Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ် ရခိုင်သတင်းအနှစ်ချုပ် (Weekly News)

အပတ်စဥ် ရခိုင်သတင်းအနှစ်ချုပ် (Weekly News)

Arakan Bay News-ABN

ဇွန် ၁၂ မှ ၁၈ ရက်နေ့အထိ

ဇွန်လ ၁၈ရက်နေ့အတွက် သတင်းစုစည်းမှု

ရခိုင်ပြည် ကျောက်ဖြူမြို့မှာရှိတဲ့ ကျောက်တစ်လုံး မူဆလင် ဒုက္ခသည်စခန်းက ပြည်သူများ ပြောင်းရွှေ့နေထိုင်နေတဲ့ အေမြသာယာကျေးရွာမှာ မိုးရာသီတွင်း ရေနစ်မြုပ်တဲ့အတွက်ကြောင့် ကျောင်းသူ၊ကျောင်းသားများမှာ သွားလာရခက်ခဲနေတယ်လို့သိရပါတယ်။ ဒါ့အပြင် အိမ်သာတွေကိုပါ ရေနစ်မြုပ်တဲ့အတွက် ကျန်းမာရေးအတွက် စိုးရိမ်နေကြတယ်လို့ ကျေးရွာဥက္ကဌက ပြောပါတယ်။

မိုခါဆိုင်ကလုန်း မုန်တိုင်းအပြီးကစပြီး ရခိုင်ပြည်တွင်း မုန်တိုင်းဒဏ်သင့်မြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် ULA/AAရဲ့ ဆေးဝန်ထမ်းတွေ လူမျိုးဘာသာမခွဲခြားပဲ အဆက်မပြတ်ဆေးကုသပေးလို့ရှိနေပါတယ်။

ဇွန်လ ၂၄နေ့က စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ရခိုင်ပြည် စစ်တွေမြို့၊ ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦးနဲ့ ရသေ့တောင်စတဲ့မြို့တွေကို ရောက်ရှိသော်လည်း တစုံတရားထူးခြားမှုမရှိခဲ့ဘူးလို့ ဒေသခံတွေက ဝေဖန်ပြောဆိုကြပါတယ်။

ဇွန်လ ၁၇နေ့အတွက်သတင်းစုစည်းမှု

မွန်ပြည်နယ်၊ ကျိုင်းတုံမြို့နယ်မှာ စစ်ကောင်စီအမြောက်တပ် လက်နက်ကြီးများပစ်ခတ်မှုကြောင့် ကလေးမိခင်တစ်ဦးသေဆုံးပြီး ကလေး၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

မေလ ၁၄ရက်နေ့က တိုက်ခိုက်တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် မြေပုံမြို့နယ် ကျေးရွာအချို့မှာရက္ခိုင့်တပ်တော် ULA/AA က အမိုးအကာတွေနဲ့ စားနပ်ရိက္ခာတွေကို ဆက်လက်ထောက်ပံ့လျက်ရှိနေတယ်လို့သိရပါတယ်။

ဇွန်လ ၁၆ရက်နေ့အတွက် သတင်းစုစည်းမှု

ရခိုင်ပြည် စစ်တွေမြို့ ဆတ်ရိုးကျတံတားအောက် အနီးမှာ တပ်စွဲထားတဲ့စစ်ကောင်စီ နေဗီတစ်စီးဟာ ပေါက်တောမြို့နယ်တွေမှ လာရောက်အိမ်ဆောက်ပစ္စည်းများဝယ်တဲ့ခရီးသည်တွေကို သံဖြူ(သွပ်)၊ တာပေါ်လင်၊ သံမှို၊ ဓာတ်ဆီ၊ ဘီလပ်မြေစတဲ့ ပစ္စည်းများကိုမဝယ်ယူရန် တားမြစ်ခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည်က ပွဲစားများက ပြည်သူတွေကို တရုတ်နိုင်ငံနဲ့ ရှမ်းပြည်နယ် မိုင်းလားမြို့ အထူးဒေသ (၄)သို့ ပို့ပေးမယ်လို့ဆိုကာ လိမ်လည် ခေါ်ယူပြီး အဆက်သွယ်ပြတ်တောက်ကာ စွန့်ပစ်ထားခဲ့တယ်လိုသိရပါတယ်။

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် မင်းဇီချောင်းမှာ ဇွန်လ ၁၆ရက် ညနေ ၃နာရီကျော်အချိန်က လယ်ထွန်နေတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရလို့ သေဆုံးခဲ့တယ်လို့သိရပါတယ်။

ဇွန်လ ၁၅ရက်နေ့အတွက်သတင်းစုစည်းမှု

ရခိုင်ပြည် ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွာ မှာ ဇွန်လ ၁၃ရက်နေ့ နံနက် ၉နာရီအချိန်က ဒေါ်သန်းနုခင် နေအိမ် မီးလောင်ကျွမ်းသွားကာ ကျပ်သိန်း ၇၀ဆယ်ကျော်ခန့် ဆုံးရှူံးသွားခဲ့ရပါတယ်။

ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ပြည်သူ ၉ဦးကို ဇွန်လ ၁၃ရက်နေ့က ၁၈ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလိုမရောက်ရှိခဲ့ဘူးလို့ သိရပါတယ်။

ရခိုင်ပြည် ဂွမြို့ရဲ့ ကျေးလက်ဦးစီးဌာနရုံးအနောက်မှာ ဂွမြို့ မြို့မရပ်ကွက်အလယ်မှာနေထိုင်တဲ့ အသက် ၅၇အရွယ် ဦးကျော်လင်းရေနစ်သေဆုံးသွားခဲ့ပါတယ်။

ဇွန်လ ၁၄ရက်နေ့အတွက် သတင်းစုစည်းမှု

ရခိုင်ပြည် ကျောက်တော်မြို့နယ် စစ်ဘေးရှောင်စခန်းအများစုမှာ မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားခဲ့ရတဲ့အဆောင်တွေကို မိုးရာသီမရောက်မီ ပြန်လည်ပြုပြင်ရန် သစ်၊ ဝါးအကူညီတွေလိုအပ်နေတဲ့လို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။

ရခိုင်ပြည် ရသေ့တောင်မြို့နယ် သောင်းဒရားရွာရဲ့ ချောင်းအနီးမှာ ကျောက်ချရပ်ထားတဲ့ စစ်ကောင်စီရဲ့ နေဗီက ခရီးသွားဒေသခံတွေဆီက ငွေညှစ်တောင်းယူမှုတွေရှိခဲ့တယ်လို့သိရပါတယ်။

ALPက မေလ ၃ရက်နေ့က ဖမ်းဆီးထားတဲ့ ရခိုင်ပြည် ပေါက်တောမြို့နယ် ငွေတွင်းတည်ကျေးရွာက ကလေး၂ဦးရဲ့မိခင် အသက် ၃၀အရွယ် မသန်းသန်းဌေးကို ၁လကျော်ကြာလာသည့်တိုင် မိသားစုနှင့် တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။

မသန်းသန်းဌေးဟာ စစ်တွေမှာ ကျဗန်းမေ့ကျအလုပ်လုပ်ပြီး မိသားစုကို ရှာဖွေကျွေးမွေးနေသူ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် မိုင်းလား-ကျိုင်းခမ်းကြား ကြံခင်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ ရခိုင်သား ၁၆ဦးသည် သူဌေးထံမှ လုပ်အားကြေး တောင်းချိန် ဘာသာစကားမကျမ်းကျင်သည့်အတွက်ကြောင့် နားလည်မှုလွဲပြီး စကားများခဲ့ကြကာ ၎င်းတို့မှာအလုပ်လက်မဲ့ဖြစ်ခဲ့ကြပြီး နေထိုင်ရာ အခက်အခဲ ဖြစ်နေကြရတယ်လို့ သိရပါတယ်။

ဇွန်လ ၁၃ရက်နေ့အတွက် သတင်းစုစည်းမှု

ရခိုင်ပြည် မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းရွာမှ မောင်ကိုဉာဏ်ထွန်းမှာ မြေပုံမြို့လမ်းမကြီးတွင် ကားကိုရှောင်ရာမှ ဆိုင်ကယ်မှောက်သွားပြီး ထိခိုက်ဒဏ်ရာရသွား​ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် မြိုလူမျိုးများနေထိုင်တဲ့ ပြိုင်းတောကျေးရွာမှာ မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားခဲ့ရတဲ့ နေအိမ်များနှင့်အတူ ဥယာဉ်များကိုပါ ပြန်လည်ပြုပြင်ရန်အကူညီတွေလိုအပ်နေပါတယ်။

ရခိုင်ပြည် မြေပုံမြို့နယ် င/မန်းရဲကျွန်းဒေသတွေမှာ မေလ၁၄ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် စုဆောင်းထားကြတဲ့ မျိုးစပါးများ ပျက်စီးသွားပြီး မျိုးစပါးမှာ ယခင်နှစ်ထက်ဈေးတက်ကာ ဝယ်ယူရန် အခက်အခဲ ဖြစ်နေကြတယ်လို့ တောင်သူများက ပြောကြပါတယ်။

ဇွန်လ ၁၂နေ့အတွက် သတင်းစုစည်းမှု

ရခိုင်ပြည်မှာ မေလ ၁၄ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ပြည်သူများ စားဝတ်နေရေးအခက်ခဲများကို ခံနေကြရတဲ့အတွက် နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်သူများလာတယ်လို့သိရပါတယ်။

ရခိုင်ပြည်၊ စစ်တွေမြို့ မကျဉ်းမြိုင်ရပ်ကွက် ၆မှာ မြို့နယ်စည်ပင်က ကွန်ကရစ်လမ်းခင်းပြီး ရေမြောင်းများ မဖောက်ပေးခဲ့တဲ့အတွက်ကြောင့် ယခုလိုမိုးရာသီအတွင်း ရေများပိတ်ဆို့ကာ ရပ်ကွက်တွင်နေထိုင်သူများ အခက်ကြုံနေကြရပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်