Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းအနှစ်ချုပ်

အပတ်စဥ်သတင်းအနှစ်ချုပ်

ABN- ကိုဟိန်းထွန်း

မတ်လ ၁၂ ရက်နေ့အတွက် သတင်းများစုစည်းမှု

စစ်တွေမြို့က ရေနစ်ပြီးသေဆုံးသွားခဲ့တဲ့ အမျိုးသား အလောင်းကို

မတ်လ ၉ ရက်နေ့က ဘူးသီးတောင်မြို့နယ် မှာ တွေ့ရှိခဲ့တယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက မတ်လ ၁၂ ရက်နေ့မှာပြောခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဒုတိယအဆင့်အဖြစ်သတိပေးထားတဲ့ အမြင့်ပေ ၉၇၂၁ ရှိတဲ့ မီရာပီမီးတောင်ဟာ မတ်လ ၁၁ ရက်နေ့မှာ ပေါက်ကွဲခဲ့ပြီး လေထုထဲကို ၇ ကီလိုမီတာအထိမြင့်တက်သွားခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

မြောက်ဦးမြို့ကို ရေပေးဝေနေတဲ့လက်ဆည်ကန်မှာ ရေခမ်းခြောက်လာနေပြီဖြစ်တဲ့ အတွက်ကြောင့် ၃ ရက်တစ်ကြိမ်သာ ရေပေးဝေနေရတယ်လို့ သိရှိပါတယ်။

ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး မူဆလင်ဒုက္ခသည်စခန်းတွေမှာ အသစ်ဆောက်လုပ်ထားတဲ့ နေရာတွေကို မတ်လ ၃၁ရက်နေ့ နောက်ဆုံးထားပြီးပြောင်းရွှေ့ဖို့ စစ်ကောင်စီက စီစဥ်နေပေမယ့်လည်း စခန်းနေ မူဆလင်တွေဟာ အိဒ်နေ့ပြီးမှတော့ ပြောင်းရွှေ့ဖို့ဆန္ဒရှိတယ်လို့ အုပ်ချုပ်ရေးမှူးကပြောခဲ့ပါတယ်။

မတ်လ ၁၁ရက်နေ့အတွက် သတင်းများစုစည်းမှု

PSLF/TNLA နဲ့ ULA/AA ညီနောင် မဟာမိတ်တပ်ဖွဲ့တွေဟာ (၃၄) နှစ်မြောက် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နေ့ကို မတ်လ ၁၁ ရက်နေ့မှာ ဂုဏ်ပြုသဝဏ်လွှာတွေပေးပို့ခဲ့ပါတယ်။

တစ်ခြားနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံရဲ့ ကျောင်းတံဆိပ်ပါရှိတဲ့ယူနီဖောင်း တွေကို ဝတ်ဆင်ကာ မတော်မရော် ပြုလုပ်ခဲ့ရင်ကျောင်းအုပ်ချုပ်ရေးအဖွဲ့ တွေအနေနဲ့ တရားစွဲဆိုနိုင်ခွင့်ရှိတယ်လို့ အခြေခံပညာရေး ကော်မရှင်ဌာနရဲ့ အထွေထွေ အတွင်းရေးမှူး အမ်ဖိုရာ ပီနာဆာ က ထိုင်း ပီဘီအက်စ် သတင်းဌာနသို့ ဗုဒ္ဓဟူးနေ့တွင် သတိပေးခဲ့ပါတယ်။

မတ်လ ၁၀ ရက်နေ့ သျှမ်းပြည်၊ ပလောင်မြို့နယ်မှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်စထိမှန်ခဲ့တဲ့အတွက်ကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး လူနေအိမ်တွေ ပျက်စီးသွားခဲ့ပါတယ်။

စစ်တွေမြို့နယ်၊ ဇောပူဂျာရွာမှာ စစ်ကောင်စီ စစ်တပ်နဲ့ ရဲတွေပူးပေါင်းလို့ အင်အား ၃၀ လောက်ဟာ မတ်လ ၁၁ ရက် နေ့က ရွာအဝင်အထွက် လမ်းတွေမှာ နေရာယူထားပြီး လမ်းကြောင်း ပိတ်ထားခဲ့ပါတယ်။

မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့ စစ်ဘေးရှောင်များကို စစ်ကောင်စီက မတ်လ ၁၁ ရက်နေ့မှာ နေရပ်ပြန်ခိုင်းခဲ့သော်လည်း မိုင်းအန္တရာယ်တွေကိုစိုးရိမ်တဲ့အတွက်ကြောင့် နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။

မတ်လ ၁၀ ရက်နေ့အတွက် သတင်းများစုစည်းမှု

ထိုင်းနိုင်ငံ စမူဆာခွန်ခရိုင် မဟာချိုင်မြို့က အိမ်ငှါးရမ်းနေထိုင်တဲ့ တိုက်ခန်းတစ်ခုမှာ ဧည့်စာရင်းတိုင်ကြား မှုမရှိတဲ့ မြန်မာအလုပ်သမား ၆၆ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က မတ်လ ၁၀ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

မလေးရှားမှာ ခိုလှုံခွင့်တောင်းသူတွေနဲ့ ဒုက္ခသည်တွေရဲ့ UNHCR မှတ်ပုံတင်ခြင်းနဲ့ စာရွက်စာတမ်းထုတ်ပေးမှုကို လာမယ့် ဧပြီလမှာ ရပ်တန့်ထားမယ်လို့ မတ်လ ၂ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီက မတ်လ ၆ရက်နေ့ကစလို့ ၁၀ ရက်နေ့ထိ သိမ်တောင်ရပ်ကွက် ဘောလုံးကွင်းမှာ ဆိုင်ကယ်လိုင်စင်တွေ ပြုလုပ်ပေးခဲ့ပေမယ့် လိုင်စင်လာလုပ်တဲ့ လူတွေ အနည်းငယ်ပဲ ရှိခဲ့တယ်လို့သိရပါတယ်။

စက်မှုလုပ်ငန်းသုံး လောင်စာဆီ လီတာ ၈၀၀,၀၀၀ ကိုတင်ဆောင်ထားတဲ့ Princess Empress ရေနံတင်သင်္ဘောဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း မနီလာမြို့တော် တောင်ဘက်ရှိ Mindoro ကျွန်းကမ်းလွန်မှာ နစ်မြုပ်ခဲ့တဲ့အတွက်ကြောင့် ဒေသခံလူတွေ ၄၀ လောက်နာမကျန်းဖြစ်ခဲ့တယ်လို့ အစိုးရရဲ့တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

မတ်လ ၁၀ရက်နေ့ ၁၁ နာရီ ၃၀မိနစ်လောက်က အမ်းမြို့နယ် တပ်တောင်မြို့မှာရှိတဲ့ လုတ်လမ်းကွေ့မှာ ဓာတ်ဆီဆိုင် ၁ ဆိုင်မီးလောင်ခဲ့ပါတယ်။

မတ်လ ၁၀ရက်နေ့မှာပြုလုပ်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ လက်ရှိသမ္မတ ရှီကျင့်ဖျင်ကို တတိယအကြိမ်သမ္မတအဖြစ် တာဝန်ထမ်းဆာင်ဖို့ ပါလီမန် အဖွဲ့ဝင် ၃၀၀၀ နဲ့ကိုယ်စားလှယ်တွေက ပြည်သူ့ခန်းမကြီးမှာ ရွေးချယ်ခဲ့ပါတယ်။

မတ်လ ၃ရက်နေ့ ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းက ရေဖြူကန်စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တွေကို တစ်အိမ်ထောင်စီငွေ ၆သိန်းပေးခဲ့ပြီး အတင်းအဓမ္မနေရပ်ပြန်ခိုင်းခဲ့တဲ့ ကျောက်ဆိပ်ရွာသားတွေဟာ နေစရာအိမ်မရှိဖြစ်နေတယ်လို့ မတ်လ ၁၀ရက်နေ့မှာ သိရပါတယ်။

မတ်လ ၉ ရက်နေ့အတွက် သတင်းများစုစည်းမှု

မြန်မာနိုင်ငံက မယ်ဒိုလင်နဲ့ နာမည်ကျော်ကြားခဲ့တဲ့ နိုင်ငံကျော်အဆိုတော် တွံတေးစိုးအောင်ဟာ ဦးနှောက်သွေးကြောပြတ်ပြီး မတ်လ ၉ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ အနုပညာရှင်အသိုင်းအဝန်းတွေက ပြောခဲ့တယ်။

ချင်းပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ကို အင်အားဖြည့်တင်းဖို့ လာတဲ့တပ်သားတွေဟာ CDF-Paletwaအဖွဲ့က ကိန်းကန်းကုန်းကျေးရွာနဲ့ စခီဟာကျေးရွာကြားမှာရှိတဲ့ ဗာမီးချောင်းလမ်းခုလတ် တစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဖက်က တပ်သား ၅ ယောက်သေဆုံးကာ ၁၁ ယောက်ဟာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ရွာမှာ အရက်မူးပြီး နိုင်နိုင်ချေဟာ သူရဲ့အိမ်ကိုမီးရှို့ခဲ့ရာက အိမ်နီးချင်းနောက်ထပ် ဦးခင်မောင်အိမ်၊ ဦးဘရွှေအိမ်နဲ့ ကျော်ဆန်းလှိုင်အိမ်တွေကိုပါ မီးကူးလောင်ကျွမ်းသွားခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၉ရက်နေ့ ၂နာရီ ၄၀မိနစ်က ပုဏ္ဏားကျွန်းမြို့နယ် ယာချောင်းကျေးရွာအနီးမှာ ရန်ကုန်က ရခိုင်ကို လာတဲ့ ခရီးသည်တင်ယာဥ် ၁ စီး တိမ်းမှောက်ခဲ့ပြီး လူ ၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၈ ရက်နေ့အတွက်သတင်းများစုစည်းမှု

ရခိုင်မှာ မတ်လ ၈ရက်နေ့က စလို့ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စနစ်ဟောင်း စာမေးပွဲကို ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူဦးရေ ၁၉၁၆၅ ဦးရှိခဲ့ပြီး အရင်နှစ်ကတော့ ၄၁၇၅၇ ဦးရှိခဲ့တယ်လို့သိရတယ်။

စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် မွန်ပြည်၊ သထုံမြို့နယ် ကျုံမိန်ကျေးရွာက အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး နဲ့ မိန်းကလေးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ရခိုင်ပြည်မှာရှိတဲ့ မြို့နယ် ၇ခုဟာ ၂လ ကျော်လောက်အတွင်း မီးလောင်းမှု ၈ကြိမ်ထိဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံးခဲ့ကာ ၁ ဦးက ဒဏ်ရာရခဲ့ပါတယ်။ မီးလောင်မှုအများစုမှာ လျှပ်စစ်မီးပုံမှန်မရရှိတဲ့အခါ ထင်းတွေကိုအသုံးပြုကြတာက လောင်တာဖြစ်တယ်လို့ တွေ့ရပါတယ်။

မတ်လ ၈ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဌာန၊ EPCရုံးဌာနနဲ့ ရဲတပ်ဖွဲ့တွေ ပူးပေါင်းရင်း နေ့လည် ၁နာရီ ၃၀မိနစ်ကျော်ကစလို့ ရေဖြူကန် စစ်ဘေးရှောင်စခန်းကို လာရောက်ဖြိုဖျက်ခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရွာရဲ့အနီးအနားမှာ ပိုက်ချစားနေတဲ့ ရေလုပ်သား ၁၅ ယောက်ကို ဖေဖော်ဝါရီလ ၂၃ရက်နေ့ကစလို့ ပိုက်ချခွင့်တားမြစ်ခဲ့တာကြောင့် သူတို့ရဲ့မိသားစုတွေအတွက် အခက်အခဲရှိတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အလွန်ရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းက အသည်းရောင်အသားဝါရောဂါနဲ့ ဆေးကုသမှုခံယူနေရတဲ့ အဘွားအိုတစ်ယောက်ဟာ AB သွေးအမျိုးအစားနဲ့ထောက်ပံ့ငွေ လိုအပ်နေပါတယ်။

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကာမြို့တော်ရဲ့ကူးသန်း‌ရောင်းဝယ်ရေးဆိုင်အနီး ငါးထပ်တိုက်အဆောက်အအုံတစ်ခုမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲတဲ့အတွက်ကြောင့် လူ ၁၇ ယောက် သေဆုံးသွားခဲ့ပြီး ၁၀၀ကျော်လောက်ဒဏ်ရာရခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

မတ်လ ၇ ရက်နေ့အတွက်သတင်းများစုစည်းမှု

မတ်လ ၇ရက်နေ့မှာ စစ်အင်အား ၂၅၀လောက်ပါရှိတဲ့ စစ်ကား ၇စီးဟာ ‌မြောက်ဦးတပ်ရင်းက မင်းပြားတပ်ရင်းတွေဆီ စစ်သားများကိုရွှေ့ပြောင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့မှာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆိုခံထားရတဲ့ အရပ်သား ၁၄ဦးကို ၁၂ကြိမ်မြောက် ရုံးချိန်းထုတ်ခဲ့ပေမယ့်လည်း စစ်ကောင်စီတပ်ဖက်က တရားလိုမရောက်တဲ့အတွက် ရုံးချိန်းကိုထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ အမှုရင်ဆိုင်နေရတဲ့ မိသားစုဝင်တစ်ဦးက ပြောခဲ့ပါတယ်။

မြေပုံမြို့နယ်က အဖ ဦးကျော်သန်းနဲ့ အမိ ဒေါ်မကျန်ရဲ့ သမီး မချယ်ရီသန်း ဟာ အောင်မင်္ဂလာအဝေးပြေးကားဂိတ်က တက္ကစီ အငှားစီးရင်း ရန်ကုန်မြို့ထဲကိုသွားတဲ့လမ်းမှာ ပျောက်ဆုံးသွားခဲ့တယ်လို့ အစ်မဖြစ်တဲ့ မနွယ်ရီသန်းက မတ်လ ၇ရက်နေ့မှာ ပြောခဲ့ပါတယ်။

ရခိုင်ပြည်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမယ့် အချိန်တွေမှာ ညနေ ၆ နာရီက မနက် ၆နာရီအထိ လျှပ်စစ်မီးပေးသွားမယ်လို့ EPC က မတ်လ ၃ ရက်နေ့ ထုတ်ပြန်ခဲ့ ပေမယ့်လည်း မီးပုံမှန်မရရှိဘူးလို့တွေ့ရပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ၅ဦးဖြစ်တဲ့ ဦးမောင်ထွန်းသိန်း ၊ ဦးတင်၀င်း၊ ဦးဇာနည်လင်း၊ ဦးထွန်းဝင်း နဲ့ဦးတင်ထွန်းတို့ကို တောင်ကုတ်မြို့နယ်၊ မအီရဲစခန်းကနေပြီးတော့ ဘာအကြောင်းပြချက်မှ မရှိပဲဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

မတ်လ ၆ရက်နေ့က စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊မြောက်ဘက်ခြမ်းနဲ့ ကန့်ဘလူအစပ်ရှိ ကျေးရွာများက စစ်‌ဘေးရှောင် ၅၀ကျော်ကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ ဒေသတတွင်း သတင်းများအရ သိရပါတယ်။

မတ်လ ၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်း ခဲ့တဲ့အတွက်ကြောင့် မြေပြိုကျပြီး လူ ၁၅ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးနေတဲ့ ၄၂ ဦးကိုကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွယ်နေကြောင်း အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

မတ်လ ၆ရက်နေ့အတွက် သတင်းများစုစည်းမှု

ကျောက်တော် ရထားဘူတာ စစ်ရှောင်စခန်း၊ မဟာမုနိစစ်ရှောင်စခန်း နဲ့ ညောင်ချောင်းစစ်ရှောင်စခန်းတို့မှာ ဆန် ရိက္ခာအထောက်အပံ့ မရတာ၃ လရှိနေပြီလို့ စခန်းတာဝန်ခံက မတ်လ ၆ ရက်နေ့မှာ ပြောခဲ့ပါတယ်။

အသက်၃၈ နှစ်အရွယ် ဦးအောင်မျိုးဆန်းဆိုတဲ့ လူသေအလောင်း ၁ လောင်းကို စစ်တွေမြို့ ရွာကြီးမြောက်စျေး ဆိုင်ခန်းတစ်ခုမှာ မတ်လ ၆ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။

မတ်လ ၆ရက်နေ့က မင်းပြားမြို့ ဥက္ကာပျံ ရပ်ကွက်မှာ ၁၁နာရီ ၃၁မိနစ်အချိန်လောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် နေအိမ် ၄ လုံးကို မီးလောင်သွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အလယ်လျှိုကျေးရွာမှာ စစ်ကျန်လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်ကျော် ချစ်ရင်ထူး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြခဲ့ပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်