Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သိမ်ပြင်စစ်ဘေးရှောင်စခန်းတွင် ခြင်သတ်ဆေးဖြန်းပေးရန် နှင့် ရေမြောင်းဖောက်ပေးရန် စစ်ဘေးရှောင်များတောင်းဆို

ABN-ဟိန်းထွန်း

သြဂုတ် ၁၂ ရက်

ရခိုင်ပြည်၊ ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်ရှိ သိမ်ပြင်စစ်ဘေးရှောင်စခန်းတွင် ခြင်သတ်ဆေးများဖြန်းပေးရန် နှင့် ရေမြောင်းများဖောက်လုပ်ပေးရန် စစ်ဘေးရှောင်များက တောင်းဆိုကြသည်။

သိမ်ပြင်စစ်ဘေးရှောင်စခန်းသည် သိမ်ပြင်ကျောင်းတိုက်အတွင်းရှိ ကန်ပျက်နေရာတွင် တည်ဆောက်ထားသည့်အတွက် ရေများဝပ်၍ ရေနှင့်ရွှံ့နွံများ အနယ်ထိုင်လျက်ရှိသည်ကို ABN သတင်းထောက်များ တွေ့ရှိခဲ့ရသည်။

မိုးရွာသွန်းခဲ့မှုကြောင့် စစ်ဘေးရှောင်စခန်းတွင် ရေများဖုံးလွှမ်းသွားခဲ့ကာ ကန်ပျက်နေရာများတွင် ညစ်နွမ်းသောရေများတင်ကျန်ခဲ့သဖြင့် ၎င်းရေများသည် ပုတ်စော်နံပြီး ခြင်များစွာကိုက်ခြင်းကြောင့် ရောဂါများဖြစ်ပွားလွယ်သည့်အတွက် ခြင်သတ်ဆေးများ ဖြန်းပေးရန်လိုအပ်ကြောင်း စာရေးမ မိုးမိုးနွယ်က ABN သို့ ပြောသည်။

“မိုးရေများတဲ့အတွက် ရေအများကြီးတက်သွားပါတယ်၊ စခန်းက ကန်ပျက်မှာဆောက်ထားတာပါ၊ ရေကပြန်မကျသွားပဲ ဒီအတိုင်းရှိနေပါတယ်၊ ပုတ်စော် လည်းနံတယ်၊ ခြင်တွေကိုက်လာတယ်၊ ရောဂါတွေလည်း ဖြစ်လာနိုင်တဲ့အတွက် ခြင်သတ်ဆေးတွေ ဖြန်းပေးဖို့တောင်းဆိုချင်ပါတယ်” ဟု ဆိုသည်။

ခြင်သတ်ဆေးဖြန်းပေးစေရန် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများကို အသိပေးပြောကြားခဲ့ပေမယ့်လည်း ယခုအချိန်အထိ မလုပ်ပေးသေးကြောင်းသိရသည်။

၎င်းစခန်းတွင် အိမ်ထောင်စုအရေအတွက် ၇၁ စုရှိပြီး၊ လူဦးရေ ကျား ၁၃၅ ဦး နှင့် မ ၁၅၃ ဦး၊ စုစုပေါင်း ၂၈၈ ဦးတို့နေထိုင်ကြကြောင်း တွေ့ရှိရသည်။

စစ်ဘေးရှောင်များသည် သိမ်ပြင်ဘုန်းကြီးကျောင်းအတွင်း၍ စခန်းဖွင့်ပြီးနေထိုင်ရသည့်အတွက်ကြောင့် စခန်းထဲရှိအနံ့ဆိုးများကို ဆရာတော်နေသည့်နေရာသို့ မပျံနှံ့စေလိုသည့်အတွက် အညစ်အကြေးရှိနေသောနေရာများကို ရေမြောင်းဖောက်ပေးစေလိုကြောင်း ၎င်းကဆက်၍ ပြောသည်။

“ကျမတို့က ဘုန်းကြီးကျောင်းအတွင်းမှာနေရတာပါ၊ ဆရာတော်လည်းရှိတယ်၊ စခန်းမှာဆိုတော့ အနံ့ဆိုးတွေလည်းထွက်ပါတယ်၊ အနံ့အဆိုးတွေက ဆရာတော်နေတဲ့အဆောင်ကိုလည်း မပျံ့နှံ့စေချင်ပါဘူး၊ အညစ်အကြေးတွေရှိတဲ့ နေရာတွေကို ရေမြောင်းတွေ ဖောက်ပေးစေချင်ပါတယ် ” ဟု ဆိုသည်။

ထိုစခန်းမှာ လေဝင်လေထွက်ကောင်းကောင်းမရရှိသည့်အနေအထားတွင်ရှိ၍ ခြင်ပေါက်ဖွားမှုလွယ်သည့်နေရာဖြစ်ကြောင်းတွေ့ရသည်။

စစ်ဘေးရှောင်များမှာ ပလဝမြို့နယ်မှ မွန်ထောင့်၊ စိမ်းညှင်းဝ၊ နှမဒါ၊ လိပ်ခေါင်း၊ ကြယက်ကိုင်း နှင့် ကျောက်တော်မြို့နယ်မှ ပြိုင်းတိုင်း၊ တင်းမ နှင့် မာလာရွာတို့မှ ဖြစ်ကြကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ