Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လျှပ်စစ်ဓာတ်အားလိုင်း ပုဏ္ဏားကျွန်း နှင့် စစ်တွေတွင် စတင်ရရှိ၊ ရပ်ကွက်အချို့မရရှိသေး

ABN-ကိုဟိန်းထွန်း

ဇွန် ၈ ရက်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နှင့် စစ်တွေမြို့တွင်

မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားခဲ့သည့်လျှပ်စစ်ဓာတ်အားလိုင်းများ ယမန်နေ့ ည ၉ နာရီ နှင့် ၁၀ နာရီခွဲကြားတွင် စတင်ရရှိပြီဖြစ်ကြောင်း ABN မှ စုံစမ်းသိရှိရသည်။

ပုဏ္ဏားကျွန်းမြို့တွင်ည ၉ နာရီခွဲခန့်တွင် မီးစတင်ရခဲ့ပြီး ညလုံးပေါက် မပြတ်တောက်ခဲ့ဟု သိရသည်။

သို့သော်လည်း ရပ်ကွက်အချို့တွင် ဝါယာကြိုးများမပြီးစီးသည့်အတွက် မီးမရဘဲရှိကြောင်း ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက ABN သို့ ပြောသည်။

“မီးတော့ရပါပြီ၊ တစ်ညလုံးမပြတ်ခဲ့ပါဘူး၊ တစ်ချို့ရပ်ကွပ်တွေမှာတော့မရသေးပါဘူး၊ မီးကြိုးတွေပြတ်နေတာရှိတယ်၊ ပြန်လည်ပြုပြင်ပြီးမှပေးမယ်လို့ သိရပါတယ်” ဟု ဆိုသည်။

ပုဏ္ဏားကျွန်းတွင် မြို့ပေါ်ရပ်ကွက်များဖြစ်သော အလယ်စုရပ်ကွက်၊ မြို့သစ်ရပ်ကွက် နှင့်စံပြရပ်ကွက်များ၌သာ လျပ်စစ်မီးရသေးကြောင်း သိရသည်။

အိမ်အများအပြားတွင် မီတာပုံးများ မိုးရေဝင်၍ပျက်စီးနေပြီး၊ မီတာပုံး တပ်ဆင်ခ ၂သောင်းခန့်ပေးရကြောင်း ၎င်းမှဆက်၍ပြောသည်။

“အိမ်တွေအများစုရဲ့မီတာပုံးတွေမှာ မိုးရေဝင်သွားလို့ လျှပ်စစ်မီးမရရှိတဲ့အိမ်တွေရှိတယ်၊ မီးတပ်ဆင်ပြီးလျှင် EPC ကို ပိုက်ဆံ ၂သောင်းလောက်ပေးရပါတယ် ” ဟု ဆိုသည်။

လက်ရှိအချိန်အထိ လျှပ်စစ်မီးရရှိနေသော်လည်းပြန်လည်ပြတ်တောက်သွားမည်ကို တိတိကျကျမသိရှိရသေးဘဲ လျှပ်စစ်မီးပေးမည့် အချိန်ကိုလည်း EPC က တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။

ထို့အပြင် စစ်တွေမြို့တွင်လည်း ယမန်နေ့ ၁၀ နာရီခွဲ က လျှပ်စစ်မီးစတင်ရရှိခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ပြတ်တောက်သွားခဲ့ကြောင်း မကျည်းမြိုင် ဒေသခံတစ်ဦးက ABN သို့ပြောသည်။

“မနေ့ကည ၁၀ နာရီခွဲလောက်ကမီးလာပါတယ်၊ လမ်းမီးတွေလည်းလင်းနေတယ်၊ ဒီနေ့နံနက်ပိုင်းက စပြီးပြတ်တောက်သွားပါတယ် ” ဟုဆိုသည်။

စစ်တွေမြို့ပေါ်ရှိ ရဲနွယ်စုရပ်ကွက်၊ ဘောလုံးကွင်းရပ်ကွက်၊ မောလိပ်ရပ်ကွက်၊ ရူပတောင်ရပ်ကွက် နှင့် မကျည်းမြိုင်ရပ်ကွက်များတွင် လျပ်စစ်မီး ရနေပြီဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီးများ အကုန်လုံးရရှိခြင်းမဟုတ်ပဲ ဓာတ်တိုင်များပျက်စီးနေသောအိမ်များတွင် ပြန်လည်ပြုပြင်ဖို့လိုအပ်နေကြောင်း ၎င်းမှဆက်၍ ပြောသည်။

“မီးကတော့အကုန်လုံးရတာမဟုတ်ဘူး၊ ဓာတ်တိုင်တွေပျက်စီးနေတဲ့အိမ်တွေကမရဘူး၊ ပြုပြင်ဖို့လိုအပ်နေပါတယ်” ဟု ဆိုသည်။

မုန်တိုင်းသင့်ခဲ့သော တခြားသော မြို့များနှင့် မြို့နယ် ကျေးလက်များတွင် လက်ရှိအချိန်ထိ လျပ်စစ်မီးမရှိသေးပေ။

ထို့ကြောင့် ဆိုလာမီး၊ မီးစက်များကို အသုံးပြုပြီး အသုံးပြုနေရသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ