Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရေ​ဘေးသင့် ညောင်ချောင်းစစ်ဘေးရှောင်စခန်းသို့ အာရက္ခပြည်သူ့အစိုးရမှ ဆန်အိတ် ၁၆၀ ထောက်ပံ့

ABN-ဟိန်းထွန်း

သြဂုတ် ၉ ရက်

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းသို့ အာရက္ခပြည်သူ့အစိုးရမှ ဆန်အိတ် ၁၆၀ ထောက်ပံ့ကူညီခဲ့ကြောင်းသိရသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှာ ဒီရေ ၈ ရက်တာ ကြာရှည်စွာနစ်မြုပ်ခဲ့သည့်အတွက်ကြောင့် နေအိမ်၊ အဆောင်များပျက်စီးကာ လမ်းတစ်ချို့လည်း ကျိုးပျက်သွားခဲ့ကြောင်း ABNမှ ကွင်းဆင်းလေ့လာတွေ့ရှိခဲ့ရသည်။

ရေဘေးဒဏ်သင့် ဒုက္ခသည်များအား အာရက္ခပြည်သူ့အစိုးရအဖွဲ့မှစာနာထောက်ထားမှုအားဖြင့် ဆန်အိတ် များလှူဒါန်းခဲ့ကြောင်း စခန်းတာဝန်ခံက ABN သို့ပြောသည်။

“ရေဘေးသင့်နေတဲ့သူတွေက အများကြီးပါ၊ အာရက္ခပြည်သူ့အစိုးရအဖွဲ့က စာနာထောက်ထားတဲ့အနေနဲ့ ဆန်အိတ် ၁၆၀ လာလှူပါတယ်၊ နောက်ထပ်လည်း ဘယ်အဖွဲ့စည်းမဆို လာလှူလို့ရပါတယ် “ဟု ဆိုသည်။

လက်ရှိအရေးပေါ်စာရင်းပြုစုချက်အရ ညောင်ချောင်းဒုက္ခသည်စခန်းတွင် အိမ်ထောင်စုအရေအတွက် ၆၉၂ စုရှိပြီး၊ လူဦးရေအရေအတွက်မှာ ၃၀၀၀ ကျော်ရှိကြောင်း စာရေးမထံကသိရသည်။

ရေဘေးသင့်နေသည့်အချိန်မှာ အာရက္ခပြည်သူ့ အစိုးရမှ ဆန်ရိက္ခာလာလှူခဲ့သောကြောင့် စစ်ဘေးရှောင်များအတွက် စိတ်သက်သာရာ ရကြောင်း စစ်ဘေးရှောင်တစ်ဦးက ABN သို့ပြောသည်။

“အခုလို ရေဘေးသင့်နေတဲ့အချိန်မှာ ဆန်လာလှူပေးလို့ဝမ်းသာမိပါတယ်၊ စိတ်သက်သာရာလည်းဖြစ်မိပါတယ်” ဟု ဆိုသည်။

ညောင်ချောင်စစ်ဘေးရှောင်စခန်းသို့ ကူညီကယ်ရေးထောက်ပံ့သည့် အာရက္ခပြည်သူ့အစိုးရမှ လွဲ၍ ​မည်သည့်အဖွဲ့အစည်းမှ လာရောက်ခြင်းမရှိသေးကြောင်း ABN မှစုံစမ်းသိရှိရသည်။

စစ်ဘေးရှောင်များကို ရွှေ့ပြောင်းထားသော နေရာ ၅ ခုမှာ ဘောလုံးကွင်း၊ နဂရာ ၊ ပစိုင်းချောင်းဆည်ဘောင်၊ ဘုန်းကြီးကျောင်း နှင့် စူဠာမနိဘုရားတောင်ချေတို့ဖြစ်ကြသည်။

လက်ရှိတွင်လည်း ဒီရေ အသင့်အတင့်ရှိနေပြီး မိုးဆက်လက်ရွာသွန်းလာလျှင် ယခင်ထက်ပိုပြီး ဒုက္ခရောက်ရမည်ကို စစ်ဘေးရှောင်များ စိုးရိမ်နေကြရကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ