Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လက်နက်ချအညံ့ခံသော စစ်ကောင်စီအဖွဲ့ဝင်တိုင်း အသက်ချမ်းသာရာရမည်ဖြစ်ပြီး မိသားစု၊ ဆွေမျိုးများနှင့် တွေ့ဆုံခွင့်ရရန် အာမခံချက်ပေးကြောင်း ရက္ခိုင့်တပ်တော် ထပ်မံထုတ်ပြန် သတိပေး

AB News – ဒီဇင်ဘာ ၃၀၊ ၂၀၂၃

လက်နက်ချအညံ့ခံသော စစ်ကောင်စီအဖွဲ့ဝင်တိုင်း အသက်ချမ်းသာရာရမည်ဖြစ်ပြီး မိသားစု၊ ဆွေမျိုးများနှင့် တွေ့ဆုံခွင့်ရရန် အာမခံချက်ပေးကြောင်း ရက္ခိုင့်တပ်တော်မှ ယမန်နေ့ ဒီဇင်ဘာလ ၂၉ရက်နေ့ ညဥ့် ၉နာရီ၊ ၃၁မိနစ်တွင် ထပ်မံထုတ်ပြန်ပြီး သတိပေးလိုက်သည်။

“လက်နက်ချအညံ့ခံသောသူတိုင်း အသက်ချမ်းသာရာရမည်ဖြစ်ပြီး မိသားစု၊ ဆွေမျိုးများနှင့် တွေ့ဆုံခွင့်ရရန် အာမခံချက်ပေးကြောင်း ဤသတင်းထုတ်ပြန်ချက်နှင့်အတူ အာမခံကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်” ဟု AA ကပြောထားသည်။

မြောက်ဦးမြို့နယ် မြောင်းဘွေတွင် လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအား ရက္ခိုင့်တပ်တော်မှ ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းက လိုက်လံချေမှုန်းလျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ရက်နေ့မှ ယနေ့အထိ ရက္ခိုင်တွင် ရက္ခိုင့်တပ်တော်သည် စခန်းကြီး၊ စခန်းငယ် ၁၅၀ ခုထက်မနည်း သိမ်းပိုက်ခဲ့ပြီး လက်နက်ချအညံ့မခံသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချေမှုန်းခဲ့သကဲ့သို့ လက်နက်ချအညံ့ခံသော စစ်ကောင်စီအဖွဲ့ဝင်များအား အသက်ချမ်းသာပေးသည့်အပြင် မိသားစု၊ ဆွေမျိုးများနှင့် တွေ့ဆုံပေးနေသည်ဟု သိရှိရသည်။

ထို့အပြင် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့သည့် ရက္ခိုင်ပြည်တွင်း စစ်ဆင်ရေးတွင် ရာနှင့်ချီသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရက္ခိုင့်တပ်တော်ထံ လက်နက်အပ်အလင်းဝင်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။

ရက္ခိုင့်တပ်တော်သည် ညီနောင်မဟာမိတ်များဖြစ်ကြသော ကိုးကန့်၊ တအာင်းအဖွဲ့အစည်းများနှင့် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်တွင် အတူတကွ ဆင်နွှဲနေသကဲ့သို့ ရက္ခိုင်၊ ပလက်ဝဒေသ နှင့် အခြားသော ဒေသများ၌လည်း တစ်ဖွဲ့တည်း ဆင်နွှဲလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်တွင် မြောက်ဦးမြို့ ခရိုင်ရဲစခန်း၊

ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၆ နာရီ ၁၀ မိနစ်အချိန်တွင် ပလက်ဝမြို့ ခဝဲဗျူဟာကုန်းနှင့် ဒီဇင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ၏ အခြေကုပ်စစ်စခန်းတစ်ခုဖြစ်သော ပွိုင့် ၃၇၇ စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းတို့ကိုလည်း ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက် ရယူထားနိုင်ခဲ့သည်။

ယနေ့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၃၀ရက်၊ ၆နာရီ၊ ၄၉မိနစ်အချိန်တွင် စစ်ကောင်စီလက်အောက်ခံ မြောက်ဦးမြို့နယ် မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်က အပြီးပိုင် တိုက်ခိုက် သိမ်းပိုက်နိုင်ပြီးနောက် ရက္ခိုင့်တပ်တော်အလံ လွှင့်ထူထားသည်ကို တွေ့ရှိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝ ထက်မနည်းသေဆုံးခဲ့ကာ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရက္ခိုင့်တပ်‌တော်သည် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင် အမာစခန်းချထားသော တရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် နှုံးဘူးဗျူဟာကုန်းကို အပြီးသတ် သိမ်းပိုက်ခဲ့သည်။

စစ်ဆင်ရေးစတင်သည့် ပထမနေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယနေ့ ဖြစ်သော နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်တွင် ချိန်ခါလီ နယ်ခြားစောင့် တပ်စခန်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့သည်။

နိုဝင်ဘာ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် မောင်တောအခြေစိုက် ဒုံးညို နယ်ခြားစောင့်တပ်စခန်းအား ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ခဲ့သည်။

လက်နက်ချအညံ့မခံသော စစ်ကောင်စီ၏ တပ်စခန်းများအား တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည့်အတိုင်း ရက္ခိုင့်တပ်တော်အနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၈ နာရီခန့် အချိန်တွင် ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းအား အပြီးသတ် သိမ်းပိုက်ခဲ့သည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိထားသော စခန်းကြီး၊ စခန်းငယ် ၁၅၀ ခုထက်မနည်း သိမ်းပိုက်ရရှိခဲ့ပြီး ကျန်ရှိနေသော စကစ တပ်ဖွဲ့၏စခန်းများကိုလည်း ထပ်မံသိမ်းပိုက်ရန် အချိန်ကိုက် စစ်ဆင်ရေးပြုလုပ်လျက်ရှိသည်ဟု ညီနောင်မဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရက္ခိုင့်တပ်တော်သည် စစ်ဆင်ရေး စတင်သည့်နေ့မှစ၍ ရက္ခိုင် နှင့် ပလက်ဝဒေသရှိ စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်ပြီး အပြီးသတ်သိမ်းပိုက် ရယူထားပြီးဖြစ်သလို တချို့ပစ်မှတ်များမှာ တစ်ဝက်တစ်ပျက်နှင့် အနည်းငယ်သာ ကျန်ရှိတော့၍ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ