Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သက်ဆိုင်ရာအာဏာပိုင်ကို အသိပေးပြီး သွားရောက်ထောက်ပံ့နိုင်ကြောင်း ပြည်နယ်စစ်ကောင်စီပြော

ABN-ရှိုင်းမိုး

ဇွန် ၁၁ရက်

ဇွန်လ ၇ရက်နေ့က ရခိုင်ပြည်အတွင်းသို့ ကူညီကယ်ဆယ်ရေးပေးနေသည့် NGOနှင့် တခြားပရဟိတအဖွဲ့စည်းများကို ကူညီကယ်ဆယ်ပေးရန် ခရီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်သည်။

လက်ရှိတွင် ကူညီကယ်ဆယ်ရေး

သွားမည်ဆိုလျှင် သက်ဆိုင်ရာအာဏာပိုင်များကို အကြောင်းကြားပြီး သွားလို့ရကြောင်း ရခိုင်စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းကပြောသည်။

“ပြည်ထောင်စု ဘေးစီမံ( DMC )နဲ့ ရခိုင်ပြည်နယ် အစိုးရပူးပေါင်းပြီး ကယ်ဆယ်ရေးပြန်လည်ထူထောင်းရေး လုပ်နေပါတယ်။ NGOဆိုတာ အစိုးရမဟုတ်တဲ့ အဖွဲ့စည်းတွေပါ။ ဥပဒေအရ မှတ်ပုံတင်ဖွဲ့စည်းထားကြရပါတယ်။ ဒီအဖွဲ့စည်းတွေ ကယ်ဆယ်ရေး၊ ထောက်ပံရေးလုပ်ရင် သက်ဆိုင်ရာဒေသအာဏာပိုင် ( မစဖ) တွေအသိပေးဖို့လိုပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ ရသူက နှစ်ခါထပ် သုံးခါထပ် ရသူရပြီး တစ်ချို့က တစ်ခါဘဲ ရတာရှိရင် အဓိကအားဖြင့် စီမံတဲ့အစိုးရကိုဘဲ လက်ညှိုးထိုးမှာဖြစ်လို့ NGO တွေ လှူဒါန်းထောက်ပံ့တာတွေ လုပ်မယ်ဆိုရင် တားမြစ်တာ မရှိပါ။ သက်ဆိုင်ရာ အာဏာပိုင်ကို သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ဖို့ပါဘဲ” ဟု ၎င်း၏ ဖေ့ဘုတ်တွင် ရေးသား၍ သတင်းပေးထားသည်။

မိုခါမုန်တိုင်းကြောင့် စာသင်ကျောင်း ၁၅၃၈ပျက်စီးသွားခဲ့သည်။ ထို ပျက်စီးသွားသည့် ပညာရေးကျောင်းများကို အမြန်ဆုံးလုပ်ပေးသွားမည်ဟု ၎င်းကဆက်ပြောသည်။

“မိုခါကြောင့် အခြေခံ ပညာသင်ကျောင်းပေါင်း (၁၅၃၈) ပျက်သွားပါတယ်၊ အခု (၃၇၅)ကျောင်းပြင်ပြီးပါပြီ။ (၉၉၀)ကျောင်း ပြင်ဆဲ ဖြစ်ပါတယ်။ ပြုပြင်ရန်ကျန် (၁၇၃) ကျောင်းဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူ (၄၅၀၀၀၀) ကျော် ကျောင်းတက်နေကြပြီလို့ သိရပါတယ်။ ပျက်တဲ့ကျောင်းတွေအတွက် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွေမှာ ကျောင်းတက်ဖို့ ကြိုတင်စီမံထားပါတယ်။ ပျက်တဲ့ကျောင်းတွေ အချိန်တိုအတွင်း ပြန်ဆောက်ကြဖို့ ရှိပါတယ်” ဟုပြောသည်။

ကယ်ဆယ်ပေးမည်ဆိုရင် သက်ဆိုင်ရာကို ခွင့်တောင်းရမည်ဟုပြောထားသော်လည်း၊ ထိုသက်ဆိုင်ရာမှ ဂရုတစိုက်အလေးထားပြီး လုပ်ဆောင်ပေးဖို့လိုအပ်သည်ဟု ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ကိုခိုင်ကောင်းစံကပြောသည်။

” ကျွန်နော်ကတော့ သက်ဆိုင်ရာတွေကိုအကြောင်းကြားထားတာမရှိသေးပါဘူး၊ သက်ဆိုင်ရာကို အကြောင်းကြားရင် သွားခွင့်ပေးမယ်လို့ပြောတယ်ဆိုရင် သူတို့အနေနဲ့အလျော့ပေးတယ်လို့ပြောရမယ်၊ အခုဆိုရင် ဘာပဲပြောပြော သူတို့အုပ်ချုပ်မှုအောက်မှာနေကြရတယ်ဆိုတော့ သူတို့ကခွင့်ပြုမယ်လို့ပြောရင် ကောင်းတာပေါ့၊ ဒါပေမယ့် ကျွန်တော် တင်ပြတဲ့အချိန်မှာ ခွင့်ပြုပေးဖို့လိုပါတယ်၊ တင်ပြလိုက်တဲ့အချိန်မှာ အကြောင်းအမျိုးမျိုးပြပြီး ကြန့်ကြာနေတာမျိုးမဖြစ်ဖို့လိုတယ်၊ နောက်ပြီး တင်ပြလာတာကိုလည်း အမြန်ဆုံးလုပ်ပေးဖို့လိုပါတယ်၊ ဘာလို့လဲဆိုတော့ အခုက အရေးပေါ်ကာလဖြစ်တဲ့အတွက် ၁ ပတ်ကြာမှ၊ ၂ ပတ်ကြာမှ ခွင့်ပြုပေးမယ်ဆိုတာလည်းမဖြစ်နိုင်ဘူး၊ ကျနော်တို့ ဖက်ကလည်း ခိုင်လုံစွာတင်ပြပေးရင် သူတို့ဖက်ကလည်း အချိန်တို အတွင်းဖြစ်စေ၊ ရက်ပိုင်းအတွင်းဖြစ်စေလုပ်ပေးဖို့လိုပါတယ်” ဟုကိုခိုင်ကောင်းစံကဆိုသည်။

စစ်ကောင်စီက မုန်တိုင်းသင့်ပြည်သူများအားကယ်ဆယ်ရေး အဖွဲ့ ပေးနေသည့် အဖွဲ့များအား ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်သည့်အတွက် နိုင်ငံတကာနှင့် အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ