Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရဟန်းရှင်လူ ညီညွတ်မှုဖြင့် ဘူးသီးတောင်နယ် စည်တောင်ကျေးရွာအတွင်း လမ်းများသာယာသန့်ရှင်းအောင် ဆောင်ရွက်ထားနိုင်

ရဟန်းရှင်လူ ညီညွတ်မှုဖြင့် ဘူးသီးတောင်နယ် စည်တောင်ကျေးရွာအတွင်း လမ်းများသာယာသန့်ရှင်းအောင် ဆောင်ရွက်ထားနိုင်

ABN – ကိုဟိန်းထွန်း

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ စည်တောင်ရွာ၏ ရွာလမ်းများတွင် အမှိုက်ကင်းစင်ရေး နှင့်စံပြဖြစ်လိုသည့်အတွက် ရပ်မိရပ်ဖများနှင့် ပရဟိတအဖွဲ့ဝင်များ စုပေါင်း၍ စည်းစည်းလုံးလုံးဖြင့် တညီတညွတ်တည်း ကြိုးစားနေကြခြင်းကြောင့် ကျေးရွာတွင်းလမ်းများမှာ အမှိုက်ကင်းစင်ပြီး လမ်းမများမှာလည်း ကျယ်ပြန့်စွာ ရှိနေသည်ကိုတွေ့ရသည်။

အဖွဲ့အစည်းကို ဆရာတော်က ဦးစီးပြီး ဆရာတော်က အမှိုက်ကောက်ရသည့်ရယ်ရွယ်ချက်ကို သြဝါဒဆုံးမ စကားရံဖန်ရံခါပေးပြီး လူပျိုအပျိုများကို ခိုင်းရာတွင်လည်း အာဏာသုံးပြီး မခိုင်းဘဲ လိုက်လျောညီထွေမှုရှိအောင် ပြောပြခြင်းများရှိသည်ဟု ဆရာတော်က မိန့်သည်။

“ဒီအမှိုက်ကောက်ရတဲ့ ရယ်ရွယ်ချက်ကို သြဝါဒဆုံးမစကားတစ်ခါတစ်လေပေးတာတော့ရှိတယ်၊ ရွာမှာဖြစ်လာတဲ့ ဘယ်ကိစ္စမဆိုအနည်းငယ်လောက်သာလမ်းညွှန်ပေးနိုင်တာတွေရှိတယ်၊ အခုခေတ် လူငယ်တွေကလည်းအသိဉာဏ်တွေရှိကြပါတယ်၊ ပြီးတော့ နိုင်ငံခြားသွားပြီး ရောက်လာသူတွေလည်း ဗဟုသုတတွေရလာတယ်၊ ငါတို့ရွာကြီးပွားဖို့ ငါတို့ရွာသာယာဖို့ ၊ ငါတို့ရွာ အမှိုက်ကင်းစင် သန့်ရှင်းရမယ်ဆိုပြီး ဝိုင်းဝန်းလုပ်ဆောင်ကြတယ်၊ အဲလိုလုပ်ဆောင်တဲ့အခါ ဒီဟာကိုလုပ်ရမယ်၊ ထိုဟာကိုမလုပ်ရဘူးလို့ အာဏာတွေနဲ့မပြောဘူး၊ သူတို့ရဲ့ပင်ကိုအသိဉာဏ်နဲ့ လိုက်လျောညီထွေမှုရှိအောင်လုပ်ဆောင်မှုရှိလာအောင်တော့ ပြောပြပါတယ်” ဟု မိန့်သည်။

ထိုရွာအတွင်းစည်ပင်သာယာရေးကိုလုပ်နိုင်ရန် ဖူးပွင့်သစ်ပရဟိတ အဖွဲ့အစည်းကို သက်တော် ၆၈ နှစ် ဝါတော် ၄၀ ကျော်ရှိသည့်ဆရာတော်အရှင်စန္ဒအပါအဝင် ရပ်မိရပ်ဖ ၁၀ဦးနှင့် အဖွဲ့ဝင် ကျား၊မ ၃၀ ကျော်ဖြင့် ၂၀၁၉ ခုနှစ်တွင်စတင် ဖွဲ့စည်းခဲ့သည်။

စည်တောင်ရွာကိုပထမဆုံးပရဟိတဖွဲ့စည်းချိန်က အပျို/ လူပျိုများကိုစည်းရုံး၍ဖွဲ့စည်းခဲ့သော်လည်း အကောင်အထည်မဖော်နိုင်ခဲ့သောကြောင့် ယခုဖွဲ့စည်းသူများသည် ဖူးပွင့်သစ်ပရဟိဆိုပြီးနာမည်ပေးထားပြီး ၎င်းတို့ကိုယ်တိုင်မိမိအသိအမြင်ဖြင့် လုပ်ဆောင်နေကြောင်း စည်တောင်ဆရာတော်အရှင်စန္ဒက ABN သို့ မိန့်သည်။

“လူပျို/ အပျိုတွေကို စည်းလုံးပြီး ပထမဆုံးဖွဲ့စည်းတဲ့အခါတော့ အကောင်အထည်မဖော်နိုင်ခဲ့ဘူး၊ ဒါပေမယ့်သူတို့တွေမှာ အခြေခံနည်းနည်းရှိလိုက်တယ်၊ ဖူးပွင့်သစ်ပရဟိတလို့အမည်ပေးထားတယ်၊ ဒီလိုနဲ့ နောက်ထပ်အပျို / လူပျိုတွေက အနီးအနားပတ်ဝန်းကျင်တွေက အသိအမြင်ရလာတယ်၊ ဒီလိုလုပ်ရင်ငါတို့ရွာတိုးတက်မယ်၊ သာယာမယ်လို့ သူတို့အမြင်နဲ့သူတို့လုပ်ကိုင်နေကြတယ် “ဟု ဆက်မိန့်သည်။

စည်တောင်ရွာတွင် အမှိုက်ကင်းစင်နေရ​ခြင်းမှာ အစပထမတွင်အခက်အခဲ ရှိခဲ့သော်လည်း ရွာသူရွာသားများကို ခေါ်ယူ၍ အစည်းအဝေးလုပ်ကာ လမ်းများတွင် အမှိုက်မစွန့်ပစ်စေလိုကြောင်း နှင့် စွန်ပစ်သည့်နေရာများတွင်လည်း သန့်သန့်ရှင်းရှင်းစွန့်ပစ်ဖို့အကြောင်း ပြောပြသည်ဟု ဖူးပွင့်သစ်ပရဟိအဖွဲ့ကို ဦးဆောင်သည့် မောင်သိန်းယိုင်က ABN ကိုပြောသည်။

“ကျနော်တို့စလုပ်တဲ့အခါကျတော့ အခက်အခဲရှိတာပေါ့နော်၊ ဒါပေမယ့်ဖြစ်အောင်လုပ်ပါတယ်၊ ရွာသူရွာသားတွေကိုခေါ်ပြီး အစည်းအဝေးပြောတာတွေရှိတယ်၊ လမ်းတွေမှာ အမှိုက်မစွန့်ပစ်စေဖို့ပေါ့၊ အမှိုက်စွန့်ပစ်ရင်လည်း သန့်သန့်ရှင်းရှင်း ထည့်​ပေးဖို့ ပြောပြပါတယ်၊ ရွာသူရွာသားတွေကို အမှိုက်ပုံးထဲကို စည်းစနစ်တကျစွန့်ပစ်ဖို့ တစ်ခါနဲ့ ပြောလို့မရရင်လည်း နောက်တစ်ခါ အစည်းဝေးခေါ်ပြီးပြောပြပေးတယ်” ဟု ဆိုသည်။

လူငယ်များသည်အပတ်စဥ်သန့်ရှင်းရေးဝင်ကာ လမ်းမနှင့် လမ်းကြားငယ်များတွင် ကျနေသည့်အမှိုက်များကို စနစ်တကျကောက်၍ အမှိုက်ပုံးများသို့ထည့်ခြင်း၊ အမှိုက်ပုံးများကိုနေရာအနံ့အပြားတွင်ထားရှိခြင်းများ လုပ်ဆောင်ထားလျက်ရှိပြီး သတ်မှတ်ထားသောနေရာများတွင် ပရဟိတလူငယ်များက စွန့်ပစ်ပေးကြောင်း ၎င်းမှ ဆက်၍ ပြောသည်။

“ဒီကျေးရွာအတွင်းမှာ ပရဟိတလူငယ်အသင်းရှိပါတယ်၊ သူတို့က တစ်ပတ်တစ်ကြိမ်ရွာထဲကိုသွားတယ်၊ ပြီးတော့ လမ်းမနဲ့ လမ်းကြားငယ်တွေမှာ ကျနေတဲ့အမှိုက်တွေကို ကောက်ပြီး စည်းစနစ်တကျ အမှိုက်ပုံးတွေထဲထည့်တယ်၊ ရွာပတ်ပတ်လည်မှာ အမှိုက်ပုံးတွေကိုထားတဲ့အခါကျတော့ လမ်းသွား၊ လမ်းလာသူတွေ၊ လည်း အဲဒီအမှိုက်ပုံးတွေထဲထည့်ကြတာပေါ့ အဓိက အရေးကြီးတာကတော့ တစ်ဦးတစ်ယောက်ချင်းစီကောင်းလို့ ဒီလိုဖြစ်လာရတာပါ ” ဟု ပြောသည်။

အဆိုပါကျေးရွာတွင် ရခိုင်လူမျိုး၊ ချင်းလူမျိုး နှင့် ဒိုင်းနက်လူမျိုးဖြစ်သည့် ရခိုင်မျိုးနွယ်စုဝင်များ နေထိုင်ကြပြီး ရွာသားများမှာ တောင်များတွင်ဝါးခုတ်၊ ထင်းခုတ်ခြင်းနှင့် လယ်ယာမြေများကို အဓိက မှီခိုလုပ်ကိုင်စားသောက်ကြကြောင်း သိရသည်။

ထို့အပြင် ကျေးရွာအရှ့ဖက်တွက် ပေ ၁၅၀ နှင့် ပေ ၂၀၀ ကျော်ရှိသည့် ငတန်ဘော်ချောင်း နှင့် ဘူးသီးတောင်အနောက်ဖက်ဘုတ်ဆိတ်ချောင်းများတွင် ငါးဖမ်း၊ ပိုက်ချစားသောက်နေကြရသည်ဟု သိရသည်။

ထိုရွာတွင် စေတီတောင်ရွာမှ ကျောင်းခွဲ အထက်တန်းကျောင်းခွဲတစ်ကျောင်းရှိပြီး ရွာလမ်းတလျှောက်တွင်လည်း ပန်းပင်၊ ခရေပင်၊ ယူကလစ်ပင်များကို ခြံခတ်ပြီးစနစ်တကျစိုက်ပျိုးထားသည်ကိုတွေ့ရသည်။

ဘူးသီးတောင်မြို့နယ် စည်တောင်ရွာသည် အိမ်ထောင်စုအရေအတွက် ၃၂၅ စု၊ လူဦးရေအရေအတွက်မှာ ၂၀၃၆ ဦးရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ