Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရေဘေးသင့် စစ်ဘေးရှောင်များ နေစရာ၊ စားစရာအခက်အခဲကြောင့် စစ်ဘေးရှောင်စခန်းပြန်လာရ

ရေဘေးသင့် စစ်ဘေးရှောင်များ နေစရာ၊ စားစရာအခက်အခဲကြောင့် စစ်ဘေးရှောင်စခန်းပြန်လာရ

ABN-နွယ်စိုး

သြဂုတ် ၆ ရက်

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ရေဘေးသင့် စစ်ဘေးရှောင်အချို့ နေစရာနှင့် စားစရာ အခက်အခဲရှိနေသည့်အတွက် စခန်းအတွင်းသို့ ပြန်ရွှေ့ပြောင်းလာကြရသည်ဟု သိရသည်။

နေ့စဥ် ရက်ဆက်မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် သြဂုတ်လအစပိုင်းမှစကာ ၆ ရက်နေ့ထိ ရေကြီးမှုများဖြစ်ပွားနေပြီး စစ်ဘေးရှောင် ၅၀၀၀ ကျော်မှာ ကုန်းမြင့်နေရာသို့ ယမန်နေ့က ရွှေ့ပြောင်းခဲ့ကြရသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ ကုန်းမြင့်နေရာသို့ရွှေ့ပြောင်းခဲ့ကြသော်လည်း နေထိုင်ရေးနှင့် စားရေး အခက်အခဲများ ရှိနေသည့်အတွက် စခန်းအတွင်းသို့ ပြန်ရွှေ့ပြောင်းလာခဲ့ကြကြောင်း အမည်မဖော်လိုသည့် စစ်ဘေးရှောင် ၁ ဦးက ABN သို့ပြောသည်။

“ရေကြီးတော့ ကုန်းမြင့်နေရာကို ပြောင်းရွှေ့နေတယ်။ အဲမှာလည်းအဆင်မပြေဘူး။ လူနေဆောင်တွေ ဆောက်ဖို့ အမိုးအကာ တာပေါ်လင်စတွေလိုတယ်။ စားနပ်ရိက္ခာတွေဆို ပိုလို့အဆင်မပြေဘူး။ အဲတာကြောင့် ကိုယ်နေတဲ့ အဆောင်ကိုပြန်ရွှေ့ပြောင်းလာကြပါတယ်” ဟုပြောသည်။

မိုးရေ လွှမ်းမိုး နစ်မြုပ်သွားခဲ့သည့် ထိုစခန်းသို့ ပြန်လာနေကြသည့် စစ်ဘေးရှောင်များမှာ အိမ်သာအခက်အခဲ၊ စားဝတ်နေရေး အခက်အခဲများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များ ရှိနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

လက်ရှိတွင် ထိုစခန်းတွင် ရေအနည်းငယ် လျော့ကျသွားပြီဖြစ်ကြောင်း သိရသည်။

ယနေ့အချိန်ထိ ရေဘေးသင့် စစ်ဘေးရှောင်များအား ကူညီကယ်ဆယ်ရန် ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များမှအပ မည်သည့် ပရဟိတ ကယ်ဆယ်ရေးအဖွဲ့မှ မရောက်ရှိသေးကြောင်း နောက်ထပ် စစ်ဘေးရှောင်အမျိုးသမီး ၁ ဦးက ဆိုသည်။

“စားဝတ်နေရေးက အဓိက အခက်အခဲပါ။ ကျမတို့ကို ဘယ်အဖွဲ့အစည်းမှ ကူညီကယ်ဆယ်ရေးလာလုပ်တာမျိုးမရှိသေးပါဘူး။ ပိုက်ဆံလည်း မရှိတော့ဘူး။ ဘာနဲ့ ဝယ်ပြီး ဘယ်လိုချက်စားရမှာလဲ၊ မနေ့ကတော့ ရက္ခိုင့်တပ်တော်က လာပြီး ကူညီခဲ့တာရှိပါတယ်”ဟု ပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းသို့ ယမန်နေ့ နံနက်ပိုင်း ၉ နာရီမှ ညနေပိုင်းအထိ လူကြီးလူအိုများနှင့် ကလေးသူငယ်များကို ရက္ခိုင့်တပ်တော်မှ နေရာရွှေ့ပြောင်းပေးခဲ့ပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကို ကူညီပေးခဲ့ကြောင်း သိရသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၆၀၀ ကျော်ရှိပြီး လူဦးရေ ၅၀၀၀ ကျော်ရှိသည်။

ဓာတ်ပုံ-ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ရေဘေးသင့်စစ်ရှောင်များအား ရက္ခိုင့်တပ်တော်က ကူညီကယ်ဆယ်စဥ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ