Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်း အနှစ်ချုပ် Weekly News Collections

အပတ်စဥ်သတင်း အနှစ်ချုပ် Weekly News Collections

ABN-ကိုဟိန်းထွန်း

မေလ ၇ ရက်နေ့အတွက် သတင်းများစုစည်းမှု

မေလ ၇ရက်နေ့ ည ၁၂ နာရီခွဲက ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်းရှိ ကြိမ်နီပြင် မူဆလင် ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် လူနေအိမ် ၄၃၀ ကျော် မီးလောင်ပြာကျသွားခဲ့ပါတယ်။

မေလ ၃ရက်နေ့ နေ့လယ်အချိန်က ပေါက်တောမြို့နယ် ငွေတွင်းတည်ကျေးရွာကအသက် ၃၀အရွယ် သား ၂ယောက်ရဲ့မိခင်တစ်ဦးဖြစ်သူမသန်းသန်းဌေးကို ALPတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ပါတယ်။

မိုချာမုန်တိုင်းဟာ မေလ ၁၀ ရက်နေ့က ၁၃ ရက်နေ့အတွင်းတိုက်ခတ်လာနိုင်ခြေရှိတဲ့အတွက်ကြောင့် ပင်လယ် မြစ်ချောင်းများမှာ လုပ်ကိုင်သူတွေကို ထိုနေ့တွေမှာ အလုပ်ရပ်နားထားကြဖို့ ULA/AAက မေလ ၇ ရက်နေ့ ၁၀ နာရီခွဲက ထုတ်ပြန်အသိပေးခဲ့ပါတယ်။

ရခိုင်ကမ်းရိုးဒေသနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွင်းမှာတစ်နာရီကို ၁၁၅ မိုင်နှုန်းနဲ့ မေလ ၁၃ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခိုက်နိုင်တယ်လို့ မိုးဇလက မေလ၇ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၇ ရက်နေ့က ကျောက်ဖြူမြို့မှာ AA နှင့်ဆက်စပ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ ( ၁ ) နဲ့တရားစွဲဆိုခံထားရသူအားလုံးကို ၂၁ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့ရာ စကစဘက်က တရားလိုလာရောက်ခဲ့တယ်လို့သိရပါတယ်။

မေလ ၆ ရက်နေ့အတွက်သတင်းများစုစည်းမှု

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ်မှာ ကသည်းလူမျိုးတွေနဲ့တောင်တန်းသားလူနည်းစုတွေကြား လူမျိုးရေတင်းမာလာခဲ့တဲ့အတွက် အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ရာ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိတဲ့သူတွေကိုတရားဝင်အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် အသက်ပေါင်းများစွာ ဆုံးရှူံးခဲ့ရတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် N.Biren Singh က မေလ ၆ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းမပေါ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF မတူပီလင်းယုန်တပ်ရင်းဟာ မေလ ၅ ရက်နေ့က အထူးစစ်ဆင်ရေးနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် DSA ကျောင်းဆင်း ဗိုလ်မှူးကြီး စိုးမင်းလင်းအပါအဝင် တပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မေလ ၆ ရက်နေ့ မွန်းလွဲ ၁၁ နာရီမှာ စစ်တွေမြို့ သက္ကေပြင် ကျေးရွာက မုန့်ခြောက်ဆိုင်နဲ့ အရက် ၇ပုလင်းရောင်းနေတဲ့ အဘွားအို ၁ ယောက်ကို မြိန်စီရဲစခန်းက အရပ်ဝတ်နဲ့တပ်သား ၄ ဦးက ပိုက်ဆံ ၄သိန်းတောင်းမရခဲ့တဲ့အတွက်ကြောင့် သူတို့စခန်းကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

မေလ ၇ ရက်နေ့ က စတင်မယ့်လေဖိအားနည်းရပ်ဝန်းဟာ မေလ ၈ ရက်မှာ ပိုမ်ိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်ကိုရောက်ရှိလာပြီးဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေရှိတဲ့အတွက်ကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာနေထိုင်တဲ့ ပြည်သူတွေကို ကြိုတင်ပြင်စေချင်တဲ့အတွက်ကြောင့် မေလ ၆ရက်နေ့က သတိပေးထားခဲ့ပါတယ်။

မေလ ၅ ရက်နေ့က တောင်ကုတ်မြို့နယ် ကမ်းဒေးရွာသစ်ကေချောင်းတစ်ဖက်ရှိခြုံပုတ်အောက်မှာ ခေါင်းနဲ့လည်ပင်းမှာ ဒဏ်ရရှိထားခဲ့တဲ့ ဦးသိန်းဟန်ရဲ့အလောင်းကို တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောခဲ့တယ်။

မေလ ၅ ရက်နေ့အတွက်သတင်းများစုစည်းမှု

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖရုံချောင်းရွာနဲ့ ငှက်ပျောချောင်းရွာတွင်းတပ်စွဲနေထိုင်တဲ့ စကစ တပ်မ ၂၂ က တပ်သား ၄ ယောက်ဟာ မေလ ၅ရက်နေ့မှာ ထွက်ပြေးခဲ့တဲ့အတွက်ကြောင့် အနီးရှိ ကျေးရွာတွေက ရွာသားတွေကို အတင်းအဓမ္မ စကစကနှင်ထုတ်ခဲ့ပါတယ်။

မေလ ၄ရက်နေ့မှာ မောင်တောမြို့ အမှတ်၄ ရပ်ကွက်ရဲ့ဝက်သတ်ကုန်းရှိ စကစရဲကင်းစခန်း ၁ ခုက ရပ်ကွက်သား ၁ဦးကို အုပ်စုဖွဲ့ရိုက်နက်ခဲ့တဲ့အတွက်ကြောင့် မျက်နှာမှာ ဖူးရောင်သွားခဲ့ပါတယ်။

မေလ ၆ ရက်နေ့က ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ဆိုင်ကလုန်းမုန်တိုင်းဟာ ၄၈နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်ခဲ့တဲ့အတွက် မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ IMD က ထုတ်ပြန်ခဲ့ပါတယ်။

AA နဲ့ဆက်စပ်တယ်လို့ မတရားအသင်းဆက်သွယ်မှုပုဒ်မ ( ၁၇) ၁ နဲ့စစ်တွေထောင်မှာ အကျဥ်းကျနေတဲ့ ရသေ့တောင်မြို့နယ် သံချောင်းရွာက ကိုဝေယံစိုးနဲ့ ကျောက်တော်မြို့ရှိ မြို့သစ်ရပ်ကွက်က မောင်မောင်ချေတို့ဟာ မေလ ၅ ရက်နေ့က ချုပ်ရက်စေ့လို့ လွတ်လာခဲ့ပါတယ်၊၊

ကျောက်တော်မြို့နယ်ရှိ ခေါင်းတုတ် မူဆလင်ရွာမှာ မေလ ၅ ရက်နေ့ နံနက် ၉ နာရီ ကျော်လောက်က မီးလောင်ခဲ့တဲ့အတွက်ကြောင့် နေအိမ် ၄ လုံးဟာ မီးလောင်ပြာကျခဲ့ပါတယ်။

၂၀၂၃ ခုနှစ် မေလအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅၀ နီးပါးကို ထိုင်းနိုင်ငံ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ မေလ ၅ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

တောင်ကုတ်မြို့ နယ်ချောင်းကောက်ရပ်ကွက် ရေလယ်ကျွန်းမှာ အသက် ၃နှစ်အရွယ်မောင်မျိုးဟိန်းဟာ မေလ ၄ရက်နေ့က အိမ်ကပျောက်သွားခဲ့ပြီး မေလ ၆ ရက်နေ့ ရေလယ်ကျွန်းချောင်းဝမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

မေလ ၅ ရက်နေ့က မြောက်ဦးရှိ ဗန္ဓုလ တံတားအောက်မှာ အမည်မသိတဲ့လူသေအလောင်း ၁ လောင်းတွေ့ရှိခဲ့တယ်လို့ မြောက်ဦးဒေသခံ ကိုခိုင်မင်းသျှင်ဆီက သိရပါတယ်။

မေလ ၄ ရက်နေ့အတွက်သတင်းများစုစည်းမှု

မေလ ၃ရက်နေ့က မောင်တောမြို့နယ် ဝက်ကျိန်းရွာမှာ စစ်ကျန်ဗုံးသီးတစ်လုံးပေါက်ကွဲခဲ့တဲ့အတွက်ကြောင့် အသက် ၃နှစ်အရွယ် မောင်ပိုင်ဝေ သေဆုံးခဲ့ပါတယ်။

မတ်လ ၁၁ရက်နေ့က စစ်တွေမြို့ မောလိပ်ထ(ခွဲ)ကျောင်း၊ Grade11မှာ ပညာသင်ယူနေတဲ့ ကျောင်းသားတစ်ဦးကို ALPအဖွဲ့ဝင် ၇ဦးကလာရောက်ဖမ်းဆီးပြီး ၁၈ ရက်ကြာအောင် ချုပ်နှောင်ထားခဲ့တဲ့အတွက်ကြောင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကန့်ကွက်ရှုပ်ချတယ်လို့ မေလ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်တွေမြို့ရှိ ဗန္ဓုလခွဆုံမှာ စကစ ထောက်ပို့ကားနဲ့ ဆိုင်ကယ်တို့တိုက်မိခဲ့ပြီး ဆိုင်ကယ် ၃ ပိုင်းကျိုးသွားကာ ၁၁ တန်းကျောင်းသား လူငယ်ပါသေဆုံးခဲ့တာကို စကစက နှုတ်ပိတ်ထားခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ် ဝမျှော်လမ်းကွေ့မှာ မေလ ၄ရက်နေ့က ရမ်းဗြဲမြို့ဘက်ကလာတဲ့ ဆိုင်ကယ်နဲ့ ကျောက်ဖြူမြို့ဘက်မှလာတဲ့သုံးဘီး တို့မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြတဲ့အတွက်ကြောင့် လိပ်တင်ရွာက ဦးမောင်မောင်ချေဟာ ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ် မေလအတွင်း မျိုးဗီဇကွဲ ကိုဗစ် ကူးစက်ခံရသူ အတည်ပြုလူနာသစ် တစ်ရက်မှာ ၈၀ နီးပါအထိ တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မေလ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကျောက်တော်မြို့နယ်ရှိ ဝါးတောင် စစ်ဘေးရှောင်စခန်းဟာ တောင်မင်းကုလားရွာ အနီးရှိ​ လယ်မြေဆီကို နေရာ ပြောင်းရွှေ့ခဲ့တဲ့​အတွက်ကြောင့်လူနေအိမ်တွေ ပြန်လည်ဆောက်လုပ်ရန်နဲ့ စားနပ်ရိက္ခာ အရေးပေါ်အကူအညီများ လိုအပ်နေတယ်လို့ စခန်းတာဝန်ခံက မေလ ၄ရက်နေ့က ပြောဆိုခဲ့ပါတယ်။

မေလ ၄ရက်နေ့က ဆားဗီး​ယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ရှိ စာသင်ကျောင်းတစ်ခုမှာ ဆယ်ကျော်သက်အရွယ် ကျောင်းသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီးလူ ၉ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရအရာရှိတွေကပြောဆိုခဲ့ပါတယ်။

ကျောက်တော်မြို့နယ် တရားရုံးတွင် ၁၇ (၁) ဖြင့် တရားစွဲခံထားရတဲ့ ၉ ဦး ကို မေလ ၄ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့ရာကိုမောင်သန်းဌေး၊ ကိုမောင်ထွန်းလှိုင်၊ ဦးသန်းစိုး၊ မောင်မျိုးကိုနဲ့ကျော်မောင်လင်းတို့မှာ တရားလိုလာရောက်ခဲ့တဲ့အတွက် စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ မှာရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ နေအိမ်ကို ယူကရိန်းက အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားတာဝန်ရှိသူတွေက မေလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၃ ရက်နေ့အတွက် သတင်းများစုစည်းမှု

ကဆုန်လပြည့်နေ့မှာ စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၅၀၅ (က)နဲ့ ထောင်ချခံထားရသူ ၂၁၅၃ ဦးကို လွှတ်ပေးခဲ့ပေမယ့်လည်း ရခိုင်မှ အကျဥ်းကျသူတွေတစ်ဦးမှ မပါဘူးလို့ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဥက္ကဌ ဦးမြတ်ထွန်းက မေလ ၃ ရက်နေ့ကပြောခဲ့ပါတယ်၊

ဆူဒန် နိုင်ငံမှာ စစ်တပ်နဲ့ အရံတပ်ဖွဲ့တို့ အကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက်ကြောင့် ၇ ရက်ကြာတဲ့အထိ အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်သဘောတူ ထားကြတယ်လို့ တောင်ဆူဒန်အစိုးရက မေလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်က စလို့ ဒီနေ့အချိန်ထိ သတင်းဌာနများနဲ့ သတင်းထောက်များမှာ အကန့်အသတ်၊ ခြိမ်းခြောက်မှုတွေ ကြားက သတင်းရေးသားနေရကာ သတင်းထောက် ၁၅၀ ကျော်ကို ဖမ်းဆီးထောင်ချခဲ့ပြီး၊ ၄ ဦးမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။

အင်္ဂါနေ့ကတရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်ဟာ တရုတ်-မြန်မာ နယ်စပ်ကိုရောက်ရှိခဲ့ပြီး မြန်မာနဲ့ နယ်နမိတ်တလျှောက် တည်ငြိမ်မှုရှိရေးနဲ့ နယ်စပ်ဖြတ်ကျော်သူ ရာဇဝတ်မှုများကို နှိမ်နင်းရန် မေ လ ၃ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

မေ ၃ ရက် နေ့က ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ Chiang Saen မြို့မှာ မြန်မာနိုင်ငံက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၂၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ရာဇတ်သတ်ကြီး ပုဒ်မ ၅၀၅ ( က ) နဲ့ ပြစ်ဒဏ်ကျနေတဲ့ အကျဥ်းသားတွေကို ကဆုန်လပြည့်နေ့မှာ လွတ်ငြိမ်းခွင့်ပေးမယ်လို့ စကစက မေလ ၃ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။

ပေါက်တောမြို့နယ် ဖဒူရွာက စိတ်‌ဝေဒရှင်အမျိုးသမီး ဒေါ်ခင်ဝင်းဆန်ကို မေလ ၂ရက်နေ့က စစ်တွေမြို့နယ် ‌ရွှေမင်းဂံရွာနားမှာ အမျိုးသား ၃ဦးက အုပ်စုဖွဲ့မုဒိန်းကျင့်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ကျောက်တော်မြို့နယ်တရားရုံးမှာ မေလ ၃ ရက်နေ့က အပြီးသတ်အမိန့်ချရန်သာကျန်တော့တဲ့ လူထုဇော်ဝင်းအပါဝင် ဒေသခံ ၃ဦးကို အပြီးသတ်အမိန့်မချဘဲ အကြောင်းမျိုးမျိုးပြပြီး ရုံးချိန်းကိုရွှေ့ဆိုင်းခဲ့ပါတယ်။

မေလ ၂ ရက်နေ့အတွက် သတင်းများစုစည်းမှု

ချင်းပြည်နယ် ပလက်ဝမြို့ပေါ်ရှိပလုတ်တောင်ရပ်ကွက်တစ်ခုတည်းကို စကစတပ်က ညမထွက်ရ အမိန့် ဧပြီလ ၂၉ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှာ မြန်မာရွေ့ပြောင်းလုပ်သား ၅၄ ဦးဟာ ဧပြီလ ၃၀ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

မေ လ၂ရက်နေ့က ဂွမြို့နယ် ရဟိုင်းကွင်းရွာရဲ့ ရွှေနန်းခိုင်ဘုရားမှာနေထိုင်တဲ့သက်တော် ၈၅ နှစ်အရွယ် ရဟန်းတပါး ဖြစ်တဲ့ဦးကဝိန္ဒကို လူ ၁ ဦးက ဓားဖြင့် ခုတ်ခဲ့ပြီး ဖုန်းနဲ့ ပိုက်ဆံကိုလုယူသွားခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်ကပြောခဲ့ပါတယ်။

ကရင်ပြည်နယ်၊ ကော်သူလေးနယ်မြေမှာ ၃ လအတွင်း စကစကဘက်မှ လူ့အခွင့်အရေးချိုးဖောက် ကျုးလွန်းခဲ့တဲ့ အကြိမ်ပေါင်း ၆၀၀ ကျော်မှာ အရပ်သား သေဆုံးသူ ၄၀ ဦးရှိခဲ့တယ်လို့ KNU က မေလ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

၃၂ ကြိမ်မြောက်ကျင်းပမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ အရှေ့တောင်အာရှ SEA Games အားကစားပြိုင်ပွဲတွေမှာ ရခိုင်က မြန်မာ့လက်ရွေးစင် အားကစားသမားတွေလည်ပါဝင်ယှဥ်ပြိုင်သွားမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မဲဆောက်-အုံးဖျန် ကားလမ်းမပေါ်တွင် ဆိုင်ကယ်စီးလာတဲ့ မြန်မာနိုင်ငံသား ၂ဦးမှာ သေနတ်ပါလာခဲ့တဲ့အတွက်ကြောင့် မေလ ၁ ရက်နေ့ဖမ်းဆီး ထိုင်းအာဏာပိုက်တွေက ဖမ်းဆီးပြီး အမှုဖွင့်ခဲ့ပါတယ်။

လာမယ့် မေလ ၁၂ရက်နေ့မှာ ရခိုင်ကမ်းရိုးတန်း ဒေသဖြစ်တဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့ကြား (19.93°N, 93.34°E) အားနဲ့ မုန်တိုင်းကဝင်ရောက် ကျော်ဖြတ်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒသတင်းမေလ ၂ရက်နေ့ကဖော်ပြခဲ့ပါတယ်။

ကိုဗစ်အတည်ပြုလူ နာသစ် ၁၀၆ ယောက်ကို မေလ ၁ ရက်နေ့ ည ၈ နာရီမှာ ထပ်မံတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနကထုတ်ပြန်ခဲ့ပါတယ်။

မေလ ၁ ရက်နေ့အတွက် သတင်းများစုစည်းမှု

မေလ ၁ ရက်နေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက နေရာ ၂ခု၌ စုပေါင်းချီတက်ကာ ထိုင်းအစိုးရအား တနေ့ လုပ်အားခ ဘတ်ငွေ ၇၁၅ ဘတ်အပါအဝင် အချက် ၃ ချက်ကို တောင်းဆို ဆန္ဒပြခဲ့မှု KhaoSod ထိုင်းသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် ရခိုင်တွင် သစ်ပင် ၁၀၀၀ကို မျိုးစေ့ချ ပျိုးထောင်ပြီး ငှက်အိမ်ငယ် ၁၀၀ကိုလည်းချိတ်ဆွဲထားခဲ့တယ်လို့ သိရပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်