတ်လ ၂၃ ရက်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင်အားလုံး သေဆုံးသွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
အမ်း နပခ အနီးတွင် တိုက်ပွဲ ဖြစ်ပွားခြင်း ရှိ မရှိကိုမူ ရက္ခိုင့်တပ်တော်က ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။
ရက္ခိုင်ရိုးမတောင်ပေါ်တွင် ကမြင်းကန်၊ ပိန်းရေစမ်း၊ ကြက်ရေစမ်းကျေးရွာများရှိကြောင်း သိရသည်။
Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL