Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ခေါ်ယူပြီး ရပ်ကွက် တစ်ခုစီမှ  ၂၀ ဦးစီ စစ်မှုထမ်းရန် စစ်ကောင်စီက တောင်းယူနေ

သံတွဲတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ခေါ်ယူပြီး ရပ်ကွက် တစ်ခုစီမှ  ၂၀ ဦးစီ စစ်မှုထမ်းရန် စစ်ကောင်စီက တောင်းယူနေ

AB News – ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ခေါ်ယူပြီး တစ်ရပ်ကွက်မှအမျိုးသား၂၀ ဦး စစ်မှုထမ်းရန် ပေးရမည်ဟု တောင်းယူနေကြောင်း AB News က စုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွှဲ ၂ နာရီခန့်တွင် သံတွဲမြို့နယ် ကညင်းကွင်းအုပ်စု
သို့သွားခဲ့ပြီး ကျေးရွာများက အုပ်ချုပ်ရေးမှူးများကို ခေါ်ယူကာ ၎င်းတို့တပ်တွင်စစ်မှုထမ်းရန်အတွက် တစ်ရပ်ကွက်မှ အမျိုးသားဦးရေ ၂၀ ခန့်ပေးရမည်ဟု ပြောလိုက်ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“စကစတွေက ရွာထဲကို ဝင်လာပြီး ဥက္ကဋ္ဌတွေကိုခေါ်ပါတယ်၊ တစ်ရပ်ကွက်က ယောကျာ်း ၂၀ တောင်းပါတယ်၊ လူတွေလည်းအကုန်လုံးကြောက်လန့်နေကြတယ်” ဟု ဆိုသည်။

အလားတူ စကစအဖွဲ့သည် မွန်းလွှဲ ၂ နာရီ ၂၆ မိနစ်တွင် ပိန်းတောကြီးအုပ်စုသို့ သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများကိုခေါ်ယူကာ  လူ ၂၀ တောင်းခဲ့ကြောင်း သိရသည်။

စစ်မှုထမ်းမည့်အမျိုးသားများမှာ အသက် ၂၅ နှစ်မှ အသက် ၄၅ နှစ်ပြည့်သူများဖြစ်ရမည်ဟုလည်း သိရသည်။

စစ်ကောင်စီအဖွဲ့တွင် စစ်မှုထမ်းရန် တစ်ရွာမှ လူ ၂၀ ရွေးရန်အတွက် မဲစနစ်ကို အသုံးပြုသွားမည်ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးများက စစ်ကောင်စီကို ပြောခဲ့ကြောင်းလည်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ဒေသခံပြည်သူများအားအတင်းအဓမ္မ စစ်မှုထမ်းရန် ဖိအားပေးလာသည်ကို မလိုလား၍ ထွက်ပြေး တိမ်းရှောင်သူများစွာ ရှိလာနေပြီး ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီအဖွဲ့က ကျောက်ဖြူမြို့ ကျောက်တလုံး မူဆလင်ဒုက္ခသည်စခန်းသို့သွားရောက်ပြီး အမျိုးသားများ နှင့် အမျိုးသမီးများအား စစ်မှုထမ်းရမည်ဟု ပြောသည့်အတွက် မူဆလင်လူငယ်များမှာ ထွက်ပြေးလာခဲ့ပြီး ရက္ခိုင့်တပ်တော်ထံ ခိုလှုံနေကြကြောင်း သိရသည်။

ရက္ခိုင်တိုင်ပွဲအတွင်း စစ်စခန်းများစွာဆုံးရှုံးနေရပြီး အသေအပျောက်များနေသည့် စစ်ကောင်စီအဖွဲ့သည် ၎င်းတို့၏ စစ်ရေးအင်အားဖြည့်တင်းရန်အတွက်၊ ဒေသခံပြည်သူများနှင့် တက္ကသိုလ် ကျောင်းသားများကိုပါ ဖမ်းဆီးလာနေသည်ကိုတွေ့ရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ