AB News – မေ ၂၊ ၂၀၂၅
မြန်မာနိုင်ငံအတွင်း ပြီးခဲ့သည့် မတ်လက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ပျက်စီးသွားသည့် အဆောက်အဦးများဖယ်ရှားရန်နှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရန် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ တစ်လတာ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမြှင့်ကြောင်း ယမန်နေ့က ထုတ်ပြန်လိုက်သည်။
အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ပထမအကြိမ် ညီနောင်မဟာမိတ် (၃)ဖွဲ့က ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ လူသားချင်းစာနာမှုဆိုင်ရာအပစ်ရပ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဒုတိယအကြိမ် ယခု မေ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းဖြစ်သည်။
အင်အားကြီးငလျင်နှင့်နောက်ဆက်တွဲငလျင်ငယ်များကြောင့် မြန်မာနိုင်ငံအနှံ့အပြား၌ ထိခိုက်ပျက်စီးမှုများကို စစ်ကောင်စီအဖွဲ့မှ ၁ လ ကြာသည့်တိုင် ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ပြောဆိုထားသည်။
ထို့အပြင် ညီနောင်မဟာမိတ် (၃)ဖွဲ့သည် အပစ်ရပ်ထုတ်ပြန်လိုက်ချိန်မှစ၍ စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပွားနေသော နေရာများတွင် ခုခံကာကွယ်သည့်တုံ့ပြန်မှုများမှလွဲ၍ မည်သည့်ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးမှ မပြုလုပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။