Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဉ်သတင်း စုစည်းမှု (ဇန်နဝါရီ ၂၃-၂၉ ရက်နေ့ထိ)

ABN – သူရမောင်

ဇန်နဝါရီလ ၂၉ ရက်နေ့အတွက် သတင်းစုစည်းမှု

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံကြီးကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက်၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ကာ ၁၃ နှစ်အရွယ် အစ်ကိုဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး မိခင်ဖြစ်သူမှာလည်း စိတ်ဖောက်ပြန်သွားခဲ့ရသည်။

အမေရိကန်ရောက် မြန်မာလူမျိုးများ စုပေါင်းကာ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစကာ ပေါ်ပေါက်လာခဲ့သည့် နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အမေရိကန်ရှိ မြို့ကြီးအချို့တွင် သံပုံးတီးဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ရခိုင်ပြည်အနှံ့ရှိ မြို့များသို့ ရိက္ခာများကို ကုန်းကြောင်း၊ ရေကြောင်းနှစ်မျိုးစလုံးဖြင့် ပေးပို့နေသည့်အပြင် လက်နက်အင်အား၊ လူအင်အားများကိုပါ ဆက်တိုက်ပို့ဆောင်လျက်ရှိနေသည်။

မြန်မာနိုင်ငံတွင် တိုက်ပွဲများ ပြင်းထန်နေသည့် အတွက်ကြောင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းမှ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည့် မြန်မာနိုင်ငံသား ၈၀ ကျော်ကို အိန္ဒိယနိုင်ငံ မဏိပူရဒေသမှ ရဲများက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ထိုအထဲမှ အသက်မပြည့်သေးသည့် ကလေး ၁၀ ဦးကို အင်ဖာကလေးထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့အတွက် သတင်းစုစည်းမှု

အိန္ဒိယလေတပ်မှ ဂျက်ဖိုက်တာ ၂ စီး အစမ်းလေ့ကျင့်နေစဉ် မြို့တော် နယူးဒေလီအထက် အမြင့်ပေ ကီလိုမီတာ ၃၀၀ အကွာတွင် တိုက်မိသွားခဲ့သဖြင့် လေယာဉ်မှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ရခိုင်ပြည်၊ ကျောက်တော်မြို့တွင် AAနှင့် ဆက်စပ်သည်ဟုဆိုကာ စွပ်စွဲပြီး စစ်ကောင်စီတပ်က တရားလိုလုပ်ကာ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နှင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားခံရသည့် လူထုဇော်ဝင်းနှင့် အရပ်သား ၁၁ ဦးတို့၏အမှုကို ဇန်နဝါရီ ၂၇ ရက်နေ့က တရားရုံးထုတ်ခဲ့သော်လည်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့သို့ ရုံးချိန်းထပ်မံရွှေ့ဆိုင်းခဲ့။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်က နိုင်ငံတော်အာဏာကို လုယူပြီးသည့်နောက်ပိုင်းမှ စကာ မြန်မာ့စီးပွားရေး၊ လုံခြုံရေးနှင့် လူမှုရေးကအစ အစစအရာရာဆုတ်ယုတ်လျက်ရှိနေကြောင်း ကုလသမဂ္ဂပြော။

ဇန်နဝါရီလ ၂၇ ရက်နေ့အတွက် သတင်းစုစည်းမှု

ကယ်လီဖိုးနီးယားမြောက်ပိုင်း မှိုစိုက်ခင်းနှစ်ခုတွင် လူ ၇ ဦးဆက်တိုက်သတ်ဖြတ်ခဲ့သည်ဟု သံသယဖြင့် ဖမ်းဆီးခံခဲ့ရသူ လယ်သမားတစ်ဦးအား လူသတ်မှု ၇ မှုနှင့် လူသတ်မှု ကျူးလွန်ရန်ကြိုးပမ်းမှုတို့ဖြင့် ဗုဒ္ဓဟူးနေ့က တရားစွဲဆိုခဲ့။

ကျောက်တော်မြို့တွင် AAနှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့် စစ်ဘေးရှောင် ဦးကျော်ဟိန်းကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီကျော်တွင် ကျောက်တော်မြို့နယ် တရားရုံးတွင် ၈ ကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီတရားလို ထပ်မံပျက်ကွက်ခဲ့သည့်အတွက် စစ်ဆေးမှု မပြုလုပ်နိုင်ဘဲ ရုံးချိန်း ထပ်ရွှေ့ခဲ့ရသည်။

ကျောက်ဖြူတွင် ULA/AA အခွန်ကိစ္စနှင့် ပတ်သက်သည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကအဖမ်းခံခဲ့ရသည့် ရန်ကုန်တိုင်းမှ ဦးတေဇော်လင်း ဟိုင်လုံငါးဖမ်းသင်္ဘောတွင် အလုပ်လုပ်ကိုင်နေသူအား ၄ လနီးပါးအကြာ ကျောက်ဖြူခမရ ၃၄ မှဖမ်းဆီး တရားစွဲဆိုခဲ့ပြီးနောက် ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၀ နာရီကျော်တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

မင်းပြားမြို့နယ် ဖားပြို (ရခိုင်)ရွာမှ အသက် ၅၀ ကျော်ခန့်ရှိသည့် ဦးသန်းရွှေမောင်မှာ လက်ခုတ်ချောင်းဖျားရွာအနီးရှိ သင်္ချိုင်းတောင်တွင် ထင်းခုတ်သွားစဉ် စစ်ကောင်စီတပ်မှ ထောင်ထားသည့် မိုင်းနင်းမိ၍ မိုင်းပေါက်ကွဲသေဆုံးခဲ့ရသည်။

ဘူးသီးတောင်မြို့နယ်ရှိ ရန်အောင်မြေနှင့် ဂန္ဓာရီစစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာနှင့် အဆောင်များ ပြန်လည်ပြုပြင်ရန် ငွေကြေးအကူအညီများလိုအပ်နေသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့တွင် မကွေးတိုင်း၊ ချောက်မြို့မှ စက်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ဖွင့်ထားသည့် ဆိုင်ပိုင်ရှင် ဦးဟာကင်းမ်၊ ယာဉ်မောင်း ဦးမြင့်ဌေးနှင့် အမည်မသိတစ်ဦးတို့ကို စစ်ကောင်စီတပ်မှ သတ်ဖြတ်ခဲ့ကာ ငွေကျပ်သိန်း ၁၅၀၀ကိုလည်း ယူ‌ဆောင်သွားခဲ့ပြီး အလောင်းများကို မိသားစုများထံ ပြန်လည်အပ်နှံခဲ့သော်လည်း မိသားစုဝင်များမှ အလောင်းသွားမယူရဲဘဲဖြစ်နေခဲ့ရသည်။

စစ်တွေတွင် အစိုးရရုံးအနီး အရောင်းဆိုင်မှ အရောင်းဝန်ထမ်း မနွယ်သန္တာဝင်း အသတ်ခံခဲ့ရသည့် ကိစ္စနှင့် ပတ်သတ်၍ စစ်တွေမြို့ မြို့မရဲစခန်းတွင် ဖမ်းဆီးခံခဲ့ရကာ တရားရင်ဆိုင်ခဲ့ရသည့် မောင်မျိုးချစ်စိုး အသက် ၁၉ နှစ်ကို ယမန်နေ့ နံနက် ၁၁ နာရီတွင် တရားသေလွတ်မြောက်လာခဲ့သည်။

အကြမ်းဖက်မှုများကြားမှ မြန်မာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီမှ အာဏာသိမ်းပြီးသည့်အချိန်မှ စကာ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်းအထိ တိုးလာနေကြောင်း ကုလသမဂ္ဂဖော်ထုတ်ပြောဆိုလိုက်သည်။

ရသေ့တောင်မြို့နယ် လိုင်ဂွင်ချေရွာတွင် ရက္ခိုင့်တပ်တော်မှ ပြည်သူ့ဝန်ဆောင်မှုအဖြစ် ပထမဆုံးတည်ဆောက်ပေးသည့် အလျား ၅၈ ပေ၊ အနံ ၁၂ ပေရှိပြီး ကာလတန်ဖိုး ၃၄၆ သိန်းကျော်ကုန်ကျခဲ့သည့် တံတားဖွင့်ပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့စွဲဖြင့် စာမျက်နှာ ၂၀ ပါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြန်လည်ပြင်ဆင်ပြဌာန်းလိုက်သည်။

ဇန်နဝါရီလ ၂၆ ရက်နေ့အတွက် သတင်းများစုစည်မှု

ချီဂါဂိုမှ ဘွဲ့ရဟောင်း တရုတ်အင်ဂျင်နီယာ တစ်ဦးဖြစ်သည့် တရုတ်နိုင်ငံသား Ji Chaoqunကို အမေရိကန်ပြည်ထောင်စုရှိ အင်ဂျင်နီယာများနှင့် သိပ္ပံပညာရှင်များထံမှ သတင်းအချက်အလက်များကို တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးမှုကြောင့် ဗုဒ္ဓဟူးနေ့တွင် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံလိုက်ရသည်။

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်ရှိ ရန်ဆစ်တက္ကသိုလ် စက်မှုပညာဌာနတွင် ပညာသင်ယူနေသည့် မြန်မာတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုဖြိုးကျော်ခိုင်မှာ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက လက်ဟွက်ဒေသ အေပကျင်းလမ်းရှိ ၎င်းနေထိုင်သည့် ငါးထပ်ဆောင်အထက်မှ ခုန်ချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။

ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်း (မူဆလင်)ရွာမှ မူဆလင် ၄ ဦးမှာ ယာရှီတောင်အနီးသို့ ထင်းခုတ်သွားရာတွင် စစ်ကောင်စီတပ်စွဲနေထိုင်ခဲ့သည့် နေရာတွင် မိုင်းပေါက်ကွဲခဲ့မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး ၃ ဦးဒဏ်ရာအပြင်အထန်ရရှိသွားခဲ့ရသည်။

စစ်တွေ ရွှေမင်းဂံဆိပ်တွင် ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၆ နာရီအချိန်က ဘုတ်ဖာထေးရန် ရေထဲဆင်းငုတ်ခဲ့သည့် ကျောက်ဖြူမြို့မှ ဘုတ်ပိုင်ရှင် ဦးကျော်တင်အောင် အသက် ၃၅ နှစ်မှာ ပျောက်ဆုံသွားခဲ့သည်။

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အသက် ၉၀ အရွယ် ဒေါ်သိန်းခင်မှာ သေဆုံးသွားခဲ့ရပြီး ၁၅ ဦးခန့်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရသည့်အပြင် ကျေးရွာသူ၊ သားများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့အတွက် သတင်းစုစည်းမှု

ဆုန်ကရန်ထိုင်းရေသဘင်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန်အတွက် အဆိုပြုချက်ကို ယူနက်စကိုက လက်ခံလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည်။

အိန္ဒိယ၏ RRR ရုပ်ရှင်ဇာတ်ကားကြီး ၂၀၂၃ အကယ်ဒမီဆုပေးပွဲတွင် အကောာင်းဆုံးမူရင်းဇာတ်ဝင်တေးသီခြင်းအဖြစ် အင်္ဂါနေ့က သတ်မှတ်ခံခဲ့ရသည်။

တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မ ၅၄၄တပ်မှ ယမန်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် လက်နက်ကြီး အချက် ၂၁ ချက်နှင့် လက်နက်ငယ် ၃၀ ချက်နီးပါးခန့် အစမ်းလေ့ကျင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ကုတ်ဒေသခံများပြောပြချက်အရ သိရသည်။

ကမ္ဘာ့နန်းသက်အရှည်ဆုံး အဲလစ်ဇဘက်ဘုရင်မကြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် နတ်ရွာစံခဲ့ပြီးနောက် သားတော် ချားလ် နန်းတက်မည့် နန်းတက်ပွဲကို ကမ္ဘာ့နိုင်ငံအသီးသီမှ ခေါင်းဆောင်များကို ဖိတ်ကြားထားခဲ့သော်လည်း မြန်မာနှင့် ရုရှားတို့အား ဖိတ်ကြားခြင်းမရှိခဲ့ဟု သိရသည်။

၁၀ ကြိမ်မြောက် ရုံးထုတ်တွင် လူထုဇော်ဝင်းအား အမှုအပြီးသတ်ချမှတ်မည်ဟု ကျောက်တော်တရားရုံးမှ ဇန်နဝါရီလ ၂၄ ရက်နေ့ကို ရုံးချိန်းအဖြစ်သတ်မှတ်ခဲ့သော်လည်း ရုံးချိန်းချိန်တွင် အပြီးသတ်ချမှတ်ခဲ့ခြင်းမရှိဘဲ ဇန်နဝါရီလ ၂၇ ရက်နေ့သို့ ထပ်မံရုံးချိန်းတိုးမြှင့်လိုက်ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က စစ်တွေမြို့ ဆပ်ရိုးကျတံတားအောက်တွင် စစ်ကောင်စီရေတပ်မှ ရေယာဉ်များကို စစ်ဆေးဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး ဘုတ်တစ်စီးအား စစ်ကောင်စီနေဗီတစ်စီးမှ ကြိုးဖြင့်ချည်ကာ ဆွဲခေါ်သွားခဲ့သည်။

ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးဖြစ်ကြသည့် ကိုကိုညွန့်၊ ကို ကျော်ဝင်းလှိုင်၊ နှင့် ကိုပြည့်စုံတို့၏ အမှုကို ဇန်နဝါရီလ ၂၄ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် မြောက်ဦးတရားရုံးမှ ဖေဖော်ဝါရီလ ၇ ရက်နေ့သို့ ရုံးချိန်းထပ်မံရွေ့ဆိုင်းလိုက်သည်။

မြန်မာနိုင်ငံသား ၈ ဦး၊ တရုတ်နိုင်ငံသား ၁၄ ဦးတို့ လိုက်ပါသွားခဲ့သည့် ဟောင်ကောင်ကုန်တင်သင်္ဘော ယမန်နေ့ နံနက် ၂ နာရီတွင် တောင်ကိုးရီးယားနိုင်ငံ၊ ဂျဲဂျူကျွန်း၊ ဆောဂွီမြို့ အရှေ့တောင်ပိုင်းနှင့် ၁၁၀ ကီလိုမီတာအဝေးတွင် နစ်မြုပ်သွားခဲ့သဖြင့် သင်္ဘောသား ၅ ဦးသာ ကယ်ဆယ်ထားနိုင်ခဲ့သော်လည်း ကျန်ရှိနေသည့် ၁၇ ဦးကို ဂျပန် ပင်လယ်ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ဂျဲဂျူးပင်လယ်ကမ်းခြေစောင့်အဖွဲ့တို့မှ ဆက်လက်ရှာဖွေလျက်ရှိနေသည်။

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ ရထားဘူတာစစ်ဘေးရှောင်စခန်းနှင့် ညောင်ချောင်းစစ်ဘေးရှောင် စခန်းတို့တွင် နွေရာသီမရောက်မီကပင် သောက်သုံးရေခမ်းခြောက်သွားပြီး စခန်းများနှင့် ဝေးကွာလှသည့် ရေကန်များမှ ရေသယ်ယူနေရခြင်းကြောင့် စစ်ဘေးရှောင်များ ရေပြတ်လပ်မှုဒဏ်ခံစားနေကြရသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့အတွက် သတင်းစုစည်းမှု

မြန်မာစစ်ဗိုလ်ချုပ်များ၏ မြန်မာနိုင်ငံအတွင်း ဆိုးရွားစွာ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် Fortify Rights လူ့အခွင့်အရေးအဖွဲ့ကြီးမှ ဂျာမနီပြည်ထောင်စုတွင် တရားစွဲဆိုထားကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Fortify Rights သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားလိုက်သည်။

AA နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခံထားရသည့် စစ်ဘေးရှောင် ဒုက္ခသည် ဦးကျော်ဟိန်းအား ကျောက်တော်မြို့နယ်တရားရုံးတွင် ၇ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့သော်လည်း စစ်ကောင်စီဘက်မှ တရားလိုထပ်မရောက်၍ ထပ်မံရွှေ့ဆိုင်းလိုက်ရသည်။

နှစ် ၆၀ အတွင်း ပထဆုံးအကြိမ်အဖြစ် ၂၀၂၂ ခုနှစ်တွင် တရုတ်၏ လူဦးရေ လျော့နည်းလာမှုကြောင့် ကမ္ဘာ့လူဦးရေအများဆုံးဖြစ်လာမည့် အိန္ဒိယသည် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်လော။

ဇန်နဝါရီလ ၂၄ ရက် နံနက်အချိန်တွင် ရခိုင့်ပင်လယ်ပြင်ဘက်မှ တက်လာသည့် စစ်ကောင်စီနေဗီတစ်စီးသည် တောင်ကုတ်မြို့ရွှေလင်းယုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ထိုနေဗီတွင် စစ်သားအင်အား ၂၀၀ ကျော်ခန့်ပါရှိကြောင်း၊ ထိုစစ်သားများကိုလည်း သံတွဲမြို့ဘက်သို့ စစ်ကား ၁၅ စီးနှင့် တင်ယူသွားသည်။

ကယ်လီဖိုးနီးယားတွင် တရုတ်နှစ်သစ်ကူးနေ့ကျင်းပနေစဉ်အတွင်း သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းပူဆွေးမှုလုပ်နေစဉ် ထပ်မံသေနတ်ပစ်ခတ်မှုကြောင့် လူ ၇ ဦးသေဆုံးသွားခဲ့ရသည်။

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့အဝင်ဝတွင် တည်ရှိသည့် ဂူဝဘုရားတွင် ဘုရားပွဲတော်ကျင်းပရာတွင် ဇာတ်ပွဲနှင့် ရှိုးပွဲများမထည့်ရဟု စစ်ကောင်စီတပ်က တားမြစ်ထားကြောင်း ဂေါပကအဖွဲ့၏ ပြောကြားချက်အရ သိရသည်။

မော်စကိုမှ ဂျာမန်လုပ် Leopardတင့်ကားများကို ယူကရန်းသို့ လွှဲပြောင်းပေးမည်၊ ရုရှားစစ်တပ်ကို တွန်းလှန်တိုက်ထုတ်ရန်အတွက် ထောက်ပံ့ရေးရရှိရေးအတွက် ဥရောပနိုင်ငံများမှ ကူညီမည်ဆိုပါက ယူကရိန်းပြည်သူများအနေဖြင့် ပိုမိုဒုက္ခတွေ့လာနိုင်ကြောင်း ရုရှားပြောသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့အတွက် သတင်းစုစည်းမှု

မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုခံထားခဲ့ရသည့် အလွတ်တမ်း ဓာတ်ပုံဆရာ ဦးစောမိုးကျော်အပါအဝင် အရပ်သား ၇ ဦးအား ဇန်နဝါရီလ ၂၃ ရက်နေ့ ၁၀ နာရီခွဲတွင် ကျောက်တော်မြို့နယ်တရားရုံး၌ ၃ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့သော်လည်း စစ်ကောင်စီဖက်က တရားလို ထပ်မံပျက်ကွက်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ အနမ့်ခရိုင် အရှေ့မြောက်ပိုင်းမှ ခရီးသည် ၁၂ ဦးတင်ဆောင်လာခဲ့သည့် ဗင်ကားတစ်စီးမှာ လောင်စာဆီနှစ်မျိုးသုံးထားပြီး ဆီတိုင်ဂီအတွင်း အပူပွတ်တိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် မီးလောင်ပေါက်ကွဲသွားခဲ့ကာ ကလေးငယ် ၂ ဦးအပါအဝင် လူ ၁၁ ဦးသေဆုံးသွားခဲ့ရသည်။

ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟုဆိုကာ စွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် အမှုများနှင့် ပတ်သတ်၍ မီဒီယာများသို့ သတင်းမပေးရဟု မိသားစုများအား စစ်ကောင်စီတပ်က ခြိမ်းခြောက်မှုများပြုလုပ်ခံထားရသည်။

စစ်ကောင်စီတပ်စွဲထားသည့် ပန်းမြောင်းရွာအနီးမှ တောင်ဖြူတောင်တွင် သူတို့ကိုယ်တိုင်ထောင်ထားသည့် မိုင်းတက်နင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သည်။

သျှမ်းပြည်၊ မိုင်းပန်မြို့နယ်၊ နားဝမ်းရွာတွင် RCSS ဦးဆောင်ကျင်းပမည့် ၇၆ ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ကို ကျင်းပရန်စီစဉ်နေစဉ် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စစ်ကောင်စီက ပွဲမကျင်းပရေးအတွက် လာရောက်တားမြစ်ခဲ့သဖြင့် ပွဲအစီအစဉ်ပျက်သွားခဲ့ရသည်။

စစ်ကိုင်းတိုင်း မုံရွာတွင်ရှိသည့် ရွှေတော်ဝင် ပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီတပ်သားများမှ ဝင်ရောက်စီးနင်းကာ ဒေါက်တာ ကျော်ဇင်လတ်နှင့် ခွဲစိတ်ခန်းမှ သူနာပြုအကူတစ်ဦး၊ ဆေးရုံလုပ်သားတစ်ဦးတို့ကို ဖမ်းဆီးသွားခဲ့သည်။ ထို့အပြင် ရွှေတောင်မေတ္တာဆေးခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးခန်းမှ ဆေးများအပါအဝင် ဆေးရုံသုံးပစ္စည်းများကို စစ်ကောင်စီတပ်သားများမှ ဖျက်ဆီးခဲ့သည့်အပြင် ကျောင်းထိုင်ဆရာတော်ကိုလည်း ဖမ်းဆီးသွားခဲ့သည်။

ဆီးရီယားနိုင်ငံ အလက်ပိုမြို့တွင် လူနေအိမ်အဆောက်အဦးပြိုကျမှုကြောင့် လူ ၁၃ ဦးသေဆုံးခဲ့ရပြီး အပျက်အစီးများအောက်၌လည်း နစ်မြုပ်ပျောက်ဆုံးနေသေးသည့် လူအများအပြားရှိနေနိုင်သေးကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။

အပတ်စဉ်သတင်း စုစည်းမှု (ဇန်နဝါရီ ၂၃-၂၉ ရက်နေ့ထိ)

ထင်မြင်ယူဆချက်‌‌ပေးရန်