Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ဆိုးရွားပြင်းထန်သော စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီအား နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများက ဝိုင်းဝန်းဆန့်ကျင် တားဆီးပေးကြရန် ULA တိုက်တွန်း

AB News-ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄

ရက္ခိုင်တွင် စစ်ကောင်စီသည် လက်နက်များကို အကန့်အသတ်မရှိ ကြည်း၊ ရေ၊ လေ အသုံးပြုတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အစုလိုက်အပြုံသေကြေပျက်စီးမှုများ ရှိလာနေပြီး၊ မြို့၊ ရွာများစွာ မီးလောင်ပျက်စီးခဲ့ရပြီးဖြစ်သည်။

စစ်ကောင်စီတပ်စခန်းများမှ ရရှိသော မြေပုံညွှန်း သက်သေများအရ စစ်ကောင်စီသည် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများနှင့် မြို့ပြ ရပ်ကွက်များကို တမင်ရည်ရွယ်ချက် ရှိရှိ ပစ်ခတ် တိုက်ခိုက်လျက်ရှိသည်မှာ ပေါ်လွှင်သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မနက် ၈ နာရီ ၁၀ မိနစ်က စစ်တွေမြို့ ပွိုင့်ကမ်းခြေအနီရှိ စစ်ကောင်စီ၏ ရေတပ်စစ်သင်္ဘောမှ ပစ်ခတ်သည့် လက်နက်ကြီးသည် စစ်တွေမြို့မဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၂ ဦးနေရာတွင် သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်ရရှိသူ ၃၂ ဦးရှိရာ ၁ ဦးမှာ ဆေးရုံတွင် သေဆုံးသွားခဲ့သည်။

ထို့အပြင် အသေးစား ဒဏ်ရာရှိသူ ၅၀ ဦးခန့် ရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ယနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့သော လက်နက်အားကိုးဖြင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းပြင်းထန်စွာ ကျူးလွန်နေသည့် စစ်ကောင်စီအား ဝိုင်းဝန်းဆန့်ကျင်တားဆီးပေးကြရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အိမ်နီးချင်းနိုင်ငံများအား ULA ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တိုက်တွန်းလိုက်သည်။

“အကြမ်းဖက် စစ်ကောင်စီ၏ ယခုကဲ့သော လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ဆိုးရွားပြင်းထန်သော စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းအား နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် ဝိုင်းဝန်း ဆန့်ကျင်တားဆီးပေးကြပါရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ အာရက္ခပြည်သူ လူထုများကိုယ်စား အလေးအနက် တိုက်တွန်းလိုက်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့အပြင် စစ်ကောင်စီသည် စစ်တွေမြို့ကို နောက်ဆုံးခံတပ်အဖြစ် ပြင်ဆင်ထားပြီး စစ်တွေ မြို့တွင်းရှိ ပြည်သူများကိုလည်း တားဆီး စစ်ဆေးရေးဂိတ် အတန်တန်ချထားကာ မြို့ပြင်သို့ လုံးဝ ထွက်ခွင့် ပိတ်ထားသည်။

ထို့ကြောင့် စစ်တွေမြို့တွင်းရှိ ပြည်သူများမှာ စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ် ခံနေရပြီး ကယ်သူမဲ့ အခြေအနေသို့ ဆိုက်ရောက်လျက်ရှိနေသည်။

ရက္ခိုင်တွင် တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ အစောပိုင်းကလည်း ပေါက်တောမြို့ထဲရှိ ပြည်သူများမှာ စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ် ခံခဲ့ရပြီး ဒါဇင်နဲ့ချီသည့် အပြစ်မဲ့ပြည်သူများ စစ်ကောင်စီ၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။

ထို့အပြင် ရမ်းဗြဲမြို့တွင်လည်း တစ်မြို့လုံးအား စစ်ကောင်စီက ကြည်း၊ ရေ၊ လေသုံး တိုက်ခိုက်မှုကြောင့် ပြည်သူပိုင် ပစ္စည်း ဥစ္စာများ၊ အိုးအိမ်များ အားလုံးနီးပါး ပျက်စီးသွားခဲ့ရပြီဖြစ်သည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ