Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သရက်အုပ်စစ်ဘေးရှောင်စခန်းက အရေပြားရောဂါခံစားနေရသည့်ကလေးငယ်တစ်ဦး နှာခေါင်းသွေးလျှံ၍ စစ်တွေဆေးရုံသို့သွားရန် ငွေကြေးလိုအပ်နေ

သရက်အုပ်စစ်ဘေးရှောင်စခန်းက အရေပြားရောဂါခံစားနေရသည့်ကလေးငယ်တစ်ဦး နှာခေါင်းသွေးလျှံ၍ စစ်တွေဆေးရုံသို့သွားရန် ငွေကြေးလိုအပ်နေ

ABN- ကိုဟိန်းထွန်း

ကျောက်တော်မြို့နယ်၊ သရက်အုပ်စစ်ဘေးရှောင်စခန်းမှ အရေပြားရောဂါခံစားနေရသည့် ကလေးငယ်တစ်ဦး နှာခေါင်းသွေးလျှံလာပြီး စစ်တွေသို့ ဆေးရုံသွားပြချင်သော်လည်း ငွေကြေးမတတ်နိုင်၍ မသွားရဟု သိရသည်။

အသက် ၉ နှစ်အရွယ် ဒုတိယတန်း ကျောင်းသူ မဝင်းမှုံချေသည် ကျောက်တော်မြို့နယ် မြောင်းကြပ်ရွာမှ ဖြစ်ပြီး သရက်အုပ်စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့်စစ်ဘေးရှောင်တစ်ဦးဖြစ်သည်။

၎င်းကျောင်းသူမှာ ရောဂါပြင်းထန်လာသည့်အတွက်ကြောင့် မတ်လ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်က ကျောက်တော်မြို့ပြည်သူ့ဆေးရုံကြီးသို့သွားခဲ့ရာ အဆင်မပြေသဖြင့် ပြန်လာခဲ့ရပြီး ယနေ့ စစ်တွေသို့ဆေးရုံသွားပြချင်သော်လည်း ငွေကြေးမတတ်နိုင်ဖြစ်နေသည့်အတွက် တတ်နိုင်သည့်လူများ ထောက်ပံ့ပေးစေလိုကြောင်း မိခင်ဖြစ်သူ လှစံသာက ABN ကိုပြောသည်။

“ကလေးကထိုင်နေတာပါ၊ ရုတ်တရက်ဆိုသမျိုး နှာခေါင်းက သွေးယိုလာပါတယ်၊ ဘာလုပ်ပြီးဘာကိုင်ရမှန်းမသိတော့ ကလေးကိုခေါ်ပြီး ကျောက်တော်ဆေးရုံကို သွားခဲ့ပါတယ်၊ အဲ့ဒီမှာလည်းအဆင်မပြေလို့ ရွာကိုပြန်ခေါ်လာပါတယ်၊ ဒီနေ့မှာ စစ်တွေကိုသွားမယ်လုပ်တော့ ပိုက်ဆံက အလုံအလောက်မရှိဘူး၊ ပိုက်ဆံရှိရင် ဆေးခန်းသွားပြချင်ပါတယ်၊ တတ်နိုင်တဲ့သူတွေ ကူညီပေးကြပါလို့ အကူအညီတောင်းပါတယ်” ဟုပြောသည်။

၎င်းစခန်းတွင် ကျောက်ပေါက်ရောဂါဟုယူဆရသည့် အရေပြားရောဂါဖြစ်နေသူ ၅ ဦးရှိပြီး ၊ နောက်ထပ်လည်း ဖြစ်ပွားလာသူ ၃၀ခန့် ရှိကြောင်း စခန်းတာဝန်ရှိသူကပြောသည်။

နေမကောင်းသည့်ကလေးငယ်အတွက် ဆေးဝါးကုသမှု ထောက်ပံ့ပေးစေချင်ကြောင်း၊ စစ်တွေသို့ ဆေးကုသမှုခံယူရန်နှင့် ငွေကြေးကုန်ကျမှုများကို ကူညီပေးစေချင်ပါသည်ဟု စခန်းနေ စာရေး မြခိုင်ဆန်း က ABN ကိုပြောသည်။

“ကလေးက ငယ်ပါသေးတယ်၊ ခန္ဓာကိုယ်တွေမှာလည်း ကျောက်သေးတွေပေါ်လာပါတယ်၊ အဲ့ဒီရောဂါနဲ့ အမြဲလိုလို ငိုနေရပါတယ်၊ အဲ့ဒါကြောင့် ကလေးငယ်ရဲ့ ကုန်ကျမယ့်စရိတ်တွေကို တတ်နိုင်တဲ့သူတွေ ဝိုင်းဝန်းထောက်ပံ့ပေးစေချင်ပါတယ်” ဟု ဆိုသည်။

ထိုကလေးငယ်တွင် ကျောက်ပေါက်ရောဂါဟု ယူဆရသည့် အရေပြားရောဂါဖြစ်နေသည်မှာ ၂ လခန့် ကြာမြင့်နေပြီဟု သိရသည်။

ထိုစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် အိမ်ခြေ ၃၆၀ နှင့် လူဦးရေ ၁၅၄၇ဦးရှိပြီး သောက်ရေအခက်အခဲဖြင့် ရင်ဆိုင်နေရသည့်စခန်းတစ်ခုဖြစ်သည်။

ဓာတ်ပုံ-ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ