Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကူအညီပေးရန် စစ်ကောင်စီ၏ ခွင့်ပြုချက်စောင့်ဆိုင်းတုန်း ဟု ဆိုလာသည့် OCHA ၏ ထုတ်ပြန်ချက်များ နှင့် မြေပြင်အခြေအနေ

အကူအညီပေးရန် စစ်ကောင်စီ၏ ခွင့်ပြုချက်စောင့်ဆိုင်းတုန်း ဟု ဆိုလာသည့် OCHA ၏ ထုတ်ပြန်ချက်များ နှင့် မြေပြင်အခြေအနေ

ကျော်ဇံ (ABN) – မေလ (၂၃) ရက်၊ ၂၀၂၃

မုန်တိုင်းမတိုက်ခတ်မီ မေလ (၁၂) ရက်နေ့မှ စ၍ မြန်မာနိုင်ငံဆိုင်ရာ ဆိုင်ကလုန်းမုန်တိုင်း မိုခါ အတွက် လူသားချင်းစာနာမှု အခြေအနေဆိုင်ရာ သတင်းလွှာ ဟု ခေါင်းစဥ်တပ်ထားသည့် သတင်းလွှာ အမှတ် (၁) ကနေ အမှတ် (၉) အထိ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA Myanmar ၏ လူမှုကွန်ယက်စာမျက်နှာတွင် တွေ့ရသည်။

မုန်တိုင်းမတိုက်ခတ်မီ ထုတ်ပြန်ချက်များတွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း၊ မုန်တိုင်းတိုက်ခတ်နိုင်ခြေရှိသည့် ဒေသများအတွင်း နေထိုင်သည့် မုန်တိုင်းဒဏ်ခံစားရမည့် ပြည်သူများအတွက် လိုအပ်သည့် အကူအညီများအဆင်သင့် ရှိကြောင်းဆိုပြီး အရေးပေါ်တုန့်ပြန်ရေး အစီအစဥ်များကို ပြင်ဆင်ထားသော်လည်း အရေးပေါ်ရန်ပုံငွေများလည်း လိုအပ်နေကြောင်း ထုတ်ပြန်ချက်များကိုလည်း တွေ့ရှိရသည်။

မုန်တိုင်းအပြီးတွင် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကုလသမဂ္ဂဝန်ထမ်းများကို ကြိုတင်နေရာချ ထားပြီးဖြစ်ကြောင်း၊ ကယ်ဆယ်ရေး ပစ္စည်းများကို မုန်တိုင်းသင့်ဒေသများမှာ စုဆောင်းပြင်ဆင် ထားပြီးဖြစ်ကြောင်း OCHA ၏ ယာယီတာဝန်ခံ ရာမနသန် ဘလာခရစ်ရှ်က ဆိုထားသည်။

OCHA ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နှင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသများတွင် မုန်တိုင်းကြောင့် လူဦးရေ ၅.၄ သန်းကျော်အထိ ထိခိုက်နိုင်ခြေရှိကြောင်း၊ မကွေးနှင့် စကိုင်းတွင် လူဦးရေ ၁ သိန်းကျော်လောက် ရေကြီးမှုဒဏ်ကို ခံစားရကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ကွင်းဆင်းလေ့လာ ဆောင်ရွက်မှုများကို ပြုလုပ်နေကြောင်း များပါရှိသည်။

မုန်တိုင်းတိုက်ခတ်အပြီး လေးရက်၊ငါးရက်မြောက် ထုတ်ပြန်ချက်များတွင် မိုးရာသီမကျရောက်မီ ဘေးသင့် ဒေသများအတွက် အချိန်မီ ပြန်လည်တည်ထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် လူသားချင်းစာနာမှု ဆိုင်ရာအကူအညီများ စတင်ပံ့ပိုးနေပြီ ဖြစ်ကြောင်း၊​ အမိုးအကာ၊ သောက်ရေသန့်များ၊ စားနပ်ရိက္ခာအကူ၊ လောင်စာဆီ နှင့် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ အရေးတကြီးလိုအပ်နေသည့် အကြောင်းများပါရှိသည်။

OCHA ၏ ဝက်ဘ်စာမျက်နှာတွင် ဖော်ပြချက်အရ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ တုန့်ပြန်ရေးအစီအစဥ်တွင် ပေးအပ်သွားမည့် အမေရိကန်ဒေါ်လာ ၇၆၄ သန်းမှ ၁၀ ရာခိုင်နှုန်းကို ထောက်ပံ့ထားပြီး ဖြစ်ကြောင်းသိရသည်။

အထက်ပါထုတ်ပြန်ချက်များတွင် အကူအညီများကို ပေးရန်အသင့်ရှိသည်၊ ပေးနေပြီ စသည်ဖြင့် ထုတ်ပြန်ထားသော်လည်း မုန်တိုင်းသင့်ဒေသများကို ကူညီရန် စစ်ကောင်စီနှင့် ဆွေးနွေးနေပြီး ခွင့်ပြုချက်ရပါက ထောက်ပံ့မှုအကူအညီများ စတင်သွားမည် ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

မုန်တိုင်းတိုက်ခတ်ပြီး တပတ်ကျော်ကြာသည်အထိ မုန်တိုင်းဒဏ်ခံစားခဲ့ရသော ပြည်သူများအတွက် အရေးအပေါ်အကူအညီများ လိုအပ်နေသော်ငြားလည်း လိုအပ်သည့် အကူအညီများပေးနိုင်ရေးမှာ စစ်ကောင်စီ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတုန်းပင် ဖြစ်သည်ဟု ပြောကြားချက်မှာ ဒုက္ခရောက်နေသော မုန်တိုင်းသင့်ပြည်သူများ ကြားလိုသည့် သတင်းစကားမျိုး မဟုတ်ပေ။

မြေပြင်တွင် ကွင်းဆင်းလုပ်ကိုင်နေသည့် တာဝန်ရှိသူများ၏ ပြောကြားချက်အရ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီများမှာ အမိုးအကာနှင့် အစားအသောက်ကို ရခိုင်ပြည် မြို့နယ် တစ်ချို့လောက်တွင်သာ ဦးစားပေးဖြန့်ဝေ နေခြင်းမျိုးရှိပြီး သန်းချီသော မုန်တိုင်းသင့်ပြည်သူများ၏ အလွန်နည်းပါးသည့် ပမာဏအတွက်သာ ဖြစ်နေကာ မုန်တိုင်းဒဏ် အဆိုးဝါးဆုံးဒေသများတွင် အကူအညီများမှာ အလွန်နည်းပါးလျှက်ရှိသည် ဟု သိရသည်။

OCHA ၏ မေလ (၁၈) ရက်နေ့ထုတ်ပြန်ချက်တွင် ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေး အစီအစဥ် WFP သည် မြို့နယ် (၈)မြို့နယ်တွင် အရေးအပေါ်အစားအသောက် ဖြန့်ဝေရန် ခွင့်ပြုချက်ရပြီး ဖြစ်သည်ဟု ပါရှိသော်လည်း မြေပြင်တွင် ထိရောက်သည့် အကူအညီများရရှိမှု နည်းပါးနေတုန်းပင် ဖြစ်သည်ဟု သိရှိရသည်။

ကိုးကား – United Nations OCHA Myanmar, unocha.org, CNN, ဧရာဝတီ၊ မြေပြင်မှ တာဝန်ရှိသူများ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ