ရှိုင်းမိုး Arakan Bay News-ABN
ရခိုင်ပြည်ရှိ မြို့အချို့တွင် စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်းနှင့် ကျောက်တော်မြို့ထဲတွင် လမ်းသွား လမ်းလာပြည်သူများအား စစ်ကောင်စီတပ်မှ ဓာတ်ပုံလိုက်ရိုက်နေသည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။
ယနေ့ ဇန်နဝါရီလ ၄ရက် မနက် ၉နာရီခွဲလောက်အချိန်တွင် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်း မြို့များတွင် စစ်ရေးလှုပ်ရှားမှုများရှိနေပြီး မင်းပြားမြို့တွင် စစ်ကောင်စီတပ်ရင်းများမှ တပ်ဖွဲ့ဝင်များ မြို့ထဲရှိ နေရာအချို့တွင် လုံခြုံရေးယူနေကြကြောင်း သိရသည်။
ကျောက်တော်မြို့တွင် ၇ နာရီကျော်လောက်အချိန်မှစ၍ ကျောက်တော်မြို့ မီးသတ်ခွဆုံနှင့် ဦးဥတ္တမပန်းခြံရှေ့တွင် ပြည်သူတွေကို ဓာတ်ပုံလိုက်ရိုက်နေသည်ဟုလည်းသိရသည်။
” သူတို့က ဓာတ်ပုံလိုက်ရိုက်ပါတယ်၊ ကားတွေကိုလည်း တံဆိပ်တွေလိုက်ကပ်ပါတယ်၊ ဓာတ်ပုံရိုက်တာက လွတ်လပ်ရေးနေ့ဖြစ်လို အမှတ်တရလိုက်ရိုက်တာပါလို့သူတို့ပြောပါတယ်၊ စိတ်မဆိုးပါနဲ့ ဒီတိုင်းအမှတ်တရဖြစ်အောင်ရိုက်တာပါ” ဟုပြောသည်။
” မနက်စောစော ၆နာရီခွဲလောက်ကတည်းက သူတို့မြို့ထဲကိုဝင်ပြီး သွားလာနေကြပါတယ်၊ နေရာတိုင်းနီးပါးသူတိုပြည့်နေကြပါတယ်၊ အင်အားကတော့ ၇၀ ကျော်လောက်ရှိပါတယ်” ဟု ဒေသခံတစ်ဦးမှပြောသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့ ၅၅၀တပ်ရင်းမှ စစ်ကောင်စီတပ်သားများ အင်အား ၃၀ ကျော်ခန့်သည် ပုဏ္ဏားကျွန်း မြို့မစျေးထဲတွင် သွားလာလှုပ်ရှားနေကြောင်းသိရသည်။
ယနေ့ စစ်တွေမြို့တွင် နံနက် ၈နာရီကျော်ခန့်အချိန်တွင် လုပ်ကြံသတ်ဖြတ်ခံရပြီး လူ ၃ ဦးသေဆုံးသွားကြောင်းသိရသည်။


