Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက် စစ်ကောင်စီ၏ မြေပြင်တပ်နှင့် နေဗီပေါ်မှ လက်နက်ကြီးဖြင့် ကမ်းထောင်းကြီးမြို့ကိုပစ်ခတ်မှုကြောင့်  ပြည်သူ ၅ ဦးဒဏ်ရာရ၊ ၂ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရ

AB News – မတ်လ ၂၉၊ ၂၀၂၄

အကြမ်းဖက် စစ်ကောင်စီ၏ မြေပြက်တပ်နှင့် စစ်သင်္ဘောနေဗီပေါ်မှ ကမ်းထောင်းကြီးမြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်  ပြည်သူ ၅ ဦးဒဏ်ရာရရှိပြီး ၎င်းအထဲတွင် ၂ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်ရရှိသွားသူများမှာ အဖ ဦးမောင်အေး၏သမီး အသက် ၁၄ နှစ်အရွယ် မအေးအေးမြင့်၊ အဖ ဦးမောင်စောဝင်း၏သား အသက် ၁၈ နှစ်အရွယ် သူရိန်စိုး၊ အဖ မောင်မျိုးခင်၏ သား အသက် ၂၃ နှစ်အရွယ် မောင်မျိုးဆက်၊ အဖ ဦးငတောင်၏ သားအသက် ၄၂ နှစ်အရွယ် ဦးမောင်အေး နှင့် အဖ ဦးမောင်အေး၏ သမီး အသက် ၄၂ နှစ်အရွယ် ဒေါ်မအေးတို့ဖြစ်ကြောင်းသိရသည်။

ယနေ့ မတ်လ ၂၉ ရက်၊ နံနက် ၁၀ နာရီကျော်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အမ်းမြို့အခြေစိုက် လက်အောက်ခံတပ်ရင်းများဖြစ်သည့် ကဇုကိုင်းတပ်ရင်းနှင့် နေဗီများမှ ကမ်းထောင်ကြီးမြို့သို့ လက်နက်ကြီး ၇ လုံးပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီး ၅ လုံးမှာ ကမ်းထောင်းကြီးမြို့ ရွာသစ်ကေ ရပ်ကွက်ထဲသို့ကျရောက်ပေါက်ကွဲပြီး ဆယ်ကျော်သက်အရွယ် ၂ ဦး ဒဏ်ရာပြင်းထန်ရသွားကြောင်း ဒေသခံတစ်ဦးက Arakan Bay News သို့ပြောသည်။

“ကဇုကိုင်းဖက်ကပစ်တာပါ။ လက်နက်ကြီး ၇ လုံးပစ်ပါတယ်။ ၅ လုံးက မြို့ထဲမှာကျရောက်ပေါက်ကွဲတယ်။ ကလေးတစ်ယောက်ခြေပြတ်သွားတယ်။ ကျန်တဲ့တစ်ယောက်မှာ လက်ပြတ်လုနီးပါးဖြစ်သွားတယ်။ ဒဏ်ရာပြင်းထန်တဲ့ သူတွေလည်း ရှိပါတယ် ” ဟု ဆိုသည်။

၎င်းထဲတွင် မောင်သူရိန်စိုးမှာ ညာဖက်ခြေတစ်ဖက်ပြတ်တောက်သွားခဲ့ပြီး မအေးအေးမြင့်မှာ ညာဖက်လက် ပြတ်လုနီးပါးဖြစ်သွားသည့်အတွက် အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်စွာရရှိသူများကို နီးစပ်ရာဆေးခန်းတွင် ဆေးကုသမှုခံယူနေရသော်လည်း ဆေးဝါးပစ္စည်းပြတ်လပ်နေသည့်အတွက် ဆေးကုသရေး အခက်တွေ့နေရကြောင်း ကမ်းထောင်းကြီး ဒေသခံတစ်ဦးက ပြောသည်။

“သူတို့တွေကို ဆေးခန်းတွေမှာပို့ထားပါတယ်။ ဒါပေမယ့် ဆေးဝါးတွေက မလုံမလောက်ဖြစ်နေတယ်။ စစ်ကောင်စီကလည်း ဆေးရုံကို ဖျက်ဆီးလိုက်ပြီဆိုတော့ ဆေးဝါးတွေ ပြတ်လပ်နေတယ်” ဟု ဆိုသည်။

မြေပုံမြို့နယ် ကမ်းထောင်းကြီး ဆေးရုံကိုအကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့် မတ်လ ၂၄ ရက် နံနက် ၄ နာရီကျော်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးခဲ့ရာ ဆေးရုံပျက်စီးသွားပြီး  ဆေးရုံအတွင်း သန့်ရှင်းရေး ဆေးရုံဝန်ထမ်း အမျိုးသမီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရသည်။

အလားတူ မတ်လ ၂၃ ရက်နေ့ကလည်း မြေပုံမြို့နယ် သရက်တောင်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပုဇွန်ကန်ထဲတွင်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့သည့်အပြင် ဆေးရုံမှာလည်း ဗုံးချ ဖျက်ဆီးခဲ့၍ ပြိုကျပျက်စီးသွားကြောင်း သိရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ