Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လူထုဇော်ဝင်းအပါဝင် ၆ဦးကို ကျောက်တော်တွင် ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီတရားလိုထပ်မံပျက်ကွက်

ABN- ရှိုင်းမိုး

ရခိုင်ပြည် ကျောက်တော်မြို့နယ်တရားရုံးတွင် ယနေ့ နံနက် ၁၁ နာရီကျော်အချိန်က လူထုဇော်ဝင်းအပါဝင် ၆ဦးကို ရုံးထုတ်ခဲ့သော်လည်း တရားလို ပျက်ကွက်၍ စစ်ဆေးနိုင်ခြင်းမရှိခဲ့ဟု သိရသည်။

နောက်ထပ် ရုံးချိန်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့သို့ ထပ်မံ ရုံးချိန်း ရွှေ့လိုက်ကြောင်း သိရသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသူများမှာ ကျောက်တော်​မြို့မှ လူထုဇော်ဝင်း၊ စစ်တွေမြို့မှ ကိုဇော်မိုးထက်၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်တို့ဖြစ်ကြပြီး၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ ( ၁ ) ဖြင့် တရားစွဲဆိုခံထားရသူများမှာ ကျောက်‌တော်မြို့နယ် သရက်တပင်ရွာမှ ဦးမောင်စိုးသာ၊ မင်းပြားမြို့နယ်မှ အပျော်တမ်း ဓာတ်ပုံဆရာ ကိုစောမိုးကျော် နှင့် ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်းတို့ဖြစ်ကြသည်။

ရုံးထုတ်တိုင်း တရားလို မရောက်ဘဲ ပျက်ကွက်နေခြင်းသည် စွပ်စွဲခံ မိသားစုများအား စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခပေးသလို ဖြစ်နေကြောင်း တရားရင်ဆိုင်နေရသူ၏ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီနေ့ရုံးထုတ်ပါတယ်၊ ဒါပေမယ့် ဘာမှထူးခြားမှုမရှိပါဘူး။ သူတို့ဖက်က အမြဲတမ်း တရားလိုမရောက်ပါဘူး၊ ကျွန်မယောက်ျား အပြစ်ရှိသည့်ဖြစ်စေ၊ မရှိသည့်ဖြစ်စေ အဖြေတခုခုတော့ သိချင်နေပြီ၊ အခုကြည့်တော့ ရုံးထုတ်တယ်လို့ပြောရမှာ စိတ်ပျက်လာပြီ၊ သူတို့အခုလိုလုပ်နေတာက ကျွန်မတို့ကို စိတ်ဒုက္ခပေးနေသလိုပါဘဲ” ဟု ပြောသည်။

၎င်းအပြင် ​စစ်ကောင်စီမှ ပုဒ်မ ၂ခုဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်‌တော်နယ်မှ ဆန်စက်ပိုင်ရှင်အား ဖေဖော်ဝါရီလ ၄ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလိုပျက်ကွက်သို့ကြောင့် ဖေဖော်ဝါရီလ ၁၅ရက်နေ့ကို ထပ်မံရုံးချိန်လိုက်သည်ဟု သိရသည်။

ဓာတ်ပုံ-ရုံးထုတ်ပုံဟောင်း/APM

လူထုဇော်ဝင်းအပါဝင် ၆ဦးကို ကျောက်တော်တွင် ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီတရားလိုထပ်မံပျက်ကွက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ