Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းများစုစည်းမှု ( ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၉ ရက်နေ့ထိ)

အပတ်စဥ်သတင်းများစုစည်းမှု ( ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၉ ရက်နေ့ထိ)

ABN-ကိုဟိန်းထွန်း

ဖေဖော်ဝါရီလ ၁၉ ရက်နေ့အတွက် သတင်းများစုစည်းမှု

တူရကီတွင် ငလျင်လှုပ်ခတ်မှုကြောင့် အသက် ၃၁ နှစ်အရွယ် ဂါနာနိုင်ငံသား ကမ္ဘာကျော် ဘောလုံးသမား Christian Atsu သေဆုံးသွားခဲ့သည်ဟု တူရကီဘောလုံးအသင်းက စနေနေ့ကထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကျောက်ဖြူမီးပြတောင်မှ လက်နက်ကြီးသံ ၆ ချက်၊ င/ပသုန်၊ ကျွန်းသာယာဘက်မှ ၅ ချက်ဆက်တိုက်ထွက်ပေါ်ခဲ့သည့်အတွက် ကျောက်ဖြူဒေသခံများ စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသတွင်းသတင်းပေးပို့ချက် အရသိရသည်။

ရခိုင်မှ ဆန်များကို ဗမာပြည်မဖက်သို့ တင်ပို့မှုများသောကြောင့် လက်ရှိ ရခိုင်တွင် ဆန်စျေးနှုန်း ပေါ်ဆန်းမွှေး စပါး ၁၀၀ လျှင် ငွေကျပ် ၈သိန်းနီးပါးရှိပြီး၊ ဆန် တစ်အိတ်လျှင် ၇ သောင်းမှ ၈ သောင်းထိ မြင့်တတ်လျက်ရှိနေသည်ဟု ဆန်စက်ပိုင်ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

တူရကီနိုင်ငံတွင် ပြင်းထန်သည့် ငလျင်လှုပ်ခတ်ပြီးနောက် ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များဖြစ်သည့် Usban Search နှင့် Rescue အဖွဲ့ သို့မဟုတ် Usar Thailand အဖွဲ့တို့သည် တူရကီနိုင်ငံသို့ အကူအညီများ ပေးရန်အတွက် ဖော်ဖော်ဝါရီ ၉ ရက်နေ့က သွားရောက်ခဲ့ပြီး တူရကီတွင် ‌ဒေသခံပြည်သူများအား အကူအညီ ပေးခဲ့ပြီး အပျက်အစီးများကြားထဲမှ ရုပ်အလောင်း ၃၄ လောင်းကိုလည်း ကယ်ဆယ်နိုင်ခဲ့သည့်အတွက် ထိုင်းဝန်ကြီးချုပ် Prayut Chan-o cha က Usar အဖွဲ့အား သုဝဏ္ဏမိလေဆိပ်တွင် ကြိုဆို၍ ကျေဇူးတင်စကားပြောခဲ့သည်။

ဖေဖော်ဝါရီလ ၁၈ရက်နေ့အတွက် သတင်းများစုစည်းမှု

ရခိုင်ပြည် တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက် ပညာလင်္ကာရမင်းကျောင်းတွင် စစ်ဘေးရှောင် တက္ကသိုလ်ဝင်တန်း ကျောင်းသူ၊ ကျောင်းသား ၅၄ဦးကို အခမဲ့ ပညာသင်ပေးနေသည့် ပရဟိတကျောင်းတွင် ဆန်ရိက္ခာအထောက်အပံ့များ လိုအပ်နေလျှက်ရှိသည်။

အိန္ဒိယတွင် တရားမဝင် ကလေးလက်ထပ်မှု ပယ်ဖျက်ခြင်းမှာ မိသားစုများကို ဒုက္ခရောက်စေနိုင် သည့်အရာဖြစ်ပြီး အမျိုးသားများမှာ အသက် ၂၁ နှစ်၊ အမျိုးသမီးများမှာ ၁၈ နှစ်တွင် လက်ထပ်နိုင်ကြောင်း တရားဝင်ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်တွင် စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေအနီး၌ အမှိုက်ကောက်နေသည့် အသက် (၁၁) နှစ်အရွယ် အာကျယ်အာမာ့အမည်ရှိ ကလေးငယ်တစ်ဦးကို အမျိုးသား ၃ဦးမှ ဝိုင်းရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ရွာကြားထောင့်ရွာတွင် အသက် ၆၈ နှစ်အရွယ် ဦးလှရွှေမှာ ဖေဖော်ဝါရီလ ၁၈ရက်နေ့ နံနက်အရုဏ် ၄နာရီဝန်းကျင်က သူ့သားမက်ပိုင်သည့်ကြက်ခြံမှာ ကြိုးဆွဲချ သေဆုံးသွားခဲ့ပြီး အလောင်းကို တောင်ကုတ်မြို့မဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ခဲ့သည်။

ဗီယက်နမ်တွင် တိုင်းရင်းဆေးဖော်စပ်ရန်အတွက် အသုံးပြုရန် ရည်ရွယ်ထားသည့် ကြောင်အသေကောင် ၂၀၀၀ ခန့်နှင့် အခြားသက်ရှိ တိရစ္ဆာန်ပေါင်း ၄၈၀ကို ဗီယက်နမ် ရဲတပ်ဖွဲ့များက မဲခေါင်မြစ်ဝှမ်းကျွန်းပေါ်ဒေသရှိ Dong Thap ပြည်၏ သားသတ်ရုံတစ်ခုတွင် တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သောကြာနေ့က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၈ နာရီ ၂၀ မိနစ်တွင် မဟာမုနိဘုရားကြီးအနီးရှိ မုန့်တီဆိုင်တစ်ဆိုင်မှ ပေါ့ဆမှုကြောင့် ဆိုင်ပိုင်ရှင် ဒေါ်လှသိန်းနု၏သား ကိုမောင်သန်းစိုမှာ မီးလောင်၍သေဆုံးသွားခဲ့သည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့အတွက် သတင်းများစုစည်းမှု

ရခိုင်တစ်ပြည်လုံးတွင် ကျောင်းသူ၊ ကျောင်းသားများ နောက်ဆုံးစာမေးပွဲဖြေဆိုတော့မည့် အချိန်ဖြစ်သော်လည်းပဲ လျှပ်စစ်မီးမှာ နေ့တိုင်း ပျက်နေသဖြင့် စာဖတ်ခြင်းကို လျှော့ကျစေနိုင်သည့်အတွက် ကျောင်းသားမိဘများက လျှပ်စစ်မီးအချိန်ပြည့်ပေးရန် ဖေဖော်ဝါရီလ ၁၇ နေ့တွင် တောင်းဆိုလိုက်သည်။

ဥစား၊ အသားစား တိရစ္ဆာန်များထံကူးစက်တတ်သည့် အေဗီယမ်ဟုခေါ်သော ငှက်တုပ်ကွေး ဗိုင်းရပ်တစ်မျိုးမှာ ကမ္ဘာ့နိုင်ငံအများအပြားသို့ ပျံနှံ့လာခဲ့ပြီးနောက် ကမ္ဘာ့အစားအသောက် ထောက်ပံ့ခြင်းများကို အကြီးအကျယ် ပြဿနာ ကြီးထွားစေနိုင်သည့်အပြင် မွေးမြူရေးခြံများတွင် အန္တရာယ်ရှိလာမှာဖြစ်ကြောင်းကို တိရစ္ဆာန် ဆရာဝန်များနှင့် ရောဂါဆိုင်ရာ ကျွမ်းကျင်သူများကအဆိုပြုခဲ့သည်။

ဖေဖော်ဝါရီလ ၁၆ရက်နေ့ ညနေ ၃နာရီခန့် စစ်တွေမြို့ ကုန်တန်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၅နှစ်အရွယ် ဦးမောင်မြင့်သန်းကို အမည်မသိ လူတစ်ဦးက စခရူးဒရိုင်ဘာဖြင့် ထိုးသွင်းခဲ့ပြီး ဘယ်ဖက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာနှစ်ချက်နှင့် ညာဖက်လက်ကောက်ဝတ်တို့၌ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဂဏန်းတောင် (စိုက်ပျိုးရေးခြံ) စစ်ဘေးရှောင် ဒုက္ခသည်စခန်းရှိ လသားအရွယ်မှ ၁၀ နှစ်သားအရွယ်ထိ ၁၃၆ ဦးကလေးငယ်များ ပုံမှန်ကာကွယ်ဆေး မရဘဲရှိနေကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့အတွက် သတင်းများစုစည်းမှု

သူခိုးဓားမြ ၂ ဦးဖြစ်သည့် ကိုဆာဒလ် နှင့် ကိုချာဘေ တို့ကို ရက္ခိုင့်ပြည်သူ့အစိုးရ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၃နာရီ ၃၀မိနစ်တွင် မင်းပြားမြို့မှ လက်ရဖမ်းဆီးမိခဲ့သည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညည့်သန်းခေါင်ယံ ၂ နာရီခန့်တွင် တောင်ကုတ်မြို့နယ် နတ်မော်ရွာမှ ဦးမောင်မြင့်နိုင်၏ အိမ်ကိုအမည်မသိသူတစ်ဦးဝင်ရောက်၍ သမီး ဖြစ်သူ အသက် ၁၁ နှစ်အရွယ် မနှင်းယုလှိုင်ကို ဓားဖြင့်ထိုးခဲ့သည့် အပြင် ရွှေ ၁၀ ကျပ်ကျော်နှင့် ငွေများကိုလုယူသွားခဲ့သည်။

စစ်ကောင်စီက ပုဒ်မ ၂ခုဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း၏ ၆ ကြိမ်မြောက်ရုံးချိန်းကို စစ်ကောင်စီဖက်မှ ပျက်ကွက်ခဲ့ပြီး မတ်လ ၁ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းခဲ့သည်။

ဖေဖော်ဝါရီ ၁၆ရက်နေ့ နံနက် ၁ နာရီကျော်တွင် အမ်းမြို့နယ်၊ ကံမြင့်ကန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ကြံတိုင်းအောင်ကား ရပ်နားထားစဥ် ရွှေပြည်သစ်ခရီးသည်တင် ကား၏ ဘရိုက်ပေါက် ဝင်တိုက်မှုကြောင့် ကြံတိုင်းအောင်ကားမှာ မီတာ ၅၀၀ ခန့်နက်သော ချောက်တွင်းသို့ ပြုတ်ကျသွားခဲ့သည်။

အိမ်ထောင်စုအရေအတွက် ၁၇၈ စုနှင့် လူဦးရေ ၇၇၈ ဦးနေထိုင်သည့် ဂဏန်းတောင် စစ်ဘေးရှောင်စခန်းမှာ ‌သောက်သုံးရေ ပြတ်လတ်နေမှုကြောင့် အခက်အခဲကြုံနေရသည်ကို ABN သတင်းထောက်များမှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စုံစမ်းမေးမြန်းခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့အတွက် သတင်းများစုစည်းမှု

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်နှင့် မွန်ဘိုင်းမြို့တို့တွင် အခြေစိုက်ဖွင့်လှစ်ထားသည့် BBC သတင်းဌာန ရုံးခွဲများကို အင်္ဂါနေ့က အိန္ဒိယအခွန်ဦးစီးဌာနမှ အရာရှိများက ဝင်ရောက်ရှာဖွေခဲ့သည်။

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရွာအနီး၊ ယိုးတရုတ်ဘူတာရုံစစ်ဘေးရှောင်စခန်းတွင် အသက် ၈၀ နှစ်အရွယ် အဖွားအိုတစ်ဦးမှ ဓနီအမိုးအကာအဆောင်ဖြင့် နေလိုကြောင်းတောင်းဆိုသည်။

ရခိုင်ပြည် မင်းပြားမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၆နာရီအချိန်တွင် ဝိုင်းဖွဲ့အရက်သောက်ရာမှ စကားများရန်ဖြစ်ရာတွင် ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားသောကြောင့် အသက် ၃၆နှစ်အရွယ် ဦးမောင်မောင်ညွန့်မှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့သည်။

ကျောက်‌တော်မြို့နယ် လမ်းမတော်ရွာမှ အသက် ၄၂ နှစ်အရွယ် ဦး‌ဇော်မိုးလွင်သည် ယနေ့နံနက် ၁၂နာရီအချိန်တွင် စစ်ကောင်စီ ( ၃၇၄ ) တပ်ရင်းအနီးတွင် မြေမြုပ်မိုင်းနင်းမိသောကြောင့် ခြေကျင်းဝတ်ပြတ်သွားခဲ့သည်။

ပေါက်တောမြို့နယ် အင်္ဂါရားချိုင်ကျွန်း ကျောက်မောင်းရွာတွင် နေထိုင်သည့် အသက် ၂၆နှစ်အရွယ် ကိုရွှေမောင်သန်းမှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညည့် ၁၁ နာရီအချိန်က ဖဒူကျွန်းနှင့် အင်္ဂါရားချိုင်ကျွန်းကြားတွင် ငါးဖမ်းပြီး လှေပေါ်တွင် အိပ်နေစဥ် မျက်နှာကို အဝတ်ဖြင့်ပိတ်ပြီး အမည်မသိလူ ၃ဦးရောက်လာကာ ဦးရွှေမောင်သန်းကို သတ်ပြီး သူ၏ဟွန်ဒါစက်ကို ဖြုတ်ယူသွားသည်။

ULA/AA မှ သတ္တမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၄ရက်နေ့အတွက် သတင်းများစုစည်းမှု

ရသေ့တောင်မြို့နယ် ပြားချောင်းကြီး စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှာင်များနေထိုင်သည့် အဆောင်များပျက်စီးနေပြီး စားနက်ရိက္ခာများ အခက်အခဲဖြစ်နေသည်။

စစ်ကိုင်းတိုင်းတွင် မြို့နယ် ၃ခု ထဲမှ ၂ရက်အတွင်း လူနေအိမ် ၁၀၀၀နီးပါးကို စစ်ကောင်စီမှ မီးရှို့ဖျက်စီးခဲ့သည်။

တူရကီနှင့် ဆီးရီးယားတွင် ငလျင်ကြောင့် မိဘမဲ့ဖြစ်သွားခဲ့သည့် ကလေးငယ်များမှာ မသေချာသည့် အနာဂတ်နှင့် ရင်ဆိုင်နေကြရသည်။

ရခိုင်ပြည် ပေါက်‌တောမြို့နယ် သဲခုံရွာတွင် အရေးပြားရောဂါဖြစ်ပွားသောကြောင့် ဖေဖော်ဝါရီလ ၃ရက်နေ့က ၃လ အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့သည်။

ထိုင်းတွင် ဗယ်လင်တိုင်းနေ့က အသက် ၅၂အရွယ် လယ်သမားတစ်ဦး ကီလိုမီတာ ၁၂၀၀ ခရီးကို ခြေလျင်လျှောက်ပြီးလာခဲ့သည့် သူ၏ ချစ်သူကို သွားရောက်လက်ထပ်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၃ရက်နေ့အတွက် သတင်းများစုစည်းမှု

ဖေဖော်ဝါရီလ ၁၄ရက်နေ့ကို Cow Hug Day အဖြစ်ပြောင်းလဲရန်ကြေညာချက်ထုတ်ပြန်ခြင်းသည် အိန္ဒိယ၏ ယဥ်ကျေးမှုနှင့် ကျေးလက်စီးပွားရေး၏ ကျောရိုး ဖြစ်သည့် နွားများကိုထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်သည်ဟု the Animal Welfare Board of India အဖွဲ့မှ တနင်္လာနေ့ကထုတ်ပြန်လိုက်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်