Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်း

@ ဇန်န၀ါရီ ၈ ရက်

အီရန်နိုင်ငံတွင် ဆန္ဒပြပွဲ၌ ပါ၀င်ပတ်သက်နေသည့် Mohammad Mahdi Karami နှင့်Seyyed Mohammad Hosssdini တို့ကို ဇန်န၀ါရီလ ၇ ရက်နေ့က ထပ်မံကွပ်မျက်လိုက်သည့်အတွက်ကြောင့် EU ဥရောပ သမဂ္ဂအနေဖြင့် စိုးရိမ်ထိတ်လန့်ကာ အီရန်အစိုးရအနေဖြင့် သေဒဏ်ပေးမှုနှင့် ကွပ်မျက်မှုများကို ချက်ချင်းရပ်တန့် ရန် တောင်းဆိုလိုက်ကြောင်းသိရသည်။

ဇန်န၀ါရီလ ၇ ရက်နေ့က ရခိုင်ပြည် ကျောက်ဖြူမြို့ သစ်ပုတ်တောင် ရေတပ်စခန်းမှ စစ်အင်အားနှင့် လက်နက်ခဲယမ်းအပြည့်ပါသည့် ဇက်စစ်နေဗီတစ်စီးသည် စစ်တွေရွှေမင်းဂံရေတပ်သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် စစ်နေဗီ ၂ စီးဖြင့် ဇန်န၀ါရီ ၈ ရက်နေ့က မင်းပြားဘက်သို့ပို့ခဲ့ကြောင်းသိရသည်။

ဇန်န၀ါရီလ ၄ ရက်နေ့က စစ်တွေမြို့ ရွာသာယာ အနီး လုပ်ကြံသတ်ဖြတ်ခံရသည့် ALP အဖွဲ့၀င် ထိပ်ပိုင်း‌ခေါင်းဆောင် ၃ ဦး၏ အသုဘရုပ်အလောင်းကို စစ်တွေမြို့ အာကျိုတ်တော်ကုန်း သုဿန်တွင် ဇန်န၀ါရီလ ၈ ရက်နေ့က မီးသင်္ဂြိုလ် ရာတွင် ၎င်းအဖွဲ့၀င်များ မိသားစု ၁၀၀ ခန့်သာတက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါနေရာတွင် စစ်ကောင်စီမှ လုံခြုံရေးအပြည့်ယူထားခဲ့ကြောင်း သိရသည်။

@ဇန်န၀ါရီ ၇ ရက်

စစ်တွေတွင် ALP အဖွဲ့၀င်များအပါအ၀င် စစ်ကောင်စီတပ်သားများနှင့် ရဲများပူးပေါင်းကာ စစ်တွေမြို့ရွာသာယာ ရပ်ကွက်ထဲ၀င်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုခေါ်ကာ နေအိမ်များကို စစ်ဆေးခဲ့ကြောင်းနှင့် အိမ်ပိုင်ရှင်မရှိသည့် နေအိမ်တစ်အိမ်မှ အိမ်စီးကား အဖြူရောင် ၁ စီးကိုယူသွားကြောင်းသိရသည်။

မောင်တောမြို့တွင် ဇန်န၀ါရီလ ၆ ရက်နေ့ကတည်းက စစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မောင်တောမြို့ရှိ ရပ်ကွက်များတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ၊ စည်ပင်ဥက္ကဌ၊ စာရေး၊ ရဲ၀န်ထမ်းများနှင့် စစ်ကောင်စီတပ်သားများ တစ်အိမ်၀င် တစ်အိမ်ထွက် ဧည့်စာရင်းကောက်နေကြောင်းသိရသည်။

ကျောက်ဖြူမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့ကစပြီး ကျောက်ဖြူအခြေစိုက် ခမရ(၃၄)မှ ဗိုလ် ရဲသက်ဇော်နှင့် ဒုဗိုလ် ရှိုင်းထက်အောင်တို့က တရားလိုလုပ်ကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ဖမ်း၀ရမ်းထုတ်ခံထားရသူ ၇၃ ထဲမှ ၃၆ ဦးကို စစ်ကောင်စီကဖမ်းထားပြီး ဖြစ်ကြောင်းနှင့် အဆိုပါထွက်ပြေးတိမ်း‌ရှောင်နေရသည့် မိသားစု၀င်များ စား၀တ်နေရေးအခက်ကြုံနေကြောင်းသိရသည်။

အိမ်ထောင်စု ၁၂၄ စု လူဦးရေ ၅၇၀ ဦး ခိုလုံလျက်ရှိသည့် ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအနီး ယိုးတရုတ် ရထားဘူတာ စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၅၀ ကျော်တို့အတွက်သာ အဆောင်တဲများရှိပြီး ကျန် အိမ်ထောင်စု ၆၉ စုအတွက် အဆောင်ဆောက်လုပ်ရန်အရေးတကြီးလိုအပ်နေကြောင်းသိရသည်။

ဇန်န၀ါရီ ၆ ရက်

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖြိုဖျက်လိုက်ရသည့် ကျောက်ဖြူမြို့ ဂျပန်မဆိပ်ကမ်း စျေး၀မှ ဆိုင်များအပြင် အဆိုပါစျေးရှိ စျေးဆိုင် ၂၄ ဆိုင်ကိုပါ ထပ်မံဖြိုဖျက်ရန် ပြည်ဟိန်းရွှေဆိုင် ပိုင်ရှင် က စည်ပင်နှင့်ပေါင်းကာ ဖြိုဖျက်ခိုင်းသည့် အတွက် စျေးဆိုင်များ ဖြိုဖျက်လိုက်ရကာ အဆိုပါ ဆိုင်ပိုင်ရှင်များမှာ စျေးရောင်းချ၍မရသည့်အတွက် အခက်အခဲကြုံနေရကြောင်းသိရသည်။

ရခိုင်ပြည် မင်းပြားမြို့နယ်တွင် အင်အား ၁၁၀ ပါဝင်သည့် စစ်ကောင်စီတပ်သားများသည် မင်းပြားမြို့နယ် တောင်ကြီးဘက်မှလာကာ မြောက်ဦးမြို့နယ် မြိုချောင်းရွာအနီးရှိ တောင်ဖြူတောင်သို့ လက်နက်ခဲယမ်းအပြည့်ဖြင့် စစ်ကြောင်းလျှောက်သွားကြောင်းသိရသည်။

ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဂျပန်သံအမတ်ယူကရိန်းနိုင်ငံသို့ လာရောက်ခဲ့စဉ် ဖိတ်ခေါ်ခဲ့ကြောင်း ယူကရိန်းနိုင်ငံ သမ္မတရုံး အကြီးအကဲ Andriy Yemakက ပြောကြောင်း အစိုးရအဖွဲ့အတွင်း ဝန်ကြီးချုပ် Hirokazu Matsunoက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် မြောင်ကြီးရွာကို စစ်ကောင်စီ ခမရ ၁၁၁ တပ်ရင်းနှင့် ခမရ တပ်ရင်း ၂ ခုပူးပေါင်းပြီး အင်အား၆၀ ကျော်တို့ သည် ရွာကိုဝင်ရောက် မီးရှို့ခဲ့သောကြောင့် နေအိမ် ၁၁ အိမ်ပျက်စီးသွားကြောင်းသိရသည်။

ဇန်န၀ါရီလ ၆ ရက် နံနက်ပိုင်းတွင် မောင်တောမြို့ ဦးကျော် ဟိုတယ်ရှေ့ တွင် မောင်တောအ၀င်၀ဂိတ်၌ AAတပ်ဖွဲ့၀င်များ စီးလာသော ကားကို စစ်ကောင်စီတပ်ကရပ်ခိုင်း၍ မရပ်ဘဲ ဆက်မောင်းသည့် အတွက် စစ်ကောင်စီတပ်မှ ရဲတပ်ဖွဲ့အချို့ နှင့် AA တို့ တစ်ဖက်နှင့်တစ်ဖက် သေနတ်နှင့် ချိန်ရွယ်မှုများဖြစ်ပွားခဲ့သည်။

ဇန်န၀ါရီလ ၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကွဲကျေးရွာကို ကြွယ်ပုံပျူရွာနှင့် ပျုူစောထီးကျေးရွာများမှ ထွက်လာသည့် စစ်ကောင်စီတပ်သားများ၀င်ကာ ကျောင်းထိုင် ဘုန်းတော်ကြီး တစ်ပါးနှင့် ဒေသခံ ၄ ဦးတို့ကိုပစ်သတ်ခဲ့သည့် အပြင် ကျေးရွာအတွင်းမှ နေအိမ်များကို လည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ဇန်န၀ါရီလ ၄ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံရသည့် ALP မှ စစ်ဦးစီးချုပ် အပါအ၀င် ခေါင်းဆောင် ၃ ဦး၏ အသုဘ ကို ဒေါ် စောမြရာဇာလင်း တက်ရောက် ရန် မသေချာကြောင်း ဇန်န၀ါရီလ ၆ ရက်နေ့က ပြောခဲ့သည်။

@ဇန်န၀ါရီ ၅ ရက်

ကျောက်တော် စကခ (၉)မှ စစ်ကောင်စီတပ်သားများသည် မြောက်ဦးဖက်မှလာသော ခရီးသည်တင် ကားများကို စစ်ဆေးမှုများ တင်းကျပ်စွာပြုလုပ်နေပြီး အလားတူ ရသေ့တောင် မြို့ရှိ စစ်ကောင်စီ ရေတပ်မှ စစ်ကောင်စီ တပ်သားများသည်လည်း ရွှေပြည်တန်ပေါ်ပါလာသည့် ခရီးသည်များကို တင်းကြပ်စွာစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့က စစ်တွေမြို့ ရွာသာယာအနီး င/စရိုင်းဘုန်းတော်ကြီးကျောင်းရှေ့တွင် သေနတ်ပစ်သတ်လုပ်ကြံခံရသည့် ALP ၃ ဦးကို AAမှ လုပ်သည်ဟု ဇန်နဝါရီ ၅ ရက်နေ့တွင် ALPမှ စွပ်စွဲထုတ်ပြန်ခဲ့သည်ကို ULA/AAမှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက က ၎င်းလုပ်ကြံသတ်ဖြတ်မှုကို AA လုပ်တာမဟုတ်ကြောင်း ပြန်လည်တုန့်ပြန်ပြောဆိုထားသည်။

@ဇန်န၀ါရီ ၄ရက်

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့က ရခိုင်ပြည် ရသေ့တောင်မြို့နယ်တွင် မီးလောင်ပျက်စီးသွားသည့် ပညာပါရမီ ဘုန်းတော်ကြီး စစ်ဘေးရှောင်စခန်း ကို ပြန်လည်တည်ဆောက်ရန် အကူညီများလိုအပ်နေကြောင်း စခန်းတာ၀န်ခံ ဆရာတော်က ပြောသည်။

ဇန်န၀ါရီ ၄ ရက်နေ့က ရခိုင်ပြည် စစ်တွေမြို့ ရွာသာယာအနီး င/စရိုင်းချောင်း ဘုန်းကြီးကျောင်းရှေ့တွင် လွတ်လပ်ရေးနေ့ အခမ်းအနားမှ ပြန်လာသည့် ALP မှ စစ်ဦးစီးချုပ် ဗိုလ်စောမြ၊ဗိုလ်ကြီးအဆင့် ခိုင်သူရိန် နှင့် တပ်ရင်းမှူး ခိုင်ကျော်စိုးတို့ ၃ ဦး သေနတ်ပစ်သတ်လုပ်ကြံခံရ၍ သေဆုံးသွားသဖြင့် အဆိုပါနေရာ၌ စစ်ကောင်စီတပ်သားများနှင့် ရဲများ စုပြုံရောက်ရှိလာခဲ့ကြပြီး ရပ်ကွက်တွင်းတွင် အပြင်းအထန်စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ဇန်န၀ါရီလ ၄ ရက်နေ့တွင် ရခိုင်ပြည်ရှိ မင်းပြား၊ မြောက်ဦး ၊ ပုဏ္ဏားကျွန်းနှင့်ကျောက်တော်တွင် စစ်ရေးလှုပ်ရှားမှုများရှိပြီး မင်းပြားတွင် စစ်ကောင်စီတပ်သားများ မင်းပြားမြို့ထဲရှိ အချို့နေရာများတွင် လုံခြုံရေးယူထားခဲ့ပြီး၊ ကျောက်တော်မြို့ရှိ မီးသတ်ခွဆုံနှင့် ဦးဥတ္တမပန်းခြံရှေ့တွင်လည်း ပြည်သူများကို ဓါတ်ပုံလိုက်ရိုက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်မှ အကျဥ်းသား ၇၀၀၀ ကျော်ကို ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အပြစ်ဒဏ်လျှေ့ာပေါ့်လွှတ်ပေးခဲ့ရာ ထိုအထဲတွင် ရခိုင်ပြည် ကျောက်ဖြူ အကျဥ်းထောင်မှ မူဆလင် ၁၉ ဦးကို ကျောက်ဖြူထွေအုပ် အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်းသိရသည်။

ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့၌ ကချင်ပြည် ဖားကန့်မြို့တွင် ကျင်းပသည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပနေချိန်တွင် KIA တပ်မဟာ ၉ ၊အမှတ် ၆ တပ်ရင်းတပ်ဖွဲ့များနှင့် ဖားကန့်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDFတို့က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သောကြောင့် ရဲတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ကချင်ပြည်သူ့နိုင်ငံ‌ရေး ရှေ့ဆောင်အဖွဲ့၏ ခေါင်းဆောင် KNU ဥက္ကဌ ဒေါက်တာ အမ်ကောန်လ ကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လက ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ က ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ထားခဲ့သော်လည်း ၎င်းအား ထောင်ဒဏ် ၂ နှစ်မပြည့်ခင် ၂၀၂၃ ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်လာခဲ့သည်။

စစ်ကောင်စီက (၇၂) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ အကျဥ်းထောင် အသီးသီးမှ အကျဥ်းသား ၇၀၀၀ ကျော်ကို လွတ်ပေးခဲ့သည်ဟုသတင်းများထွက်ပေါ်ခဲ့ကာ ရခိုင်ပြည်ရှိ စစ်တွေ ၊ကျောက်ဖြူ ၊သံတွဲနှင့် ဘူးသီးတောင် ထောင်များမှ အကျဥ်းသား ၃၁၇ ဦးလွတ်လာသော်လည်း ထိုအထဲတွင် ULA/AA နှင့်ဆက်စပ်သည်ဟု ဆိုကာဖမ်းဆီးအကျဥ်းချထားသည့် အကျဥ်းသားတစ်ဦးမျှမပါခဲ့ပေ။

ဇန်နဝါရီလ ၃ ရက်

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဒီဇင်ဘာ ၃၁ နေ့က မြောက်ဦးမြို့နယ် သရက်ပင်ကြီး ကျေးရွာမှ အဖ ဦးအေးသာကျော် ၊ အမိ ‌ဒေါ်မဲစိန် တို့၏သမီး မစုစုလှိုင်သည် စျေးမှ သူငယ်ချင်းများနှင့်အပြန် ကားလမ်းဖြတ်ကူးချိန်၌ ပြုတ်ကျသွားသည့်ဦးထုတ်အား ပြန်ကောက်ရာတွင် ကားတိုက်ခံရပြီး သေဆုံးသွားသည်ဟုသိရသည်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ရွှေတောင်ကျေးရွာတွင် ဇန်န၀ါရီလ ၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်မှ ကျေးရွာထဲသို့ ၀င်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့သည့်အပြင် အသက် ၇၀ ကျော် အဖိုးအဘွား ဇနီးမောင်နှံ နှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ပြီး အသက် ၃၀ အရွယ် လူငယ်တစ်ဦးကိုပါ ရွာအပြင်ဖက်သို့ ‌‌ခေါ်ဆောင်သွားပြီး ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီမှ ဇန်န၀ါရီလ ၂ ရက် နေ့လည်အချိန်တွင် စစ်တွေရွှေမင်းဂံရေတပ်မှ စစ်ကား ၂၈ စီးဖြင့် ရိက္ခာအပြည့်ဖြည့်ထားသည့် နေဗီ ၂ စီးသည် မင်းပြားဖက်သို့ ဦးတည်ပြီးတက်သွားကြောင်း သိရသည်။ ၎င်းအပြင် အမ်းမြို့မှ မအီမြို့သို့ စစ်ကောင်တပ်အင်အား ၁၃၅ ယောက်ကို စစ်ကား ၉ စီးဖြင့် ပို့ခဲ့သည့်အပြင် နောက်ထပ် နေဗီ ၃ စင်းမှာ ချင်းပြည်နယ် ပလက်၀ဖက်သို့ ရိက္ခာလက်နက်အပြည့်ဖြင့် တက်သွားကြောင်းသိရသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ဇန်နဝါရီ ၂ ရက်နေ့ ညနေ့ပိုင်းက ရွာထဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ ထွက်သွားပြီးနောက် ဒေသခံများ ရွာအတွင်းထဲသို့ ပြန်လည်ဝင်ရောက်ချိန်မှာ ရွာထဲတွင် ပစ်သတ်ခံထားရပြီး သေဆုံးနေသည့် အလောင်း ၈ လောင်းကို တွေ့ရှိခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက် နေ့က ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်ကြီးရွာထဲသို့ စစ်ကောင်စီတပ်က ဝင်ရောက်က ရွာသား ၁၀ ဦးကို ပစ်သတ်ခဲ့သည့် အပြင် နေအိမ်များကို မီးရှို့ခဲ့သည်။

ကျောက်တော်မြို့မ ရဲစခန်း၌ AA နှင့်ဆက်စပ်သည်ဟု တရားစွဲခံထားရသည့် လူထုဇော်ဝင် အပါအဝင် ဒေသခံ ၅ ဦးကို ဇန်နဝါရီ ၃ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလိုမရောက်ခဲ့သည့်တွက်ကြောင့် ထပ်မံ၍ ဇန်နဝါရီ ၁၀ ရက်နေ့ကို ရုံးချိန်းလိုက်ပြီး ၄င်းအပြင် ကျောက်ဖြူမြို့တွင်လည်း AAနှင့်ဆက်စပ်သည် ဟု တရားစွဲခံထားရသည့် ရဲဝန်ထမ်း ၃ ဦးအမှုကိုလည်း စစ်ကောင်စီဘက်မှ တရားလို မရောက်လာသောကြောင့် ရုံးချိန်းထပ်မံရွှေ့လိုက်ရကြောင်း သိရသည်။

မင်းပြားမြို့နယ်၊ ကမ်းနီရွာအနီးနား၌ နေ့လည် ၁ နာရီခွဲကျော်လောက်တွင် ရန်ကုန် – စစ်တွေ ကားလမ်းမကြီး၌ ခရီးသည်တင် ကြံတိုင်အောင်ကားနှင့် ဓာတ်ဆီတင်ကားတို့ ယာဥ်တိုက်မှုဖြစ်ခဲ့သော်လည်း ၄င်း ကားဖြင့်ပါလာသည့် ခရီးများမှာ ထိခိုက်မှု တစုံတရာ မရှိခဲ့ကြောင်း သိရသည်။

စစ်တွေမြို့၊ ရွာတောင်ကြီးရပ်ကွက်၊ ရခိုင်ဆန်စပါးစက်ဝိုင်းအနီးတွင် နေ့လည် ၁ နာရီခန့် က ညီအစ်မချင်း စကားများရာမှ ညီမဖြစ်သူ၏ သား အသက် (၃ ) နှစ် အရွယ် မောင်ထက်ယံကို အ‌ဒေါ်ဖြစ်သူ က ဓားဖြင့်ထိုးသတ်သဖြင့် မောင်ထက်ယံ၏ ရင်ဘတ်၌ ဓားဒဏ်ရာ ၆ ချက်ရရှိခဲ့ကာ ဆေးရုံသို့ ပိုဆောင်ရာ လမ်းခုလတ်တွင် သေဆုံးသွားခဲ့ရသည်။

မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်တွင် ၉ နာရီ ၃၀ မိနစ်က လူနေအိမ်၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒေါ် ဦးမြသိန်း၏ သမီး အသက် ၆ နှစ်အရွက် မယုယုမော်မှာ မီးလောင်သည့်အထဲပါသွားကာ လက်တစ်ဖက်နှင့် မျက်နှာတို့တွင် မီးလောင်ဒဏ်ရာရသွားပြီး လက်ရှိတွင် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

@ ဇန်န၀ါရီ ၂ ရက်

မက္ကစီကိုမြောက်ပိုင်း နယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဟွာရက်ဇ်မြို့တွင် လက်နက်ကိုင်အဖွဲ့ ၏ ထောင်ဖောက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၄ ဦးသေဆုံးခဲ့ကာ ထောင်၀န်ထမ်း ၁၀ဦး အပါအ၀င် ခေတ္တရောက်ရှိနေသူ ၃ဦး ၁၄ ဦးဒဏ်ရာရရှိခဲ့ပြီး အကျဥ်းသား ၁၄ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း ချီဟွာပြည်နယ် တရားလိုရှေ့နေက ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်တွင် စစ်ကောင်စီက ဖမ်းဆီးကာ မတရားအသင်ဆက်သွယ်မှု ပုဒ်မ၁၇ (၁) ဖြင့် တရားစွဲဆိုထားသော အရပ်သား ၆ ဦးကို ဇန်န၀ါရီ ၂ ရက်နေ့က ကျောက်တော်မြို့ တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ကရင်နီပြည်နယ်တွင် PKPFနှင့် အာဏာသိမ်းစစ်ကောင်စီတို့အကြား ၁ နှစ်တာ အတွင်း တိုက်ပွဲပေါင်း ၇၃၈ ကြိမ်၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၆၉၂ ဦးသေဆုံးခဲ့ကြောင်း နှင့် အဆိုပါတိုက်ပွဲအတွင်း ဘာသာရေးအဆောက်အအုံ ၂၇ ခု၊ ပြည်သူနေအိမ်ပေါင်း ၁၃၀၉ အိမ် ၊ စစ်ပွဲကြောင့်ပြည်သူ ၄၀၉ ဦးသေဆုံးခဲ့ကြောင်း PKPFက ဇန်န၀ါရီ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည် မင်းပြားမြို့ အောက်ပိုင်းရွာ ဘုတ်ဆိပ်လမ်းအနီး လမ်းမတော်လမ်းထဲတွင် ဓါတ်မီးတိုင် ယိုင်လဲနေသဖြင့် အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်ကြောင်း အနီးအနားရှိ ဒေသခံများပြောသည်။

ဇန်န၀ါရီ ၂ ရက် နေ့လယ် ၁၂ နာရီအချိန်၌ စစ်တွေမြို့ရှိ Wave Family KTV ရှေ့တွင် စစ်ကောင်စီရေတပ်ကားဖြင့် ဆိုင်ကယ်စီးလာသည့် အရပ်သားတစ်ဦးကို တိုက်မိပြီး ဆိုင်ကယ်စီးလာသူမှာ နေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

စစ်ကောင်စီတပ်က ဇန်န၀ါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အပစ်ခတ်ရပ်စဲလိုက်သည်ဟု ကြေညာချက်ထုတ်ထားသော်လည်း ကရင်ပြည်နယ် ကြာအင်းဆိပ်မြို့နယ် တောင်စွန်းရွာတွင်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီ စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာသား ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

ရခိုင်ပြည် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်တွင်ရှိသည့် ၀န်ဗိုက်ဒီရေတော ( အာရှတွင် ဒုတိယ အကြီးဆုံးဒီရေတော သစ်တောကြိုး၀ိုင်း) ကို ယခင်က ထိန်းသိမ်းစောင့်ရှောက်ရန် သစ်တောတာ၀န်ထမ်းများရှိခဲ့သော်လည်း ၂၀၂၂ခုနှစ် အစောပိုင်းတွင် နိုင်ငံရေးအခြေနေကြောင့် ထွက်ပြေး သွားကြသဖြင့် ယခုချိန်ထိ ထိမ်းသိမ်းစောင့်ရှောက်မှု အလုံအလောက်မရရှိသောကြောင်းနှင့် အဆိုပါ ဒီရေတော ကို ဆက်လက် ထိမ်းသိမ်းစောင့်ရှောက်ရန် ထောက်ပံ့ငွေများလိုအပ်နေကြောင်း ဒေသခံဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်