Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လူထုဇော်ဝင်းအပါအဝင် ကျောက်တော်မြို့နယ်မှ ဒေသခံ ၃ဦး အပြီးသတ်အမိန့်မချဘဲ၊ အကြိမ်ကြိမ် ရုံးချိန်းရွှေ့ဆိုင်ခံနေရ

လူထုဇော်ဝင်းအပါအဝင် ကျောက်တော်မြို့နယ်မှ ဒေသခံ ၃ဦး အပြီးသတ်အမိန့်မချဘဲ၊ အကြိမ်ကြိမ် ရုံးချိန်းရွှေ့ဆိုင်ခံနေရ

ABN-ရှိုင်းမိုး

ဇူလိုင် ၁၁ ရက်

ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသည့် ကျောက်တော်မှ လူထုဇော်ဝင်း အပါအဝင် ဒေသခံ ၃ဦးကို အပြီးသတ်အမိန့်မချဘဲ၊ အကြိမ်ကြိမ် ရုံးချိန်းရွှေ့ဆိုင်းခံနေရသည်ဟုသိရသည်။

ယမန်နေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း ထူးခြားမှုတစုံတရာမရှိဘဲ ဇူလိုင်လ ၂၄ ရက်နေ့သို့ ရုံးချိန်းထပ်မံရွှေ့လိုက်သည်ဟု မိသားစုဝင် ၁ ဦးကပြောသည်။

“အပြီးသတ်အမိန့်ချဖို့ဘဲလိုတော့တယ်၊ တခြားဘာမှစစ်ဆေးစရာမရှိတော့ဘူး၊ သူတို့အပြစ်ရှိရင် အပြစ်ပေးခံရမယ်၊ မရှိရင် ပြန်လွှတ်ပေးရမယ်၊ အဲဒါတခုကျန်တော့တယ်၊ ဒါကိုအကြောင်းအမျိုးမျိုးပြပြီးရုံးချိန်းနေကြတယ်” ဟု ပြောသည်။

ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသူများမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဦးဇော်ဝင်း(ခေါ်) လူထုဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်နှင့် ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက်တို့ဖြစ်ကြသည်။

အပြစ်မရှိဘဲ ၁ နှစ်ကျော်ကြာ ဖမ်းချုပ်ထားသည့်အတွက် ဖမ်းချုပ်ခံထားရသူနှင့် မိသားစုဝင်များမှာ နစ်နာမှုရှိကြောင်း နောက်ထပ် မိသားစုဝင် ၁ ဦးက ပြောသည်။

“ကျွန်တော်တို့က နစ်နာသူတွေ၊ ဘာအပြစ်မှရှိကြတာလဲမဟုတ်ဘူး၊ အခုဖမ်းထားတာလဲ ၁နှစ်ကျော်ပြီး၊ ​သူတို့လည်းစစ်ဆေးပြီးကြပြီ၊ အမိန့်ချဖို့ကျန်တော့တာ၊ အဲဒါကိုသူတို့က ​မလုပ်ပေးကြဘူး” ဟုပြောသည်။

ထို ၃ဦးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် AAနှင့်ပတ်သက်ဆက်စပ်သည်ဟုစွပ်စွဲကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များဖမ်းဆီးခြင်းကိုခံခဲ့ရသူများဖြစ်ကြသည်။

ရခိုင်တွင် AAနှင့်ဆက်စပ်သည်ဟုစွပ်စွဲပြီး စစ်ကောင်စီမှ ဖမ်းဆီးထားသော သူများကို AAနှင့် စစ်ကောင်စီတို့ အပစ်ခတ်ရပ်စဲသည့်အချိန်တွင် စစ်ကောင်စီဖက်မှ မတရားဖမ်းဆီးထားသူများကိုလွှတ်ပေးမည်ဟုကတိပေးထားသော်လည်း ယနေ့ချိန်ထိ ပြန်လည်လွတ်မြောက်လာသူ တစ်ဦးမှမရှိသေးသည်ကို ABN ကစုံစမ်းသိရှိရသည်။

​လွတ်မြောက်လာသူများမှာလည်း လွတ်ရက်စေ့၍ လွတ်မြောက်လာသူများသာဖြစ်ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ