Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လူကုန်ကူးအမျိုးသမီးအား လက်ခံခဲ့သည့် အိမ်ပိုင်ရှင်ရက္ခိုင်အမျိုးသမီးကို တရုတ်အာဏာပိုင်များက ဖမ်းဆီးထား

AB News -မတ်လ ၂၁၊ ၂၀၂၄

ရက္ခိုင်အမျိုးသမီးများကို တရုတ်သို့တင်ပို့ပြီး တရုတ်မယားအဖြစ်ရောင်းစားနေသော လူကုန်ကူးအမျိုးသမီးအား လက်ခံခဲ့သည့် အိမ်ပိုင်ရှင်ရက္ခိုင်အမျိုးသမီးကို တရုတ်အာဏာပိုင်များက ဖမ်းဆီးထားကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့ နံနက် ၇ နာရီတွင် တရုတ်အာဏာပိုင်များက အိမ်ပိုင်ရှင် မစန္ဒာဝင်းအား နေအိမ်သို့လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

သူမသည် မြေပုံမြို့နယ် ဟင်းခရော်ရွာဇာတိ ဖြစ်သည်။

လူကုန်ကူးအမျိုးသမီးထံမှ ငွေများကို ပြန်မရလျှင် ဖမ်းဆီးခံထားရသည့် မစန္ဒာဝင်းကိုပြန်လွှတ်ပေးမည်မဟုတ်ကြောင်း တရုတ်အာဏာပိုင်များက ပြောသည်ဟု မစန္ဒာဝင်း၏ မောင်ဖြစ်သူ ကိုနေမိုးထက်က ပြောသည်။

ထွက်ပြေးနေသည့် ပွဲစားလူကုန်ကူး အမျိုးသမီးမှာ မြောက်ဦးမြို့နယ် တိန်ညိုရွာမှ အဖဦးတင်ဝင်း၏သမီး အသက် ၂၃ နှစ်အရွယ် မမေသက်ဖူးဖြစ်ကြောင်း မစန္ဒာဝင်း၏ မောင်ဖြစ်သူ ကိုနေမိုးထက်ကပြောသည်။

သူမသည် ရက္ခိုင်ပြည်မှ အမျိုးသမီးများအား မူဆယ်သို့ခေါ်ယူပြီး တရုတ်သူဌေးများထံတွင် ၎င်းတို့၏မယားအဖြစ် လူကုန်ကူး ပို့ဆောင်နေသူ ဖြစ်ကြောင်း ကိုနေမိုးထက်က ဆက်ပြောသည်။

လူကုန်ကူးအမျိုးသမီး မမေသက်ဖူးသည် ရက္ခိုင်အမျိုးသမီး ၂ ဦးကိုခေါ်ယူကာ  မူဆယ်မှ တရုတ်နိုင်ငံကျန်ဖိုမြို့သို့ယူလာပြီး မစန္ဒာဝင်း၏နေအိမ်တွင် ယာယီတည်းခိုနေစဥ် သူမခေါ်လာသည့် အမျိုးသမီး ၂ ဦးအား တရုတ်သူဌေးထံတွင် ရောင်းစားလိုက်သည်ဟု သိရသည်ဟု မစန္ဒာဝင်းက ပြောသည်။

” အဲ့ဒီကောင်မက ရက္ခိုင်က မိန်းကလေးတွေကို မူဆယ်မှာထားပြီး တရုတ်မယားအဖြစ်ရောင်းစားနေတာပါ။ အဲ့ဒီကောင်မက တရုတ်စကားလည်းတတ်ပါတယ်။ တရုတ်မယားလည်းဖြစ်ပါတယ်” ဟု သူမ၏ မောင်ဖြစ်သူထံသို့ အသံဖိုင်ဖြင့်ပြောကြားခဲ့သည်ကို တွေ့ရသည်။

မမေသက်ဖူးသည် ရက္ခိုင်အမျိုးသမီး ၂ ဦးအား တရုတ်နိုင်ငံသားများကို ရောင်းစားပြီးနောက် ထိုရောင်းစားခံရသည့် အမျိုးသမီး ၂ ဦးအား ပြန်လည် ခိုးယူကာ ထွက်ပြေးသွားကြောင်း မစန္ဒာဝင်း၏ မောင်ဖြစ်သူက ပြောသည်။

“သူက ရက္ခိုင်အမျိုးသမီး ၂ ယောက်ကို ကျန်ဖိုမြို့ကိုခေါ်လာပါတယ်။ နေစရာမရှိတော့ ကျနော့်အစ်မဖြစ်တဲ့ စန္ဒာဝင်းအိမ်မှာတည်းခိုပါတယ်။ အစ်မလည်းလက်ခံထားတာပေါ့။ ပွဲစားမခေါ်လာတဲ့ အမျိုးသမီး ၂ ယောက်ကို တရုတ်သူဌေးဆီမှာ မယားအဖြစ်ရောင်းစားလိုက်ပါတယ်။ ပြီးတော့ သူတို့တွေဆီက ငွေတွေယူတယ်။ သူမရောင်းထားတဲ့ လူ ၂ ယောက်ကို ပြန်ခိုးသွားပြီး ထွက်ပြေးသွားပါတယ်။ တရုတ်အာဏာပိုင်တွေကလည်း ပွဲစားမကိုရှာမတွေ့တော့ ပွဲစားလက်ခံအိမ်ပိုင်ရှင်ဖြစ်တဲ့ မစန္ဒာဝင်းကိုဖမ်းတာပါ” ဟုဆိုသည်။

လူကုန်ကူးအမျိုးသမီးနှင့် အိမ်ပိုင်ရှင် အမျိုးသမီး မစန္ဒာဝင်းတို့မှာ လူကုန်ကူးမှုနှင့်ဆက်စပ်၍ မည်သည့် ပတ်သက်ဆက်နွယ်မှုမှ မရှိကြောင်း မစန္ဒာဝင်း၏  မောင်ဖြစ်သူက အာမခံသည်ဟု ပြောဆိုသည်။

မစန္ဒာဝင်းသည် တရုတ်နိုင်ငံ ကျန်ဖိုမြို့ရှိ ဆံပင်အလှပြင်ခေါင်းလျှော်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သူမသည် ကျန်ဖိုမြို့ ကျိန်းခန့်ရဲစခန်းတွင် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး လက်ကုန်ဖုန်းကိုလည်း အာဏာပိုင်များက သိမ်းဆဲထားကြောင်း သိရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ