Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ရက္ခိုင်က မြို့များ ပိုပျက်စီးလာ

AB News – မတ်လ ၁၀၊ ၂၀၂၄

ရက္ခိုင်တွင် စစ်ရှုံးနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်မှုကြောင့် မြို့များ နေ့စဉ်ရက်ဆက် ပိုမိုပျက်စီးလာသည်ကို တွေ့ရှိရသည်။

စစ်ကောင်စီအဖွဲ့သည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် မြို့များကို တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်၊ စစ်ထောက်ပို့ယာဉ်-Y12 တို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရက္ခိုင်ပြည်ရှိ ၄မြို့မှာ လုံးဝနီးပါး ပျက်စီးခဲ့ရသည်။

ရက္ခိုင်‌တွင် စစ်ရေး၊ နိုင်ငံရေးရှုံးနေသည့် အကြမ်းဖက်စစ်ကောင်စီသည် စစ်ဖက် အရပ်ဖက် ပိုင်းခြားခြင်းမရှိဘဲ မြို့၊ ရွာများကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ပြည်သူများ၏ အသက်မှာလည်း လုံခြုံမှု ကင်းမဲ့နေပြီး အိုးအိမ်များမှာလည်း နေ့စဉ်နှင့်အမျှပျက်စီး ဆုံးရှုံးနေရသည်။

မတ်လ ၈ရက်၊ နံနက် ၉ နာရီကျော်အချိန်အတွင်း ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ကို အကြမ်းဖက်စစ်ကောင်စီ၏ စစ်တွေမြို့နယ် အခြေစိုက် ပါဒလိတ် ၃၅၃ တပ်ရင်းမှ ဟောင်ဝှစ်ဇာအမြှောက်ဖြင့် တရစပ်ပစ်ခတ်ခဲ့သောကြောင့် ရွာဟောင်းရပ်ကွက်တွင် ကျရောက်ပေါက်ကွဲခဲ့ကာ အိမ်ခြေအများအပြား ပျက်စီးသွားခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်ခဲ့သည့် ဟောင်ဝှစ်ဇာအမြောက်ကျည်သည် ပုဏ္ဏားကျွန်းမြို့ အလယ်၊ စစ်တွေ-ရန်ကုန်ကားလမ်းဘေးရှိ မြို့နယ်သံဃာ့နာယက ဥက္ကဌဆရာတော်၏ ကျောင်းဖြစ်သည့် မြို့မဘုန်းတော်ကြီးကျောင်းတိုက်တွင် အကြိမ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသစ်ဆောက်လုပ်ထားသည့် ၃ ထပ်ကျောင်းဆောင်၊ တစ်ထပ်ကျောင်းဆောင်နှင့် သင်္ခန်းများစွာတို့ ပျက်ဆီးခဲ့ရသည်။
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ကို ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ ညဉ့်အချိန်မှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့က တိုက်လေယာဉ်ဖြင့် ၃ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စံပြရပ်ကွက် တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ရပြီး မြို့‌ထဲရှိ အခြားရပ်ကွက်များတွင်လည်း နေအိမ်အများစုမှာ မီးလောင်ပျက်စီးခဲ့ရသည်ဟု မြို့ခံများကပြောသည်။

ရမ်းဗြဲမြို့ ၌ ဇန်နဝါရီ ၂၄ ရက်မှ စတင်ကာ သိမ်တောင်ကုန်းနှင့် ကိုယ်ရံတော်တောင် အနီးဝန်းကျင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီသည် ရမ်းဗြဲမြို့ကို နေ့စဉ်ရက်ဆက် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများဖြင့် ဗုံးကြဲပစ်ခတ်သောကြောင့် မြို့ပေါ်ရပ်ကွက်များ အားလုံးနီးပါး ပျက်စီးခဲ့ရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီသည် ရမ်းဗြဲမြို့နှင့် အနီးတစ်ဝိုက်နေရာများသို့ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ၇ ကြိမ်ထက်မနည်း၊ Y12 ထောက်ပို့လေယာဉ်ဖြင့်လည်း ၃၇ ကြိမ်တိုင် လာရောက်၍ အကြိမ်ပေါင်း ၁၀၀ ကျော် အပြင်းအထန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ရက်၊ မွန်းလွှဲ ၁၂နာရီခန့်အချိန်တွင် စစ်ကောင်စီက ရမ်းဗြဲမြို့ကို စစ်တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အမှတ် ၄ ကင်းတဲရပ်ကွက်၊ အလယ်စု ချောင်းကမ်းနားတန်းတစ်လျှောက်တို့တွင် မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး နေအိမ် ၂၀၀ ကျော်ထက်မနည်း ပျက်စီးခဲ့ရသည်ဟု ရမ်းဗြဲမြို့ခံများက အတည်ပြုပြောသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့က Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့၊ အမှတ် ၄၊ အင်းတောင်ရပ်ကွက်မှ နေအိမ် ၂၀ကျော်နှင့် သီလရှင်ကျောင်းဆောင် ၁ဆောင်လည်း မီးလောင်ကျွမ်းခဲ့ရသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၂၅ရက်နေ့ နံနက် ၁နာရီခန့်အချိန်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ သိမ်တောင်ဘုရားကုန်းနှင့် ကိုယ်ရံတော်တောင် အနီးဝန်းကျင်တို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် လေကြောင်းအသုံးပြုကာ အပြင်းအထန် တရစပ် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရမ်းဗြဲမြို့ထဲရှိ လူနေရပ်ကွက်များ မီးလောင်ပြာကျခဲ့ရသည်။

ရမ်းဗြဲမြို့တွင် ရက္ခိုင့်တပ်တော်က ကစဉ့်ကလျားတပ်ဆုပ်ထွက်ပြေးနေသည့် စစ်ကောင်စီတပ်များကို လိုက်လံကာ တိုက်ခိုက်ချေမှုန်းနေပြီး စစ်ရှုံးနေသည့် အကြမ်းဖက်စစ်ကောင်စီသည် ရမ်းဗြဲမြို့ကို လေကြောင်းတိုက်ခိုက်မှု ယနေ့ မတ်လ ၁၀ ရက်နေ့ အထိ ပြုလုပ်လျက်ရှိကာ တစ်မြို့လုံးပါး ပျက်စီးနေသည်ဟု ဒေသခံများက AB News သို့ပြောသည်။

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးအရပ်ဘက်ဆေးရုံကို ဖေဖော်ဝါရီလ ၂၇ နံနက် ၁နာရီ ၄၅မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က လေကြောင်းအသုံးပြု လာရောက်ဗုံးကြဲတိုက်ခဲ့ကြောင့် ဆေးရုံမှ ဝန်ထမ်းများ၊ ဆေးကုသမှုခံယူနေသည့် လူနာများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းများ၊ သုံ့ပန်းမိသားစုဝင်များ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။

“၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက်နေ့၊ နံနက် ၁နာရီ ၄၅မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ရှုံးမဲမဲကာ လူမျိုးရေးအမုန်းတရားများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်” ဟု ရက္ခိုင့်တပ်‌တော်က ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။
မင်းပြားမြို့နယ်ရှိ ရာ‌မောင်တံတားအနီးရှိ အမ်းသားရွာအား ဖေဖော်ဝါရီလ ၂၉ရက်နေ့၊ ညဉ့် ၁၁ နာရီ ၃၈မိနစ်ခန့်အချိန်တွင် စစ်ကောင်စီအဖွဲ့က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မင်းပြားမြို့နယ်၊ အမ်းသားရွာမှ လူနေအိမ် ၄ အိမ်ထက်မနည်း ပျက်စီးခဲ့ရပြီး အဆိုပါနေ့တွင်ပင် စစ်ကောင်စီအဖွဲ့က သေကံရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရွာသား ၃၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် နေအိမ် ၂၀ကျော်လည်း ပျက်စီးခဲ့ရသည်။

ရက္ခိုင့်တပ်တော်က မင်းပြားမြို့ပေါ်ရှိ ခမရ ၅၄၁ တပ်ရင်း၊ ခမရ ၃၈၀ တပ်ရင်းနှင့် ၃၇၉ တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းစဉ်အတွင်း အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီအဖွဲ့သည် မင်းပြားမြို့သို့ လေကြောင်း၊ ရေ‌ကြောင်းတိုက်ခိုက်ခဲ့သောကြောင့် မင်းဘာကြီးရပ်ကွက်မှာ အလုံးစုံမီးလောင်သွားခဲ့ပြီး အောက်ရွာပိုင်း၊ အလယ်ပိုင်း၊ ဈေးဟောင်းပိုင်းရပ်ကွက်နှင့် အခြားရပ်ကွက်ငယ်များမှ နေအိမ်အများအပြား ပျက်စီးခဲ့ရသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့တွင် ရက္ခိုင့်တပ်တော်က ပေါက်တောမြိုမရဲစခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီအဖွဲ့သည် ပေါက်တောမြို့ကို ကြည်း၊ ရေ၊ လေ အသုံးပြုပြီး ပြည်သူများကို ဦးတည်ကာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

ယင်းနေ့တွင်ပင် အကြမ်းစစ်ကောင်စီအဖွဲ့၏ တပ်သားများက လောကထိပ်ပန်ဘုရားတောင်အောက်ရှိ အလှူခံဌာနအဆောင်အောက်တွင် ပုန်းခေါ်နေသည့် ပြည်သူ ၁၀၀ ကျော်ထဲမျ ၁၅ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ကျန်ဒေသခံပြည်သူများကိုလည်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ပေါက်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာအနီး ကျောက်ချတပ်စွဲထားသည့် စစ်ကောင်စီရေတပ်မှ လက်နက်ကြီး ပစ်ခတ်သောကြောင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၃ရက်နေ့တွင် ပေါက်တောမြို့ အကွက် ၂နှင့် ၃ရှိ နေအိမ်များနှင့် လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားအနီးရှိ အဆောင်များ ၂ကြိမ်အထိ မီးလောင်ခဲ့သည်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၅ရက်နေ့ နေ့လည် ၁၂နာရီကျော်အချိန်တွင်လည်း စစ်ကောင်စီ နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပေါက်တောမြို့တွင်းရှိ ဈေးဆိုင်များနှင့် သစ်ဆိုင်များ မီးလောင်ပြာကျခဲ့ရသည်။

စစ်ကောင်စီအဖွဲ့မှ ပေါက်တောမြို့ပေါ်သို့ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲချမှုကြောင့် နိုဝင်ဘာလ ၂၈ရက်၊ နေ့လည် ၁၂နာရီ ၄၀မိနစ်ကျော်တွင် ရက်ကွက် ၃မှ အိုးအိမ်၊ တိုက်တာများ မီးလောင်ပျက်စီးခဲ့ရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်နေ့တွင် ပေါက်တောမြို့နယ် မနော်သီရိရွာအား စစ်ကောင်စီအဖွဲ့ ရေတပ်နေဗီမှ ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်သားများသည် မနော်သီရိရွာမှ အိမ် ၁၉ဆောင်အား မီးရှို့ဖျက်ဆီးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ပေါက်တောမြို့နှင့် ပေါက်တောမြို့မဈေးအား ၆ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ရက္ခိုင်ပြည်ရှိ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ တောင်ပြိုမြို့နှင့် မအီမြို့များကို ရက္ခိုင့်တပ်တော် အပြီးပိုင်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီသည် လက်လွှတ်ဆုံးရှုံးလိုက်ရသည့် မြို့များနှင့် ယခုလက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ရမ်းဗြဲမြို့နှင့် အခြားမြို့များကို ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ပြည်သူများမှာ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေကြရပြီး အိုးအိမ်၊ တိုက်တာများလည်း နေ့စဉ်ရက်ဆက် ပျက်စီး ဆုံးရှုံးနေကြရသည်ကို တွေ့ရသည်။

လက်ရှိ မတ်လ ၁၀ ရက်နေ့အထိ ရက္ခိုင်တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ အမ်း၊ တောင်ကုတ်၊ ရမ်းဗြဲနှင့် ကျောက်ဖြူတို့တွင် ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲဆက်လက်ရှိနေဆဲ ဖြစ်သည်။

ရက္ခိုင်တွင် တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စပြီး စစ်ကောင်စီအဖွဲ့က ရက္ခိုင်တပြည်လုံးအား ကုန်းလမ်း၊ ရေလမ်းများကို ဖြတ်တောက်ထားခဲ့သည့်မှာ ၅ လနီးကြာမြင့်နေပြီဖြစ်ကာ ပြည်သူများမှာလည်း ဆေးဝါး၊ ဆန်နှင့် အခြေခံလူသုံးကုန် ပစ္စည်းများ ပြတ်လပ်မှုတို့ ဖြင့် ရင်ဆိုင်နေကြရသည်။

Website
www.arakanbaynews.com/

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ