Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြပ်အတည်းအခြေအနေ ဖြစ်သောကြောင့် အင်အားသုံးလျှင် ပိုဆိုးသွားနိုင်သည့်အတွက် နည်းပရိယာယ်သုံးသွားမည်ဟု ဗိုလ်ချုပ်ပြော

အကြပ်အတည်းအခြေအနေ ဖြစ်သောကြောင့် အင်အားသုံးလျှင် ပိုဆိုးသွားနိုင်သည့်အတွက် နည်းပရိယာယ်သုံးသွားမည်ဟု ဗိုလ်ချုပ်ပြော

ABN-ကိုဟိန်းထွန်း

ဇွန် ၉ ရက်

အကြပ်အတည်းအခြေအနေ ဖြစ်သောကြောင့် အင်အားသုံးလျှင် ပိုဆိုးသွားနိုင်သည့်အတွက် နည်းပရိယာယ်သုံး၍ ကျော်ဖြတ်သွားကြဖို့ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားပြောဆိုထားသည်။

မူရင်းမှာ “လစိကိုခြင်ကိုက်ခံနီရရေအခြီနီမျိုးမှာ အားသုံးကေပိုဆိုးဖို့၊ သီးခံစိတ်ဟြှည်ပနာ နည်းပရိယယ်ကြွယ်ဝစွာနန့် ခွန်အားတိကိုစုစည်းဗျလ် စစည်း လလုံးဖြတ်ကျော်ကတ်မေ။” ဟု ရခိုင်စကားပြောဖြင့် ရေးသားထားခြင်းဖြစ်သည်။

“ငယ်ပါကို ခြင်ကိုက်ခံနေရတဲ့အခြေအနေမျိုးမှာ အားသုံးရင် ပိုဆိုးမယ်။ စိတ်ရှည်သည်းခံပြီးတော့ နည်းပရိယာယ်ကြွယ်ဝစွာနှင့် ခွန်အားတွေကိုစုစည်းရင်း စည်းစည်းလုံးလုံး ဖြတ်ကျော်ကြမယ်” ဟု ပြောဆိုရေးသားထားခြင်းဖြစ်သည်။

ယခုလိုပြောဆိုခြင်းကား ရခိုင်ပြည်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ပြည်သူ ၁ သန်းကျော်ကို ပြည်တွင်း ပြည်ပမှ ကူညီကယ်ဆယ်ရေးပေးနေသည့် NGO, INGO, အရပ်ဘက်လူမှုအဖွဲ့အစည်းများအစရှိသည့် အဖွဲ့အားလုံးကို စစ်ကောင်စီမှ ဇွန်လ ၇ ရက်နေ့က စတင်ကာ ခရီးသွားလာခွင့်ကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ABN မှ ကောက်ချချက်သည်။

စစ်ကောင်စီက စစ်ရေးလိုလားသည့် အသွင်သဏ္ဍာန် ဆောင်သည့် လုပ်ရပ်ဖြစ်သော်လည်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြည်သူများအခက်ကြုံနေရချိန် တိုက်ပွဲ ဖြစ်လျှင် ပြည်သူများ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်သွားနိုင်သည့်အတွက် ရက္ခိုင့်တပ်တော်က စစ်ရေးဖြင့် အင်အားသုံးမဖြေရှင်းဘဲ နည်းပရိယာယ်ဖြင့်သာ ဖြေရှင်းသွားကြရန် ရခိုင်ပြည်သူများသို့ အမှာစကားပါးလိုကြောင်း ဖြစ်သည်ဟု ABN ကယူဆသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက တကျော့ပြန်တိုက်ပွဲကို ဂျပန်နိုင်ငံမှ ဒေါက်တာဆာဆာကာဝါ၏ ကြားဝင်မှုဖြင့် ရပ်တန့်နေခဲ့ကြခြင်းဖြစ်သော်လည်း တိုက်ပွဲရပ်ကာလအတွင်း ကတိကဝတ်များကို စစ်ကောင်စီက ချိုးဖောက်ကြောင်း ရက္ခိုင့်တပ်တော်ပြောခွင့်ရ ဦးခိုင်သုခက ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စစ်ကောင်စီမှ ကူညီကယ်ဆယ်ရေးအဖွဲ့များအား ပိတ်ပင်လိုက်သည့်အတွက်ကြောင့် မုန်းတိုင်းဒဏ်ခံနေကြရသည့် ပြည်သူများမှာ စားနပ်ရိက္ခာများအပါအဝင် အမိုးအကာများလည်းရရှိရန် ခက်ခဲသောအနေအထားတစ်ရပ်တွင် ရင်ဆိုင်ကြုံတွေ့လာရမည်ဖြစ်သည်။

မုန်တိုင်းကြောင့် တစ်ပြည်လုံးအတိုင်းအတာဖြင့် ပျက်စီးသွားခဲ့သည့်အချိန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် လူအခွင့်အရေးချိုးဖောက်ခံရမှုသည် ပြည်သူလူထုများအတွက် နာလန်မထူနိုင်သည့် အခြေအနေတစ်ရပ်တွင်ရှိနေသည့်အတွက် တိုက်ပွဲဖြစ်ပွားမည်ကို မလိုလားကြောင်းလည်းတွေ့ရသည်။

လက်ရှိတွင် ပရဟိတအဖွဲ့အစည်းများအားလုံး ခရီးသွားလာခွင့်မရှိ၊ ထောက်ပံကူညီခွင့်များမရှိသည့်အပြင် ကယ်ဆယ်ရေးပေးရန်လာသော ရန်ကုန်မှအဖွဲ့များလည်း ခရီးစဥ်များကိုဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖျက်အားပြင်းမိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အနှံ့တွင် လူဦးရေတစ်သန်းကျော်ထိခိုက်နစ်နာမှုရှိခဲ့ပြီး၊ အိမ်ခြေ ၂၁၆၆၈၈ ဆောင်ပျက်စီးခဲ့သည်။

ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာဒေသများတွင် ရက္ခိုင့်တပ်တော်/ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ မိုခါဆိုင်ကလုန်းဒဏ်သင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးများ ပေးနေပြီး၊ မြို့နယ်တိုင်းတွင် စင်တာခွဲများ ချထားကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် လုပ်ဆောင်ပေးလျက်ရှိသည့်အပြင် ပရဟိတအဖွဲ့အစည်းများကိုလည်း အတူလက်တွဲလုပ်ဆောင်ရန် ဖိတ်ခေါ်ထားလျက်ရှိသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ