Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဝန်ဗိုက်ဒီရေတောကြိုးဝိုင်းကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ထောက်ပံ့ငွေများလိုအပ်နေ

ဝန်ဗိုက်ဒီရေတောကြိုးဝိုင်းကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ထောက်ပံ့ငွေများလိုအပ်နေ

ABN-ရာဟု

သြဂုတ် ၄ ရက်

ရခိုင်ပြည် ရမ်းဗြဲမြို့နယ်တွင်ရှိသည့် ဝန်ဗိုက်ဒီရေတောကြီးမှာ အာရှတွင် ဒုတိယအကြီးဆုံး ဒီရေသစ်တောကြိုးဝိုင်းကြီးတစ်ခုဖြစ်ပြီး ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ထောက်ပံ့ငွေများ လိုအပ်လျှက်ရှိနေ​သည်ဟု ဒီရေတော ထိန်းသိမ်းစောင့်ရှောက်နေကြသည့်ဒေသခံအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

၀န်ဗိုက်ဒီရတေောမှာ ၅၆၆၃၃ ဧကအထိကျယ်၀န်းကာ အာရှတွင်ဒုတိယအကြီးဆုံး ဒီရေတောတစ်ခုဖြစ်ကာသဘာဝပတ်ဝန်းကျင်အတွက် ဒီရေတောသစ်ပင်များကို ပြန်လည်းထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်အဓိကနေရာတစ်ခုဖြစ်သည်။

အစိုးရသစ်တောဌာနမှ သစ်တော၀န်ထမ်းများ၂၀၂၀ ခုနှစ်အစောပိုင်းကတည်းက နိုင်ငံရေးအခြေအနေကြောင့် ၀န်ဗိုက်ဒီရေမှ ထွက်သွားပြီးနောက် ပြန်လည်လာရောက်ခြင်းမရှိသည့်အတွက်၂၀၂၀ခုနှစ် စက်တင်ဘာလတွင် ဒီရေတောအနီးအနားရှိ ကျေးရွာပေါင်း ၁၄ ရွာမှ ဒေသခံ ပြည်သူများစုပေါင်းဖွဲ့စည်းကာ ဝန်ဗိုက်ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအသင်းကိုဖွဲ့စည်းပြီး ထိန်းသိမ်းစောင့်ရှောက်နေသည်မှာ ၄နှစ်အထိရှိလာပြီးဖြစ်ကြောင်း ကြိုးဝိုင်းထိန်းသိမ်းစောင့်ရှောက်ရေးဥက္ကဌ ဦးထွေးအောင်က ပြောကြားသည်။

“ကျနော်တို့ အနီးအနားကရွာ ၁၄ရွာစုပြီး ထိန်းသိမ်းစောင့်ရှောက်လာတာ ၄နှစ်ရှိပါပြီ၊ ရန်ပုံငွေမရှိဘဲ ထိမ်းသိမ်းလာတာပါ၊ ငွေကြေးအခက်အခဲတွေရှိပါတယ်” ဟု ဥက္ကဌ ဦးထွေးအောင်က ABN သို့ပြောသည်။

ဒီရေသစ်တောကြိုးဝိုင်းကို ကင်းလှည့်နိုင်ရန် စက်လှေ ၃ စင်းအသုံးပြုထားပြီး တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ ကင်းလှည့်ခြင်းများကိုပုံမှန်ပြုလုပ်လျက်ရှိသော်လည်း ယခုနစ်တွင် ကင်းလှည့်သွားလာရန်အတွက် စက်သုံးဓာတ်ဆီဝယ်ယူရန် ငွေကြေးအခက်အခဲများရှိနေကြောင်း​ သိရှိရသည်။

ဒီရေတောကြီးကို တစ်ရက်ကင်းလှည့်လျှင် ဓာတ်ဆီ ၁၅ ဂါလံခန့် ကုန်ကျပြီး တစ်လလျှင် ၁၂၀ ဂါလံမျှကုန်ကျကာ ဓာတ်ဆီ ၁ဂါလံကို ငွေ၁သောင်းကျော်နီးပါးပေးဝယ်နေရသဖြင့် ငွေကြေးအကူအညီထောက်ပံ့ပေးမှုများစွာလိုအပ်နေကြောင်းဆိုသည်။

“ကျနော်တို့က တာဝန်သိစိတ်နှင့် စုပေါင်းထိန်းသိမ်းစောင့်ရှောက်နေတာပါ၊ ငွေကြေးမပြည်စုံပါဘူး၊ ခုစက်သုံးဆီစျေးကလည်း တအားတက်နေတော့ စက်လှေတစ်စီးဆို တစ်နေ့ဆီ ၅ဂါလံကုန်တယ် ၃စီးဆိုတော့၁၅ဂါလံကုန်နေတာ၊ ငွေ​လိုက်မနိုင်ဘူးဖြစ်နေတယ်။ ပြည်သူတွေအနေနဲ့ အဖွဲ့အစည်းတွေဆီက ကူညီထောက်ပံ့မှုတွေ ရစေချင်တယ် ” ဟု ကြိုးဝိုင်းထိန်းသိမ်းရေးအဖွဲ့ဥက္ကဌက ABN သို့ပြောဆိုသည်။

စက်သုံးဆီစရိတ်အခက်အခဲကြောင့် ပုံမှန် ကင်းလှည့်နိုင်ခြင်း မရှိသည့်အတွက် သစ်နှင့် ထင်းလာရောက်ခုတ်သူတွေ ပိုတိုးလာလျက်ရှိနေကြောင်း သစ်တောထိမ်းသိန်းရေးနာယကအဖွဲ့ဝင် ဦးမောင်သိန်းကျော် ကပြောသည်။

“ကျနော်တို့က ဖမ်းစီးရမိတာတွေကို နောက်ပြန် မလုပ်ဖို့နဲ့ သဘာဝအတွက်အရေးပါတာတွေကို သူတို့သိအောင်ပြောပြတာတွေလုပ်ပြီးရင် ပြန်လွှတ်ပေးလိုက်တာပါဘဲ၊ ဆီစရိတ်ဈေးကြီးလို့ ကင်းလှည့်တာကို ပုံမှန်မလုပ်နိုင်ဘူး။ ဒီတော့ခါ သစ်ခုတ် ထင်းခုတ်သူတွေ ပိုတိုးလာနေပါတယ်” ဟု ABNသို့ပြောသည်။

ထင်းနှင့် သစ်များတရားမ၀င်ခိုးထုတ်ခြင်းကြောင့် အပင်ကြီးများမရှိသလောက်နည်းပါးကာ ၇၅ ရာခိုင်နှုန်းခန့် ပြုန်းတီးမှုနဲ့ ရင်ဆိုင်နေရသည့်အတွက် စနစ်တကျနှင့် သက်ဆိုက်ရာ အစိုးရအဖွဲ့က ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ရန်အရေးတကြီး လိုအပ်နေသည့် နေရာတစ်ခုဖြစ်သည်။

ဒီရေတောများသည် သဘာဝပတ်ဝန်ကျင် ဂေဟစနစ်နှင့်သားငါးပုဇွန်များပေါက်ဖွားကြီးထွားရာနေရာဒေသဖြစ်သလို၊ အဆိပ်အတောက်ဖြစ်သည့် ကာဗွန်ကိုစုပ်ယူနိုင်ပြီး သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းများမှ ပင်လယ်လှိုင်းနှင့် ကမ်းရိုးတန်းဒေသမြေပြိုမှုများကို ကာကွယ်ပေးနိုင်သည်သာမက လူသားများ လိုအပ်သည့် အောက်ဆီဂျင်ဓာတ်ငွေ့များကို တစ်ခြားသစ်ပင်များထက် ပိုထုတ်လွှတ်ပေးနိုင်သည့် အပင်များဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ