Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အထက်မြတ်လေးနှင့် သရက်အုပ်စစ်ဘေးရှောင်စခန်းတို့တွင် စစ်ဘေးရှောင်များ အရေပြားရောဂါ ဖြစ်ပွားမှု တိုးလာနေ၊ ကလေးငယ်တစ်ဦး ဆေးကုသမှုခံယူရန် ကျောက်တော်သို့သွားနေရ

ABN-ကိုဟိန်းထွန်း

ပုဏ္ဏားကျွန်းမြို့နယ်ရှိ အထက်မြတ်လေးစစ်ဘေးရှောင်စခန်း နှင့် ကျောက်တော်မြို့နယ်ရှိ သရက်အုပ်စစ်ဘေးရှောင် စခန်းတို့တွင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် စစ်ဘေးရှောင်များ အရေပြားရောဂါ ဖြစ်ပွားနေကြောင်း သိရသည်။

အထက်မြတ်လေးစစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေများရှားပါးနေခြင်း၊ ရေသန့်ရှင်းမှုမရှိခြင်းကြောင့် အရေပြားရောဂါဖြစ်ပွားသူ ၂၀ ဝန်းကျင်အထိရှိလာခဲ့ပြီဟု စခန်းတာဝန်ခံ လပြည့်အောင်မှ ABN ကိုပြောသည်။

“ရေက အရမ်းရှားပါးလာပါတယ်၊ရေတွေကမသန့်ရှင်းတော့ ရောဂါဖြစ်ပွားနှုန်းများလာပါတယ်၊ ၂၀ ဝန်းကျင်လောက်တောင်တိုးလာပါတယ်၊ ကျွန်တော်တို့လည်း သောက်သုံးရေ ရရှိအောင် လုပ်နေပါတယ်” ဟု ဆိုသည်။

အဆိုပါစခန်းတွင် အိမ်ထောင်စုအရေအတွက် ၁၃၀ ရှိပြီး လူဦးရေမှာ ၇၂၅ ဦး နေထိုင်သောစခန်းတစ်ခုဖြစ်သည့်အပြင် ဝမ်းပျက် ဝမ်းလျော၊ ဒူးနာခါးနာ၊ နှာစေး ချောင်းဆိုး ဖြစ်နေသူ ၁၀၀ ကျော်ခန့်အထိရှိနေကြောင်းလည်းသိရသည်။

အလားတူ ကျောက်တော်မြို့နယ်နယ်ရှိ သရက်အုပ်စစ်ဘေးရှောင်စခန်းတွင်လည်း မသန့်ရှင်းသည့် ချောင်းရေကို သုံးရေအဖြစ် အသုံးပြုနေရသည့်အတွက် စစ်ဘေးရှောင် ၄၀ ကျော်တို့၏ ခန္ဓာကိုယ်တွင် အနီရောင်အဖုများထခြင်းတို့ဖြစ်ပွားနေကြောင်း စစ်ဘေးရှောင်စခန်းမှ စာရေး ခိုင်မြဆန်းက ABN ကိုပြောသည်။

“ကျွန်မတို့က ချောင်းကရေတွေကို သုံးနေရပါတယ်၊ ရေကလည်းအရမ်းညစ်ပတ်နေတာပါ၊ ဒီရေတွေကြောင့် ရောဂါတွေဖြစ်လာပါတယ်၊ ဦးရေ ၄၀ တောင်ကျော်သွားပါပြီ၊ နွေအပူချိန်လည်းပြင်းထန်လာတာမို့ နောက်ထပ်လည်းဖြစ်လာနိုင်ပါတယ်” ဟုဆိုသည်။

စစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦးမှာ အရေပြားရောဂါကြောင့် ကျောက်တော်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရန် သွားနေရကြောင်း ၎င်းကဆက်ပြောသည်။

“ဒီမနက်ကပဲ ကလေးငယ်တစ်ဦး နေမကောင်းဖြစ်ပြီးတော့ ကျောက်တော်သို့သွားပါတယ်၊ သူနဲ့ပတ်သက်ပြီး ဘာမှမသိရသေးပါဘူး” ဟုဆိုသည်။

သရက်အုပ်စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် အိမ်ခြေ ၃၆၀ နဲ့ လူဦးရေ ၁၅၄၇ဦးရှိသဖြင့် သောက်သုံးရေညစ်ပတ်နေမှုကြောင့်အခက်ကြုံနေရသည့်စခန်းတစ်ခုဖြစ်သည်။

ကျောက်တော်မြို့နယ်ရှိ သရက်အုပ် စစ်ဘေးရှောင်စခန်းမှာ စခန်းအသစ်တစ်ခုဖြစ်ပြီး၊ စခန်းတည်ဆောက်ထားခဲ့သည်မှာလည်း ၂ လကျော်ခန့်သာကြာမြင့်သေးသည်ဟု သိရသည်။

ထိုစစ်ဘေးရှောင်စခန်းများမှာ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရခိုင်တပ်တော်တို့အကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်အတွင်း တကျော့ပြန် တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်ဘဲ စစ်ဘေးရှောင်နေကြရသူများဖြစ်သည်။

ရခိုင်ရှိ စစ်ဘေးရှောင်စခန်းအများစုတွင် ‌နွေရာသီ‌ရောက်လာသဖြင့် သောက်သုံးရေ ရှားပါးမှု ပြတ်လပ်မှုများနှင့် ကြုံလာနေရသည်ကို တွေ့ရှိရသည်။

ဓာတ်ပုံ-သရက်အုပ်စစ်ဘေးရှောင်စခန်းမှ ကလေးများနှင့် သက်ကြီးများတွင် အရေပြားရောဂါဖြစ်နေသည်ကိုတွေ့ရစဥ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ