Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းအနှစ်ချုပ်စုစည်းမှု Weekly News

အပတ်စဥ်သတင်းအနှစ်ချုပ်စုစည်းမှု Weekly News

(ဇွန်၂၆ မှဇူလိုင်၂ ရက်နေ့ထိ)

ABN-ကိုဟိန်းထွန်း

ဇူလိုင် ၃ ရက်

ဇူလိုင်လ ၂ ရက်နေ့အတွက်သတင်းများစုစည်းမှု

ဇူလိုင်လ ၂ ရက်နေ့ ည ၈ နာရီလောက်မှာ မင်းပြားဖက်က လာတဲ့ စစ်ကား ၆၅ စီးဟာ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီရဲ့ ၅၅၀ တပ်ရင်းအနီးမှာ ခဏရပ်နားခဲ့ပြီး စစ်တွေဖက်ကိုထွက်ခွာသွားခဲ့တယ်သိရပါတယ်။

စစ်တွေတက္ကသိုလ် အနီးမှာ ALP ဥက္ကဋ္ဌအပါအဝင် တပ်ဖွဲ့ဝင်တို့သေဆုံးသွားခဲ့တာနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA က လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ ALP ကစွပ်စွဲချက်ထုတ်ပြန်ခဲ့သော်လည်းပဲ အခြေအမြစ်မရှိတဲ့စွပ်စွဲချက်ဖြစ်တယ်လို့ ULA/AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဇူလိုင်လ ၂ ရက်နေ့မှာ တုန့်ပြန်ခဲ့ပါတယ်။

ဇူလိုင်လ ၁ရက်နေ့အတွက်သတင်းများစုစည်းမှု

ဇွန်လ ၃၀ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ကျော်ဇေယျာရပ်ကွက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခေတ်ခဲ့တဲ့အတွက်ကြောင့် လူ ၄ ယောက်သေဆုံးသွားခဲ့ပါတယ်။

ဇွန်လ ၁ ရက် နေ့လည် ၁၂ ရီ ကျော်လောက်က စစ်တွေတက္ကသိုလ်အနီးမှာ အမည်မသိတဲ့သေနတ်သမားတွေ ပစ်ခတ်ခဲ့တဲ့အတွက် ရခိုင်ပြည် လွတ်မြောက်ရေးပါတီက ဒုဥက္ကဌ ခိုင်နီရောင်၊ တပ်ရင်းမှူးခိုင်ကျော်မင်းနဲ့ ယာဥ်မောင်း ခိုင်ကျော်နိုင်တို့ ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ တပ်သားအဆင့် ၃ ယောက်အရေးပေါ်ဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံတင် ဆေးကုသနေစဥ်မှာ နောက်ထပ် ၂ ဦးသေဆုံးခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။

ပြင်သစ်မှာ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်ကို ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခေတ်ခဲ့ရာကစပြီး ဆန္ဒပြပွဲတွေကတဆင့် နိုင်ငံတစ်ဝန်း အဓိကရုဏ်း ပြန့်နှံ့လာခဲ့ကာ ဇွန်လ ၂၉ ရက်နေ့ ညအချိန်မှာ ဆန္ဒပြသူ ၆၆၇ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့တယ်လို့ အာဏာပိုင်တွေကပြောခဲ့ပါတယ်။

ဇွန်လ ၃၀ ရက်နေ့အတွက်သတင်းများစုစည်းမှု

ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းရွာမှာ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက သရက်ပင်အောက်တွင် ပွင့်နေတဲ့ဂေါင်းနီမှိုကို ချက်ပြုတ်စားသောက်ခဲ့ရာ သားမိ ၃ ယောက် အစာဆိပ်သင့် အော့အံမိခဲ့ပြီး အလယ်ချောင်းတိုက်နယ်ဆေးရုံသို့ အရေးပေါ်တင်လိုက်ရပါတယ်။

မက္ကဆီကိုနိုင်ငံမှာ နေပူချိန်ပြင်းထန်ခဲ့တဲဲ့အတွက်ကြောင့် လူဦးရေ ၁၀၀ ကျော်သေဆုံးသွားခဲ့ပြီး အရေးပေါ်အခြေအနေရောက်ရှိနေတဲ့ဦးရေ ၁၀၀၀ ကျော်ရှိနေပါတယ်။

ကြာသပတေးနေ့မှာ တောင်ကိုးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ Yeongja မြို့မှာ မိုးသည်းထန်ခဲ့ပြီး မြေပြိုကျခဲ့ရာ အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ယောက်သေဆုံးသွားခဲ့ကာ ရာနဲ့ချီတဲ့လူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့တယ်လို့ အာဏာပိုင်တွေက ဇွန်လ ၃၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှာကျရောက်တဲ့ မူဆလင်ဘာသာဝင်တွေရဲ့ ကုရ်ဘာနီအီးဒ်နေ့အခမ်းအနားမှာ ရက္ခိုင့်တပ်တော် ULA/AA ရဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး ဆန်နဲ့ အလှူငွေပစ္စည်းတွေကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၄ ရက်နေ့က ဖျက်အားပြင်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက်ကြောင့် လယ်ယာမြေ၊ ဆည်မြောင်းတာတမံတွေကို ဆားငံရေတွေဖုံးလွှမ်းသွားခဲ့ကာ မိုးရာသီမှာ မျိုးစပါး၊ ဓာတ်မြေသြဇာ နဲ့ စက်သုံးဆီတို့ မြင့်တက်လာတဲ့အတွက် တောင်သူလယ်သမားတွေ အခက်အခက်တွေနဲ့ ရင်ဆိုင်လာနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသ၊ ငတရော်ကျေးရွာမှာ စစ်ကောင်စီက ဒရုန်းတွေနဲ့ပစ်ချတဲ့ အီနာဂါဗုံးသီးကျပြီး အသက် ၃၆နှစ်အရွယ် အမျိုးသမီး ၁ ယောက်သေဆုံးခဲ့ပါတယ်။

မင်းပြားမြို့နယ် မင်းဘာကြီးရပ်ကွက်က ဓာတ်လိုက်ပြီးသေဆုံးသွားခဲ့တဲ့လမ်းတွင် ယာဥ်မတော်တဆ ဖြစ်ပွားပြီးဒဏ်ရာအပြင်းထန်းရရှိခဲ့တဲ့ ဦးအထွန်းရဲ့ ညီဖြစ်သူ အသက် ၄၃အရွယ် ဦးသိန်းနုအောင်မှာ နေပြည်တော်မှာ အရေးပေါ်ဆေးကုသမှုခံယူရင်း ဇွန် ၂၉နေ့က သေဆုံးသွားခဲ့ပါတယ်။

ဇွန်လ ၂၉ ရက်နေ့အတွက်သတင်းများစုစည်းမှု

မြန်မာနိုင်ငံအမှန်တရားနဲ့ တရားမျှတသောအမျိုးသားပါတီ(MNTJP) တည်ထောင်ခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို PSLF/TNLAနှင့် ULA/AA တို့ က ဇွန်လ ၂၉ရက်နေ့မှာ ဂုဏ်ပြုသဝဏ်လွှာပို့ခဲ့ပါတယ်။

ALP တပ်ဖွဲ့ဝင် ၂၀ ယောက်ဟာ ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းလောက်က စစ်တွေမြို့စက်ရုံစု အကွက် ၂ ထဲတွင် သေနတ်ပစ်ဖောက်ပြီး ရပ်ကွက်သား အချို့ကိုလည်း ဖမ်းဆီးခဲ့ပြီးတော့ ရွာသားအချို့ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဇွန်လ ၂၈ ရက်နေ့အတွက်သတင်းများစုစည်းမှု

လူသားတွေဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ မြေအောက်ရေကို အဆက်မပြတ်အလွန်အကျွံထုတ်ယူသုံးစွဲခဲ့တဲ့အတွက်ကြောင့် ကမ္ဘာကြီးတိမ်းစောင်းတာကိုဖြစ်တဲ့အပြင် ကမ္ဘာကြီးကိုလည်ပတ်စေတဲ့ ဝင်ရိုးကို ရွေ့လျားသွားစေခဲ့ကာ တစ်နှစ်လျှင် ၁.၇ လက်မ ၄.၃ စင်တီမီတာနှုန်းနဲ့ အရှေ့ဖက်သို့ရွေ့လျားသွားနေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြထားပါတယ်။

ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ညောင်ကုန်းရွာနဲ့ ချင်ပြင်ကျေးရွာကို စစ်ကောင်စီက အကြောင်းမဲ့ ဗုံး ၅ လုံးကြဲချခဲ့တဲ့အတွက်​ ကျေးရွာအတွင်းရှိ ဘုန်းကြီး ၁ ပါးအပါအဝင် အမျိုးသား ၆ယောက်နဲ့ အမျိုးသမီ ၃ ယောက် သေဆုံးသွားခဲ့တယ် သိရပါတယ်။

ဇွန်လ ၂၇ ရက်နေ့အတွက်သတင်းများစုစည်းမှု

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ နိုင်ငံရေးပဋိပက္ခများအပါအဝင် ကပ်ဘေးဒဏ်တို့ကြုံတွေ့နေရတဲ့ အရှေ့မြောက်အာဖရိက၊ ဆိုမာလီယာကျွန်းဆွေ၊ အရှေ့အာဖရိကမှာနေထိုင်တဲ့ ပြည်သူ သန်း ၆၀ ကျော်လောက် ဒုက္ခရောက်နေရတယ်လို့ ဇွန်လ ၂၇ ရက်နေ့က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကထုတ်ပြန်ထားခဲ့ပါတယ်။

ဇွန်လ ၂၆ ရက်နေ့က ကျရောက်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ ၅ နှစ်ကျော်ကာလအတွင်းက ဖမ်းဆီးရမိခဲ့တဲ့ ကျပ်သိန်း ၉၀၀၀ မူးယစ်ဆေးဝါးတွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLA ဟာ မိဘပြည်သူတို့ရဲ့ရှေ့မှောက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၆ ရက်နေ့အတွက်သတင်းများစုစည်းမှု

ရခိုင်မှာ မုန်းတိုင်းဒဏ်သင့် ပြည်သူတို့မှာ မိုးစပါးအချိန်မှီစိုက်ပျိုးနိုင်ရန်အတွက် စစ်ကောင်စီက မျိုးစပါးတင်းပေါင်း ၇ သောင်းကျော်ကို ထောက်ပံံ့သလိုမျိုးမဟုတ်ပဲ စရိတ်ပေးချေစနစ်နဲ့ ရောင်းချသွားမယ်လို့ ရခိုင်ပြည်နယ် ပြောခွင့်ရ ဦးလှသိန်းရဲ့ ပြောကြားချက်အရသိရပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်က မော်လမြိုင်မြို့မှာ ဓာတ်လိုက်ပြီးသေဆုံးသွားခဲ့တဲ့ သားအသုဘသို့ သွားတဲ့လမ်းမှာ အသက် ၅၄ နှစ်အရွယ် ဦးအထွန်းဟာယာဥ်မတော်တဆဖြစ်ပွားခဲ့တဲ့အတွက် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ထို့အပြင် ယာဥ်တိုက်မှု ဖြစ်ပွားခဲ့စဥ်အတွင် ဒဏ်ရာရရှိခဲ့သည့် ဦးအထွန်း၏ ညီမှာလည်း သေဆုံးသွားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်