![လွတ်လပ်ရေးနေ့တွင် ရက္ခိုင်ပြည် မြို့ ၂ ခုမှ အကျဥ်းသား ၁၄၇ ဦးလွတ်မြောက်](https://i0.wp.com/arakanbaynews.com/wp-content/uploads/2024/01/image-11.png?resize=650%2C488&ssl=1)
AB News – ဇန်နဝါရီ ၄၊ ၂၀၂၄
စကစအဖွဲ့က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံတစ်ဝှမ်းတွင် အကျဥ်းချခံထားရသောအကျဥ်းသား ၉၆၅၂ ဦးကိုလွတ်ငြိမ်းခွင့်ပြုခဲ့ရာ ရက္ခိုင်ပြည် မြို့ ၂ ခုမှလည်း အကျဥ်းသား၊ အကျဥ်းသူ ၁၄၇ ဦးလွတ်မြောက်လာခဲ့ကြောင်း သိရသည်။
လွတ်မြောက်လာသူများထဲတွင် စစ်တွေအကျဥ်းထောင်မှ ၉၈ ဦးနှင့် ဘူးသီးတောင်ထောင်မှ ၄၉ ဦးတို့ဖြစ်သည်။
လွတ်လပ်ရေးနေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည့်အတွက် အလွန်ဝမ်းသာမိကြောင်း ဘူးသီးတောင်မြို့ခံ တစ်ဦးက AB News သို့ပြောသည်။
” နှစ်ရှည်ထောင်ဒဏ်ချထားတာပါ၊ ဒီနေ့လွှတ်မှာကိုလည်းမသိတော့ အရမ်းဝမ်းသာမိပါတယ် ” ဟု ဆိုသည်။
၎င်းတို့ယနေ့ ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေး နေ့ ၊ နံနက်ပိုင်း ၉ နာရီကျော်တွင် စစ်တွေအကျဥ်းထောင်နှင့် ဘူးသီးတောင်အကျဥ်းထောင်တို့မှ ပြန်လည်လွတ်ခဲ့သည်။
၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မြန်မာတစ်ဝှမ်းရှိ ထောင်များမှ အကျဥ်းသား၊ အကျဥ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံခြားသား အကျဥ်းသား ၁၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း ယနေ့ နံနက်ပိုင်းက စကစပိုင်ဝါဒဖြန့် မီဒီယာများက ထုတ်လွှင့်သည်ကိုတွေ့ရသည်။