Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လက်ရှိရင်ဆိုင်နေရသော ရက္ခိုင်တိုက်ပွဲကာလ စီးပွားရီးအကြပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲ?

လက်ရှိရင်ဆိုင်နေရသော ရက္ခိုင်တိုက်ပွဲကာလ စီးပွားရီးအကြပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲ?

Arakan Bay News-ဒီဇင်ဘာ ၂၄၊ ၂၀၂၃

ရက္ခိုင်ပြည် တကျာ့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ ယုတ်မာရက်စက်သည့် ဖြတ်လေးဖြတ် ဗျူဟာကျင့်သုံးမှုကြောင့် ‌‌ဒေသခံပြည်သူများ၏ စီးပွားရေးအကြပ်တည်းကို ဖြေရှင်းပေးနိုင်ရန်အတွက် ရက္ခိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား AB News က ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

• ရေတို/ ရေရှည်/ အခြေခံစဉ်းစားနည်းနှစ်မျိုးနဲ့ မဟာဗျုဟာမြောက်နည်းဗျူဟာ နည်းစနစ်ကျကျ စဉ်းစားဖြေရှင်းကြဖို့တော့လိုတယ်။

• ရက္ခိုင်မှာက ပထဝီစီးပွားရေးဆိုင်ရာ အားသာချက်တွေ အများကြီးရှိတယ်လို့ မြင်တယ်။

• ရက္ခိတစီးပွားကုန်သွယ်မျိုးဆက်သစ်တွေက တော်လှန်စီးပွားရေးအမြင်ရှိဖို့ အရေးကြီးတယ်။

• ရက္ခိုင်စီးပွားရေးအခြေခံအရင်းအမြစ်တွေက နှစ်ပေါင်းများစွာ ရေသောက်မြစ် အဖြတ်ခံထားရတဲ့ အနိုင်ကျင့်ခံရမှု ခေတ်စနစ်တွေနဲ့ ဖြတ်သန်းနေခဲ့ရတယ် ဆိုတာ နှလုံးသွင်းထားဖို့ အ‌ရေးကြီးတယ်။

• Political Economy နိုင်ငံရေး ဘောဂဗေဒအမြင် ထက်သန်ဖို့လဲ အရေးကြီးတယ်လို့ပြောချင်တယ်။

ABN-မေး။ ရက္ခိုင်မှာ တိုက်ပွဲ စဖြစ်တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက ကုန်သွယ်ရေးလမ်းကြောင်းတွေဖြစ်တဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို စစ်ကောင်စီအဖွဲ့က ပိတ်ဆို့လိုက်ပါတယ်။ အကျိုးဆက်အနေနဲ့ ရက္ခိုင်မှာ အခြေခံ လူသုံးကုန်ပစ္စည်းတွေ အကုန်လုံး ကုန်ဈေးနှုန်းအဆမတန် မြင့်တက်သွားတာ ရှိပါတယ်။ ဒါကို ရက္ခိုင်က စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ ဖြေရှင်းဖို့နည်းလမ်း ဘာတွေရှိနိုင်မလဲ။

စီးပွားရေးလုပ်ငန်းရှင်-ဖြေ

 ရက်စက်စွာအနိုင်ကျင့်ခံရမှုလို့ မှတ်ယူနိုင်တယ်၊ ကုန်သွယ်မှု၊ ဆေးကုသမှုဆိုင်ရာ အခွင့်အလမ်းတွေကအစ ပိတ်ပင်ခံထားရပြီး ကုန်ပစ္စည်းရှားပါးမှု၊ စျေးနှုန်းမြင့်တက်မှုတွေက ကြောက်ခမန်းလိလိ အခြေအနေဖြစ်နေတယ်။ မောင်တောလိုနေရာက ဆေးကုသဖို့လိုအပ်နေတဲ့လူနာကို ဘင်္ဂလားဒေ့ရှ်ကို ပို့ရတဲ့အနေအထားပေါ့။

 ရက္ခိုင်စီးပွားရေးလောကသားတွေရဲ့ ပုံမှန်စိတ်နေစိတ်ထားအခြေခံက အခက်အခဲကို တသီးပုဂ္ဂလဖြေရှင်းနေခဲ့ကြတာပေါ့။ဒါက တည်ငြိမ်တဲ့အနေအထားတစ်ခုမှာ ပြောစရာမလိုပေမယ့် အခုလိုအစိုးရအုပ်ချုပ်စီမံမှုတွေ မရေရာမသေချာတဲ့ အခြေအနေမှာ စုပေါင်းဖြေရှင်းတတ်ဖို့လိုတယ်။ စီးပွားရေးကဏ္ဍအလိုက် အုပ်စုဖွဲ့ပြီး ဖြေရှင်းနိုင်ဖို့အရေးကြီးတယ်။ တနည်းအားဖြင့် တော်လှန်ရေးစိတ်အခံနဲ့ ဖောက်ထွက်ဖြေရှင်းနည်းတွေ စဉ်းစားဖို့အရေးကြီးတယ်။

 အဓိကတော့ ရက္ခိတလူငယ်စီးပွားရေးမျိုးဆက်သစ်တွေရဲ့ ဖောက်ထွက်စဉ်းစားနိုင်တဲ့စွမ်းအားပဲ လက်ဝေခံစီးပွားရေးအနိုင်ကျင့်ခံရမှုက ရုန်းထွက်ဖို့ လခြမ်းမြေမှာ အခွင့်အလမ်းအများကြီးရှိတယ်လို့ တိုက်တွန်းဆွေးနွေးချင်ပါတယ်။

ABN-မေး။ လက်ရှိ မြေပြင်မှာလည်း ကုန်ဈေးနှုန်းမြင့်မားမှု၊ ကုန်စည်ပြတ်တောက်မှုတွေကြောင့် အငတ်ဘေးကြုံနေရသူတွေ ရှိနေပါတယ်။ ဆိုတော့ ဆက်ပြီးတော့သာ စစ်ကောင်စီက လမ်းတွေကို ပိတ်ထားမယ်ဆိုရင် အကျိုးဆက်အနေနဲ့ ဘာတွေ ဖြစ်လာနိုင်မလဲ။ ဒါတွေကို ရေတို ရေရှည် ဖြေရှင်းဖို့ နည်းလမ်းကော မရှိတော့ဘူးလား။ ဘယ်လို သုံးသပ်ပါသလဲ။

စီးပွားရေးလုပ်ငန်းရှင်-ဖြေ

 Way of Social Economy လူမှုစီးပွားရေးနည်းလမ်း၊ way of social political လူမှုနိုင်ငံ‌ရေး နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရတယ်လို့ မြင်တယ်။

 အဓိကတော့ လက်ရှိ စစ်ရေး၊နိုင်ငံ‌ရေး၊ စီးပွားရေး အခက်အခဲအကြပ်အတည်းတွေကို ရှင်းရှင်းလင်းလင်း မြင်ဖို့နဲ့ စုစည်းတော်လှန် အမြင်စိတ်ဓာတ်နဲ့ ဖောက်ထွက်နိုင်ဖို့ပြောချင်တယ်။

 စကစ ကနယ်ပယ်အားလုံးကို သူတို့နိုင်ငံ‌ရေးအတွက် အသုံးချနေတာပဲ သူတို့အာဏာလက်မလွတ် ရေးကလွှဲပြီး ဘယ်လူထုအတွက်မှ မစဉ်းစားဘူး။ ရက္ခိုင်ဆိုသာပြီးမစဉ်းစားဘူး။ ရက္ခိုင်ကို လက်မလွတ်ရရေးအတွက် ဘာမဆိုလုပ်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပဲ။ ဒါပေမဲ့ သူတို့မှာ လုပ်နိုင်စွမ်းမရှိတော့ဘူး။

 ကုန်စည်ရှားပါးမှု၊ စျေးနှုန်းမြင့်တက်မှု၊ အခြေခံလူထုအငတ်ဘေးကြုံတွေ့ရမှာတွေက ဒီအစိုးရတွေရဲ့ အဆက်ဆက်မှာ လူထုကြုံတွေ့နေရတဲ့ နိစ္စဓူဝအခက်အခဲပဲ။ အခု စကစ လက်ထက်မှာတော့ ပိုဆိုးဝါးလာတာပေါ့။ ဒါကြောင့် တော်လှန်ရက္ခိတ စိတ်ဓာတ်နဲ့ ဖြေရှင်းသွားဖို့လိုတယ်လို့ မြင်တယ်။

 အခုလည်း ရက္ခိုင်ပြည်မြို့တိုင်း၊ နယ်တိုင်းမှာ ရက္ခဝံဿကျင့်ဝတ်အသိနန့် ငတ်ပြတ်ဒုက္ခရောက်နေတဲ့ လူတွေကို ဘာသာရေးနယ်ပယ် လူမှုပတ်ဝန်းကျင်နယ်ပယ်တွေက ဖေးမကူညီဖြေရှင်းနေကြတာကို တွေ့နေရပါသည်။

 လက်ရှိထက်ပိုစနစ်ကျတဲ့ လူမှုစီးပွား/လူမှုနိုင်ငံရေးစီမံခန့်ခွဲမှုတွေနဲ့ ရက္ခဝံဿကျင့်ဝတ် အဆင့်မြင့်တင်ဖို့တော့ လိုပါတယ်။

 ရေတို/ရေရှည် ဖြေရှင်းဖို့နည်းလမ်းတွေက ရက္ခိုင်ပြည်သူအတွက် အခွင့်အလမ်းများစွာ ရှိပါတယ်။

 အရေးကြီးတာက မျိုးဆက်သစ်လူမှုစီးပွားနယ်ပယ်က လူငယ်အင်အားတွေနဲ့ သူတို့ရဲ့ proactive thinking ကြိုတင်ပြင်ဆင်မှုနဲ့ အုပ်စုဖွဲ့ပြီး လှုတ်ရှားနိုင်ဖို့ပါဘဲ။

 အထွေထွေကုန်စျေးနှုန်း လက်လီ/လက်ကား ရောင်းဝယ်မှုနယ်ပယ်မှာ လက္ကားအဆင့်က ကုန်ပစ္စည်းရှားပါးမှုကြောင့် (၂၀%)လောက်ဘဲ ရှင်သန်ရပ်တည်နိုင်ပြီး လက်လီအဆင့်မှာတော့ ပြည်မဖက်ကမှီခိုရတဲ့ကုန်ပစ္စည်း နယ်စပ်ကုန်ပစ္စည်းတွေက (၁၀%)အောက်မှာ ရှိတယ်လို့ မှန်းဆရတယ်။

 ဒေသထွက်စိုက်ပျိုးရေးကုန်စည်နဲ့ ဒေသထွက်စားကုန်လူသုံးကုန်တွေကတော့(၃၀%)အထက် လောက်မှာ လည်ပတ်ရောင်းဝယ်နေကြတဲ့ အခြေအနေမှာရှိတယ်လို့ ပြောလို့ရတယ်။

 စျေးနှုန်းကတော့ အမျိုးအစားလိုက် (၂၀၀%)နဲ့ အထက် (၅၀၀%) လောက်ထိ မြင့်တက်နေတယ်လို့ ပြောရမှာပေါ့။

 (92) အောက်တိန်း တစ်လီတာ(၂၇၀၀၀/၃၀၀၀၀)ဆိုတော့ စက်ဘီးစီးတဲ့လူနဲ့ ကိုယ့်ခြေထောက်ကို အားကိုးရတဲ့လူက အများစုဖြစ်သွားတာပေါ့။

 အကျိုးဆက်ကတော့ အနိုင်ကျင့်ခံရမှု အကျိုးဆက်ပေါ့လေ အဆိုးဆုံးကိုရင်ဆိုင်ပြီး အကောင်းဆုံးလွှတ်မြောက်မှုကို ရုန်းထွက်ဖို့အချိန်အခါလို့ဘဲ သဘောပေါက်ထားကြပုံပေါ်ပါတယ်။

ABN-မေး။ ရက္ခိုင်က စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ကုန်စည်စီးဆင်းမှု လမ်းကြောင်းက အဓိက ဘယ်ကနေ စီးဆင်းနေတာလဲ။

စီးပွားရေးလုပ်ငန်းရှင်-ဖြေ

 ရက္ခိုင့်စီးပွားရေးက အမှီခိုခံ/လောင်းရိပ်မိစီးပွားရေးဆိုတော့ ဗမာပြည်ကကုန်စည်စီးဆင်းမှုကိုဘဲ မှီခိုအားပြုနေရတဲ့ စီးပွားရေးပေါ့။

 တရုတ်၊ ထိုင်း နယ်စပ်ကုန်စည်တွေကို ရန်ကုန်၊ မန္တလေးကတစ်ဆင့် မှီခိုရတယ်။ ပင်လယ်ရေကြောင်း သွင်းကုန် ဆေးဝါး၊ လောင်စာဆီ၊ စားသုံးဆီတွေကိုလည်း ရန်ကုန်ကတဆင့်မှီခိုရတဲ့ကာလက ဆယ်စုနှစ် (၇)ခုကျော်လောက် ရှိခဲ့ပြီဆိုတော့ ရက္ခိုင်စီးပွားကုန်သွယ်လောကသားတွေရဲ့ စိတ်အခံက ၁ ပိဿာဘယ်လောက်မြတ်၊ ၁ အိတ်ဘယ်လောက်မြတ်ဆိုတဲ့ အဆင့်ကို ရောက်သွားပြီး စွန့်စားကုန်သွယ်ရေး လုပ်တဲ့ကုန်သွယ်စွန့်စား အခြေခံစိတ်ဓာတ်ပျောက်ဆုံးနေတဲ့ လူ့အဖွဲ့အစည်းဖြစ် နေတယ်လို့ ပြောရမယ့်အခြေအနေ ဖြစ်နေတယ်။

 ဒီအခြေအနေကိုတော်လှန်ပြောင်းလဲပြီး ကိုယ်ပိုင်လွတ်လပ်တဲ့ စီးပွားရေးလမ်းကြောင်းတွေ ဖန်တီးတည်ဆောက်ဖို့ မျိုးဆက်သစ်လူငယ်စီးပွားရေးသမားတွေမှာ တာဝန်ရှိလိမ့်မည်။

‌ABN-မေး။ နောက်တစ်ခုက ရက္ခိုင်မှာ စက်သုံးဆီ၊ ဆီးဝါး၊ ဆန် စတဲ့ ကုန်ပစ္စည်းတွေက တကယ်ပဲ စီးပွားရေး လုပ်ငန်းရှင်တွေ လက်ထဲမရှိတော့လို့ ဈေးမြင့်တက်နေရတာလား။ ဒါမှမဟုတ် နိုင်ငံရေးအကြပ်အတည်းကို အခွင့်ကောင်းယူပြီး စီးပွားရေးအမြတ်ထုတ်ဖို့ သိုလှောင်ထားတာမျိုးများ ဖြစ်နေမလား။ ဆရာ ဘယ်လိုသုံးသပ်ချင်လဲ။

စီးပွားရေးလုပ်ငန်းရှင်-ဖြေ

 မေးခွန်း(၃)အတွက်ပြောတုန်းက ရက္ခိုင်စီးပွားရေးသမားတွေရဲ့ ကုန်သွယ်မှုအခြေခံ စိတ်ကူးကို ပြောခဲ့တယ်။

 အမှီအခိုစီးပွားရေးဖြစ်စဉ်ထဲမှာ အရင်းအနှီးပုံအောပြီး ကုန်စည်သိုလှောင်ထားနိုင်တဲ့ ဘီလျံနာ ရက္ခိုင်စီးပွားရေးသမား မရှိသလောက်ရှားပါတယ်။

 တကြောင်းထိုးအရင်းအနှီးနဲ့ ကာလပေါက်စျေးအပေါ်မှီခိုပြီး ၁ ပိဿာအမြတ်၊ ၁ အိတ်အမြတ်လောက် ကို မျှော်ကိုးပြီး လုပ်ကြတဲ့ စီးပွားရေးသမားက အများစုပါ။

 ဆောက်လုပ်ရေးပစ္စည်း ဘိလပ်မြေ၊ လယ်ယာသုံးသွင်းအားစု ဓာတ်မြေဩဇာတို့လို တမယ်ကောင်းလက်ကားသမားများက များများစားစားမရှိပါဘူး။

 ကုန်စုံလက္ကားသမား စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ရင်းနှီးမြှုပ်နှံမှုအား သိပ်ရှိကြတာမဟုတ်တော့ နိုင်ငံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရယ်၊ ကပ်ရောဂါအန္တရာယ်ဘေးလို ကြိုတင်မျှော်လင့်မထားတဲ့ ကိစ္စတွေမှာ ကုန်ပစ္စည်းပြတ်လပ်ရှားပါး သွားတဲ့အခြေအနေမျိုးတွေမှာ စျေးနှုန်းအပြောင်းအလဲဖြစ်တတ်တာက နိုင်ငံတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့သဘောပါ။

 စာရိတ္တညံ့ဖျင်းတဲ့ တချို့စီးပွားရေးသမားတွေကတော့ မတော်လောဘနဲ့ အခွင့်အရေးရတုန်း မတရားစျေးတင်ရောင်းတဲ့ လူလည်းရှိတာပေါ့။

 အများအပြား သိုလှောင်ထားပြီး ရည်ရွယ်ချက်ရှိရှိ အမြတ်ထုတ်ဖို့ ကြိုးစားတာကတော့ ရက္ခိုင်ပြည်အတိုင်းအတာနဲ့ များများစားစားမရှိလောက်ဘူး။ အနည်းစု တစ်ချို့တော့ ရှိနိုင်တယ်။ အခြေအနေပုံမှန်တုန်းက လက်ထဲရှိတဲ့ပစ္စည်းလက်ကျန်တွေကို တက်နိုင်သမျှ ထိန်းထားပြီး အမြင့်စျေးနဲ့ ဖြေးဖြေးချင်းရောင်းချတဲ့ ဝိသမသမားအနည်းစုလည်း ရှိနိုင်တယ်ပေါ့။

 ဘာဘဲပြောပြော ဒီလိုမျိုး ဝိသမသမားတွေ အခွင့်အ‌ရေးယူနိုင်တဲ့ အခွင်းအရေးရသွားတာက အစိုးရရဲ့စီမံအုပ်ချုပ်မှုညံ့ဖျင်းမှုနဲ့ အရာရာကို သူ့ရဲ့နိုင်ငံရေးအတွက် အသုံးချနေတဲ့ အစိုးရရဲ့ အသုံးမကျမှုဘဲပေါ့။ ရက္ခိုင်ပြည်အတွက်ဆိုရင် အငြိုးတကြီးအနိုင်ကျင့်နေတဲ့ နိုင်ငံရေးလို့ပြောရမယ်။

 ရက္ခိုင်ပြည်သူလူထုအနေနဲ့ သိထားသင့်တာက စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ လျှပ်စစ်မီးကအစ အားလုံးကို ရက္ခိုင်လူထုကိုဖိနှိပ်ဖို့ နိုင်ငံရေးလက်နက်အဖြစ် အသုံးချပြီးတော့ တော်လှန်ရေး အဖွဲ့အစည်းအပေါ်မှာ အဖြစ်မြင်သွာအောင်လမ်းလွှဲပေးနေတယ် ဆိုတာ သိထားကြဖို့လိုတယ်လို့ ပြောချင်တယ်။

ABN-မေး။ ဒီခု ပြည်သူတွေကြား ဝေဖန်မှုတစ်ခု ထွက်ပေါ်လာတာရှိပါတယ်။ တိုက်ပွဲဖြစ်ရင် မရှိဆင်းရဲသားတွေ အငတ်ကြုံပြီး စီးပွားရေးသမားတွေက အမြတ်ထွက်တယ်။ တိုက်ပွဲဟာ စီးပွားရေးသမားတွေ ကောင်းစားရေးအတွက်ပဲလားဆိုပြီး မေးခွန်းထုတ်နေကြတာရှိပါတယ်။ ဒါကို ဆရာ့အနေနဲ့ ဘာများပြောချင်ပါလဲ။

စီးပွားရေးလုပ်ငန်းရှင်-ဖြေ

 အဲဒီအတွက် အဖြေက မေးခွန်း(၄) အဖြေထဲ့မှာပါသွားပြီထင်တယ်။

 ဝိဿမလောဘစီးပွားရေးသမားတချို့ကြောင့် ဆင်းရဲသားနဲ့ စီးပွားရေးသမား စိတ်ဝမ်းကွဲမှု မဖြစ်သင့်ဘူး။ စီးပွား‌ရေးသမားတချို့တော်တော်များများကို တော်လှန်ရေးကို ကူညီတယ်ဆိုပြီး အထောက်အထားမဲ့စွပ်စွဲပြီး ၁၄/၁၊ ၅၀၅ ပုဒ်မတွေနဲ့ တရားစွဲခံနေရတဲ့သူတွေ ရက္ခိုင်မြို့တိုင်းမှာ ရှိနေတာကို သတိပြုသင့်တယ်။

 တော်လှန်တိုက်ပွဲကို အခွင့်အရေးယူပြီး စီးပွားဖြစ်လောက်အောင် အကျိုးဖြစ်သွားတဲ့ စီးပွားရေးသမား ရက္ခိုင်ပြည်မှာ မရှိသေးပါဘူး။ အခုက ရက္ခိုင်မှန်သမျှ အလွှာစုံ အဆင့်အတန်းစုံ ပိတ်ဆို့ခံနေရတာပါ။

ABN-မေး။ လက်ရှိ ရင်ဆိုင်နေရတဲ့ ရက္ခိုင်တိုက်ပွဲကာလ စီးပွားရေးအကြပ်အတည်းကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ဆရာ့နေနဲ့ ဖြည့်စွက်ပြီး သုံးသပ်ပေးချင်တာရှိပါသလား။

စီးပွားရေးလုပ်ငန်းရှင်-ဖြေ

 လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေကို ကျော်လွားနိုင်ဖို့ဆိုရင် ရေတို/ရေရှည် စိတ်ပိုင်းရုပ်ပိုင်း စည်းရုံးတည်ဆောက်ပြီး

(၁) Social Economy လူမှုစီးပွားအမြင်နဲ့ အုပ်စုဖွဲ့စည်းရုံးဖြေရှင်းဖို့လိုတယ်။

(၂) Social Political လူမှုနိုင်ငံရေးအမြင်နဲ့ Proactive ဖောက်ထက်ရုန်းအား မြင့်ဖို့လိုတယ်။

(၃) ရက္ခိကကျင့်စဉ်၊ ရက္ခဝံဿကျင့်ဝတ် တန်ဖိုးကို အခိုင်မာဆုံး တည်ဆောက်ဖို့လိုတယ်။

Telegram ၊Website နှင့် Facebookများ တွင် Arakan Bay News သတင်းများကို ဖတ်ရှုနိုင်ပါသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ