Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရေက သူတို့တွေကို ဆွဲယူသွားကြတယ်၊ ဆိုင်ကလုန်း မိုခါရဲ့ ကြောက်လန့်ဖွယ်ရာ အဖြစ်ဆိုးကြီးအကြောင်း ဒေသခံများ ပြောကြားချက်

ရေက သူတို့တွေကို ဆွဲယူသွားကြတယ်၊ ဆိုင်ကလုန်း မိုခါရဲ့ ကြောက်လန့်ဖွယ်ရာ အဖြစ်ဆိုးကြီးအကြောင်း ဒေသခံများ ပြောကြားချက်

ABN – မေလ (၂၂) ရက် ၊ ဘာသာပြန်

ဆိုင်ကလုန်း မိုခါတိုက်ခတ်ခဲ့သဖြင့် မိန်းမ နှင့် သမီးသုံးယောက်ကို ရေလှိုင်းများက ဆွဲယူနစ်မြုပ်လိုက်သည့် နေ့က အဖြစ်အပျက်များကို ပြောပြနေချိန်တွင် အဒူ ဟူစိန်တစ်ယောက် မျက်ရည်များကို သုတ်လျှက်ရှိသည်။

မုန်တိုင်း လမ်းကြောင်းတွင်ရှိပြီး အပြင်းအထန် တိုက်ခတ်သွားသည့် ရခိုင်ပြည် ကမ်းရိုးတန်းရှိ စစ်တွေမြို့တွင် နေထိုင်သည့် သူ့မိသားစုတွင် မိသားစုဝင် အားလုံးပေါင်း ၁၁ ယောက်ရှိသည်။

“ရေတွေတက်လာတော့ ကျွန်တော့်မြေးမလေးကို ကျစ်နေအောင် ဆုပ်ထားမိပါတယ်” ဟု ဟူစိန်က ဆိုသည်။

ရေတက်လာသည့်အချိန်တွင် သူ့မိသားစုမှာ ဆိုးဝါးသည့် မုန်တိုင်းဒဏ်မှ လွတ်မြောက်ရန် ဝရုန်းသုန်းကားပြေးခဲ့ကြပြီး မိသားစုဝင်များမှာ ဖရိုဖရဲနှင့် တကွဲတပြားစီ ဖြစ်သွားခဲ့ကြသည်။ မိသားစုဝင်အများစုမှာ မြေမြင့်သည့် နေရာများကို ရောက်လိုက်သော်လည်း ဇနီးဖြစ်သူနှင့် အသက် ၂၀၊ ၁၈၊ ၁၁ နှစ်အရွယ် သမီး ၃ ဦးတို့မှာ ရေဖြင့် မျှောပါသွားခဲ့သည်။

စိတ်ကယောက်ကယက် ဖြစ်နေသည့် ဟူစိန်က “ရေက သူတို့တွေကို ဆွဲယူသွားတယ်ဗျာ” ဟု ဆိုသည်။ မုန်တိုင်းစဲသွားသည့် အချိန်တွင် သူတို့၏ အလောင်းများကို ပြန်တွေ့ခဲ့ပြီး မြေမြှုပ်လိုက်သည်ဟု ပြောသည်။

ဟူစိန်နှင့် အသက်ရှင်ကျန်ရစ်သည့် သားသမီးများ၊ မြေးများမှာ ယခုအချိန်တွင် စားစရာ၊ နေစရာမရှိတော့ပေ။ လွန်ခဲ့သည့် ရက်များတွင် အပြိုအပျက်များကြားက ကျန်ရစ်ခဲ့သည့် အတိုအစများကို ဖြစ်သလိုဖန်တီးကာ နေခဲ့ကြရပြီး ပတ်ဝန်းကျင်တွင် မြင်မြင်သမျှတို့မှာ တစစီ ဖရိုဖရဲ ဖြစ်နေသည်။

ရှင်ကျန်ရစ်သည့် သူ့သားသမီးများမှာ မိခင်ဖြစ်သူနှင့် သူ့ညီမများကို ငိုယိုကာ ညလုံးပေါက် အော်ခေါ်နေကြသည်။

“ကျွန်တော်လည်း သူတို့အကြောင်းကိုပဲ စဥ်းစားနေမိတယ်ဗျာ၊ စားလည်းမစားနိုင်၊ ဘာမှလည်း မလုပ်နိုင်ဘူး၊ ကျန်ရစ်တဲ့သားသမီးတွေအတွက် စားစရာတွေ သူများဆီက တောင်းစားနေရတယ်”ဟု ဟူစိန်က ဆိုသည်။

တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ ကျော် (195 mph) ဖြင့် ရခိုင်ကမ်းရိုးတန်း ဒေသကို တနင်္ဂနွေနေ့က တိုက်ခတ်သွားသည့် ဆိုင်ကလုန်း မိုခါသည် မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သည့် အပြင်းထန်ဆုံးသော မုန်တိုင်းများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။

ကိုယ်တွေ့ကြုံရသူများ၊ ဗီဒီယိုများတွင် တွေ့ရှိချက်များအရ ရွာလုံးကျွတ် ပြိုပါသွားခြင်း၊ အမိုးအကာများ ပျက်စီးကာ၊ အပျက်အစီးတို့မှာလည်း မိုင်နှင့်ချီ၍ ပြန့်ကြဲလျှက် တွေ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ချက်အရ လူပေါင်း ၄၀၀ ကျော်သေဆုံးနိုင်သည် ဟု သိရသော်လည်း ရေကြီးခြင်း၊ လမ်းများပိတ်ဆို့ကာ အဆက်အသွယ်များ ပြတ်တောက်နေခြင်းကြောင့် အပျက်အစီးစာရင်း အတိအကျကို သိရှိရန် ခက်ခဲကြောင်း ဆိုသည်။

မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ကြရသည့် သန်းနှင့် ချီသော ပြည်သူများအတွက် အပျက်အစီးများကို ရှင်းလင်းခြင်းများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ သို့ရာတွင် ရေသန့်နှင့် လောင်စာဆီများမှာ နည်းပါးလျှက်ရှိပြီး၊ အရေးပေါ်အမိုးအကာများ၊ အစားအသောက်များ၊ ဆေးဝါးများနှင့် ကျန်းမာရေးဝန်ဆောင်မှုများ အရေးတကြီး လိုအပ်လျှက်ရှိကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) မှ ထုတ်ပြန်သည်။

မုန်တိုင်းတိုက်ခတ်ပြီး တစ်ပတ်အကြာတွင် အကူအညီပေးရေး အဖွဲ့အစည်းများက မုန်တိုင်းဒဏ်ခံစားရသည့် ပြည်သူများထံသို့ ရောက်ရှိပြီး ဖြစ်ကာ စစ်အစိုးရမှ အကူအညီပေးခြင်းများကို ဆိုင်းငံ့ထားကြောင်းလည်း ဆိုသည်။

OCHA ၏ မကြာသေးမီက နောက်ဆုံးထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်ခုတွင် “လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ မုန်တိုင်းဒဏ်ခံနေရတဲ့ ရခိုင်က ပြည်သူလူထုထံကို ရောက်သွားပါပြီ” ဟု ဆိုထားသည်။

“မကြာသေးမီရက်ပိုင်းက ထရပ်ကားတွေနဲ့ ကနဦး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပို့ဆောင်ခဲ့ပါတယ်၊ အကူအညီပေးသူတွေဟာ နည်းမျိုးစုံနဲ့ ချည်းကပ်ဖို့ ကြိုးစားကာ နိုင်ငံအတွင်း၊ အပြင်ကနေ ထိခိုက်တဲ့ဒေသတွေကို ရွေ့ပြောင်းဖို့ကြိုးစားနေပြီး ခွင့်ပြုမိန့်မှာ ဆိုင်းငံထားတုန်းပင်ဖြစ်သည်” ဟု ဆိုထားသည်။

အရေးပေါ် အစားအသောက်များကို ဆိုင်ကလုန်းဘေးလွတ်ရာ နေရာများသို့ ပြောင်းရွေ့ပြီးဖြစ်ကာ၊ အကူအညီပေးမည့် သူများက သူတို့လက်လှမ်းမီသည့် ဒေသများတွင် မုန်တိုင်းဒဏ် ထိခိုက်မှုများကို တွက်ချက်ရန် ကြိုးစားနေကြောင်း ဆိုသည်။

“ဒါပေမယ့် လောင်စာဆီ မလုံလောက်တာတွေရှိတယ်၊ အထူးသဖြင့် ကျန်းမာရေးသုံး ပစ္စည်းတွေနဲ့ သောက်ရေကိစ္စတွေ လို မရှိမဖြစ်တဲ့ ပြည်သူ့ဝန်ဆောင်မှုတွေမှာ ပေါ့။ တခြားအရေးတကြီး လိုအပ်တာတွေကတော့ အမိုးအကာ၊ အစားအသောက်၊ ကျန်းမာရေးပစ္စည်းတွေနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေပါ” ဟု ဆိုသည်။

တစ်ပူပေါ် နှစ်ပူဆင့်

ရခိုင်ပြည်အနောက်ဖက်ခြမ်း၌ ဆိုင်ကလုန်း တိုက်ရိုက်တိုက်ခတ်ခဲ့ချိန်တွင် နိုင်ငံ၏ အနောက်မြောက်ဖက်ခြမ်းတွင် လူပေါင်း ၁၅၀,၀၀၀ ခန့် အကြီးအကျယ် ထိခိုက်ခဲ့သည်ဟု UN က ခန့်မှန်းသည်။

ချင်းပြည်နယ်တွင်လည်း အိမ်များ၊ စာသင်ကျောင်းများနှင့် ဆေးရုံများမှာ ပျက်စီးသွားခဲ့ပြီး စစ်ကိုင်းဒေသတွင် လူပေါင်း ၈၅,၀၀၀ နီးပါး ထိခိုက်ခဲ့သဖြင့် စစ်ကောင်စီထံမှ လွတ်အောင် တိမ်းရှောင်နေသည့် သူတို့မှာ မုန်တိုင်းဒဏ်ကိုပါ ထပ်မံကြုံတွေ့ခဲ့ရသည့် အခြေအနေမျိုးဖြစ်သည် ဟု OCHA က ဆိုသည်။

၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီ အာဏာသိမ်းကတည်းကပင် မြန်မာနိုင်ငံသည် အကြမ်းဖက်မှု၊ မတည်ငြိမ်မှုများနှင့် ကြုံတွေ့နေရသည်။ စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလက်အောက်ရှိ တော်လှန်ရေးတပ်ဖွဲ့များမှာ နေ့တိုင်းနီးပါး တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။

မုန်တိုင်းဒဏ်ကြောင့် အိမ်ခြေပေါင်း ၁၁,၀၀၀ ခန့်ထိခိုက်ခဲ့ရသည့် မကွေးမှ ဒေသခံတစ်ဦးက ဆိုင်ကလုန်း မိုခါကြောင့် ရေကြီးလာသောအခါ သူမ၏ အမျိုးသားကို ဆုံးရှုံးလိုက်ရသည် ဟု ဆိုသည်။

စစ်ကောင်စီတပ်များမှ ရွာများကို မီးရှို့သဖြင့် ထွက်ပြေးလာရပြီးနောက် တောထဲတွင်တစ်ခါ ထပ်မံရေကြီးသဖြင့် ပိုင်ဆိုင်မှုများကို ရွှေ့ပြောင်းခဲ့ရသည်ဟု ဆိုသည်။

“စစ်ကောင်စီရန်က ပုန်းနေကြရတဲ့ ကျွန်မတို့ဟာ တောထဲကနေ ရှိတဲ့ပစ္စည်းလေးတွေကို ပြောင်းရွှေ့ခဲ့ကြရပါတယ်၊ ဒီလိုပြောင်းနေတဲ့ အချိန်မှာတောင် သေနတ်သံတွေကို ကြားရပြီးတော့ ပုန်းနေခဲ့ရပါတယ်” ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ပေါက် ဒေသခံတစ်ဦးက ဆိုသည်။

အမျိုးသားဖြစ်သူ ကျန်ရစ်သည့် ခွေးကို ကယ်ရန်ပြန်သွားချိန်တွင် သူမကို လှည်းဖြင့် အိမ်ကိုပြန်ခိုင်းခဲ့သည်။

“သူက ရေစီးနဲ့မျောပါသွားတဲ့ ခွေးကိုကယ်ဖို့ ကြိုးစားမယ်လို့ ကျွန်မကိုပြောတယ်၊ ကျွန်မက တားပေမယ့် သူထွက်သွားခဲ့တယ်” ဟု သူမက ဆိုသည်။

အိမ်နီးချင်းများက သူ့အမျိုးသားကို ကူရှာပေးကြပြီး နောက်ပိုင်းတွင် အလောင်းကိုသာ တွေ့ရသည် ဟု ဆိုသည်။

“သေနတ်သံတွေ နေရာတိုင်းမှာကြားနေရတယ်၊ ပြီးတော့ လူကြီး နှစ်ယောက်နဲ့ ကလေးတစ်တစ်ယောက်၊ ကျွန်မလည်း ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး” ဟု သူမက ဆိုသည်။

တကယ့် ချောက်နက်ကြီး

ရခိုင်ပြည်သည် နဂိုကတည်းက အလွန်တိုးတက်မှုနှောင့်နှေးသည့် ဒေသဖြစ်သည့်အပြင် မကြာသေးသည့် နှစ်များအတွင်းနိုင်ငံရေးပဋိပက္ခများ ကြီးစိုးရာ သီးခြားဒေသတစ်ခုဖြစ်သည့် အတွက် ထောင်သောင်းချီသည့် ပြည်သူများအတွက် စိုးရိမ်မှုများ မြင့်တက်လျှက်ရှိသည်။

မူဆလင်နှင့် ရခိုင်လူထုမှာ နိုင်ငံရေးပဋိပက္ခဒဏ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲပေါင်း တစ်သီတတန်းကြောင့် အကြီးအကျယ်ဒုက္ခရောက်ကြရပြီး သူတို့၏ ရှင်သန်ရပ်တည်ရေးမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများတွင် အလွန်အမင်း မူတည်နေသည်ဟု Medecins Sans Frontieres ၏ မြန်မာပြည်ဆိုင်ရာ ပရိုဂရမ် ဒါရိုက်တာ Paul Brockmann က ဆိုသည်။

“ဆိုင်ကလုန်းမိုခါရဲ့ အကျိုးဆက်တွေက ရက္ခိုင်ပြည်သူတွေ ရင်ဆိုင်ဖြေရှင်းနေကြရတဲ့ နည်းနာတွေကို ချောက်နက်ကြီးထဲကို တွန်းပို့လိုက်ပါပြီ၊

မုန်တိုင်းကြောင့် ဆေးပစ္စည်းလိုအပ်ချက်ပမာဏမှာလည်း အလွန်ကြီးမားသွားပြီးတော့ ရွေ့လျားဆေးခန်းတွေလည်း ပျက်စီးသွားတာကြောင့် လူအများလက်လှမ်းမီနေတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေဟာလည်း အလှမ်းကွာသွားရပါပြီ” ဟု Brockmann က ဆိုသည်။

စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် ထိခိုက်ပျက်စီးမှု ကြီးမားပြီး ရသေ့တောင်မြို့နယ်များ ရွာတိုင်းတွင် အိမ်ခြေပျက်စီးမှု ပမာဏမှာ ၉၀ ရာခိုင်နှုန်းအထိ ရှိသည်ဟု ဆိုသည်။ မကြာမီ မိုးရာသီကျရောက်တော့မည် ဖြစ်သဖြင့် လူများမှာ နေစရာများကို အသည်းအသန် ပြင်ဆင်နေကြရသည် ဟု သူက ဆိုသည်။

Brockmann ၏ ပြောကြားချက်အရ စစ်တွေမြို့ရဲ့တောင်ဖက်၊ ပေါက်တောဒေသမှာ အထူးစိုးရိမ်ဖွယ်ရာဖြစ်ပြီး လေးရက်ကြာသည့် တိုင်အောင် အကူအညီများမရောက်လာသေးဟု ဆိုသည်။

“ပေါက်တောဒေသကို စက်လှေတွေနဲ့ပဲသွားလို့ရပါတယ်၊ အဲဒီဒေသမှာ ပြည်တွင်း ဒုက္ခသည်ပေါင်း ၂၆,၅၀၀ နီးပါး နှစ်ပေါင်း ၁၂နှစ်တိုင်တိုင် ဒုက္ခသည် စခန်းတွေမှာ နေထိုင်ကြပါတယ်”

သို့ရာတွင် OCHA ၏ မေလ ၁၈ ရက်နေ့က ထုတ်ပြန်ချက်တွင် ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့ WFP သည် ပေါက်တောမြို့နယ်အပါအဝင် မြို့နယ် ၈ မြို့နယ်တွင် အရေးပေါ်အစားအသောက်များ ဖြန့်ဝေရန် ခွင့်ပြုချက်ရပြီး ဖြစ်သည် ဟု ပါရှိသည်။

CNN ၏ “The water took them.” Myanmar residents describe horror of Cyclone Mocha ဆောင်းပါးကို ကျော်ဇံ ဘာသာပြန်ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ