Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပစ်အခတ်ရပ်စဲပြီးနောက် စစ်ကောင်စီတပ် ရိက္ခာဖြည့်တင်းမှုပိုများလာသောကြောင့် တိုက်ပွဲထပ်မံဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေ

ABN-ရှိုင်းမိုး

စစ်ကောင်စီမှ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် ရခိုင်တွင် စစ်ကောင်စီတပ်မှ ရိက္ခာဖြည့်တင်းမှု ပိုမိုများပြားလာသည့်အတွက်ကြောင့် ဒေသခံတချို စိုးရိမ်နေကြရသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲ ရခိုင်တွင် ရပ်ဆိုင်းထားပြီးနောက် စစ်ကောင်စီတပ်က ဆက်တိုက် စစ်အင်အားနဲ့ စစ်တပ်ရိက္ခာများ ဆက်တိုက် ပို့နေသည့်အတွက်ကြောင့် တိုက်ပွဲ ထပ်မံ ဖြစ်လာမည်ကို ဒေသခံ ရခိုင်ရွာသားများ စိုးရိမ်နေကြကြောင်း ပြောသည်။

စစ်ကောင်စီတပ်သည် ရခိုင်ပြည်အနှံရှိ ၎င်းတို့၏ စစ်ကောင်စီတပ်ရင်း တပ်ခွဲများသို့ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်းတို့ကိုအသုံးပြုကာ စစ်လက်နက်ပစ္စည်း၊ လူအင်အားနှင့် စားနပ်ရိက္ခာများကို ဆက်တိုက်ပို့ဆောင်လျက်ရှိနေသည့်အတွက်ကြောင့် မင်းပြားမြို့နယ်မှအမျိုးသမီးတစ်ဦးက တိုက်ပွဲ ပြန်ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ပြောသည်။

“တိုက်ပွဲကာလတုန်းကတောင် ဒီလောက်ရိက္ခာဖြည့်နေတာမတွေ့ခဲ့ရပါဘူး၊ အခု အပစ်အခတ်ရပ်စဲပြီးကတည်းက ရိက္ခာတွေ ဆက်တိုက်ပို့နေတာတွေရှိပါတယ်၊ နေဗီတွေ စစ်ကားတွေနှင့် ထောက်ပို့လေယာဥ်တွေနှင့် ရိက္ခာတွေ ဆက်တိုက်ပို့နေတာတွေ့နေရပါတယ်၊ တခြားလူတွေတော့မသိဘူး၊ ကျွန်မတို့ကတော့ စိုးရိမ်နေပါတယ်၊ တိုက်ပွဲဖြစ်တုန်းကလည်း ကျွန်မတို့ရွာကို လက်နက်ကြီးတွေနဲ့ ပစ်တာခံခဲ့ရတယ်” ဟု အမည်မဖော်လိုသည့် မင်းပြားဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ မနက် ၇နာရီကျော်အချိန်က တောင်ကုတ်မြို့မှ စစ်ကား ၁၂ စီးဖြင့် သံတွဲမြို့ဖက်သို့ ထွက်သွားသည်ဟုသိရပြီး ထိုစစ်ကားများတွင် စစ်အင်အား ၂၀၀ ကျော်ခန့်ပါရှိပြီး ၊ ဆန်အိတ်နှင့် စစ်သုံးပစ္စည်းများပါသွားကြောင်းသိရသည်။

“အဲဒီကား ၇စီးက မနေ့က အမ်းဖက်ကနေရောက်လာတာပါ၊ တောင်ကုတ်တပ်ရင်းမှာ တစ်ညအိပ်ပါတယ်၊ မနက်စောစော ၇ နာရီလောက်ရောက်တော့ သံတွဲဖက်ကိုထွက်သွားပါတယ်၊ စစ်သား ၂၀၀ ကျောက်လောက်ပါသွားပါတယ်၊ စစ်ပစ္စည်းတွေလည်း တောင်ကုတ်တပ်ရင်းထဲက စစ်ကားပေါ်မှာ တင်နေတာတွေခဲ့ပါတယ်” ဟု မျက်မြင်တစ်ဦးမှ ပြောသည်။

ဇန်နဝါရီလ ၂၉ရက်နေ့ကလည်း နေဗီ ၁ စင်းတွင် စစ်သား ၅၀၀ ကျော်နှင့် စစ်ကား ၂၈ စီးတင်ကာ ရိက္ခာအပြည့်ဖြင့် စစ်တွေရွှေမင်းဂံဆိပ်ကမ်းမှ မင်းပြားမြို့ဘက်သို့ ထွက်သွားသည်ဟု သိရသည်။

“ပင်လယ်ဖက်က နေဗီက ၂၈ ရက်နေ့ ည ၅နာရီလောက်မှာ စစ်တွေ မင်းဂံဆိပ်ကမ်းကိုရောက်ပါတယ်၊ နေဗီမှာ စစ်အင်အား ၅၀၀ ကျောက်လောက်ပါတယ်၊ စစ်ကား ၂၈ စီးပါတယ်၊ လက်နက်ခဲယမ်း ထည့်ထားတဲ့ သေတ္တာဗူးတွေလည်း ၃၀၀ ကျော်လောက်ပါတယ်၊ အဲဒီပစ္စည်းတွေကို ရဲသားတွေ၊ စစ်သားတွေ ပေါင်းပြီးတင်ကြပါတယ်” ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးမှ ပြောသည်။

ထိုစစ်သားများနှင့် လက်နက်ခဲယမ်းများကို နေဗီတွင်ပါလာသည့် စစ်ကား ၂၈ စီးဖြင့် မင်းပြားမြို့နယ် တိုင်းဗဟို ၉ လေ့ကျင့်ရေးသင်တန်းကျောင်းသို့ တင်ယူသွားသည်ကို တွေ့ရကြောင်း ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ရခိုင်ပြည်တွင်းရှိ တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များဖက်သို့ စစ်သားအင်အားနဲ့ စစ်လက်နက် ရိက္ခာများ ဆက်တိုက် ပို့နေလျက်ရှိသည်။

အပစ်အခတ်ရပ်စဲပြီးနောက် စစ်ကောင်စီတပ် ရိက္ခာဖြည့်တင်းမှုပိုများလာသောကြောင့် တိုက်ပွဲထပ်မံဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ