Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင် စေတီပြင်စစ်ဘေးရှောင်စခန်းတွင် လူနေဆောင်များ ပြန်လည်ဆောက်လုပ်ရန် အရေးတကြီး လိုအပ်နေ

ABN- ကိုဟိန်းထွန်း

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ စေတီပြင်စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များအတွက် အဆောင်များပြန်လည်ဆောက်လုပ်ရန် အရေးတကြီးလိုအပ်နေကြောင်း စခန်းတာဝန်ခံက ပြောသည်။

စစ်ဘေးရှောင်များနေထိုင်သည့်စခန်းများသည် ၅နှစ်နီးပါးကြာရှည်လာသည့်အတွက် အဆောင်များပျက်စီး၍ နေရေးထိုင်ရေးအခက်ရှိလာကြောင်း စခန်းတာဝန်ခံ အောင်မင်းစိုးက ABN ကိုပြောသည်။

“စခန်းတည်ဆောက်တာကလည်းကြာပြီဆိုတော့ ပျက်စီးတဲ့အိမ်တွေရှိတယ်၊ စားဝတ်နေရေးကအစ နေရေးထိုင်ရေးတွေအဆင်မပြေတော့ဘူး၊ သူတို့မှာရှိတဲ့ ရွှေ၊ ငွေအထည်များကို ထုခွဲရောင်းချပြီး ဖြစ်သလို စားသောက်နေရတယ်” ဟု ဆိုသည်။

၎င်းစခန်းတွင် လုံးဝပြိုသွားသည့်အိမ် ၃၀ ခန့်နှင့် ယိုင်လဲနေသည့်အိမ် အများအပြားရှိကာ လွန်ခဲ့သောရက်များအတွင်းက မိုးရွာသွန်းမှုကြောင့် အိမ် ၃ ဆောင် ပြိုသွားခဲ့သည်ဟုသိရသည်။

လူနေအဆောင်များပြိုပျက်စီးသွားသည့်အတွက် စစ်ဘေးရှောင်ပြည်သူများသည် တောင်တက်၍သစ်၊ ဝါးများဖြတ်၍ ၎င်းတို့၏အိမ်များကို ပြုပြင်နေရပြီး မိုးရာသီအမှီအဆောင်များပြန်လည်ဆောက်လုပ်ရန် အမြန်လိုအပ်နေကြောင်း တာဝန်ခံက ဆက်ပြောသည်။

“သူတို့တွေက တောင်တက်ပြီး၊ သစ်ခုတ်တဲ့သူခုတ်၊ ဝါးခုတ်တဲ့သူခုတ်ကြတယ်၊ ပြီးတော့သူတို့ရဲ့ပျက်စီးသွားတဲ့အိမ်တွေကို လုပ်နိုင်သလောက် ပြုပြင်တာပေါ့၊ မိုရာသီးလည်းရောက်တော့မယ်ဆိုတော့ အဆောင်တွေအရမ်းလိုအပ်နေပါတယ်” ဟု ဆိုသည်။

ထိုအဆောင်များကိုတာဝန်ယူပြီးပြန်လည်တည်ဆောက်မည့်သူမရှိသည့်အပြင် အိမ်ကိုပြုပြင်တည်ဆောက်ဖို့အတွက် ငွေကြေးအလုံအလောက်မရှိခြင်း၊ လက်ရှိအနေအထားတွင်တည်ဆောက်မည်ဆိုလျှင် ငွေ ၄ သိန်းဝန်းကျင်ခန့်ကုန်ကျနိုင်ကြောင်း စစ်ဘေးရှောင် ကိုနိုင်ချေက ABN သို့ပြောသည်။

“ဒီအဆောင်တွေကိုတာဝန်ယူပြီးတည်ဆောက်မယ့်သူတွေလည်းမရှိသေးပါဘူး၊ ပြုပြင်ဖို့အတွက်ငွေကြေးတွေလည်းမရှိတော့ ဖြစ်သလိုပဲနေရတာပေါ့၊ လက်ရှိအနေထားမှာ အဆောင်တွေကိုတည်ဆောက်မယ်ဆိုရင် ငွေ ၄ သိန်းလောက်ကုန်ကျမှာ၊ သားယောက်ျားရှိတဲ့အိမ်တွေဆို တတ်နိုင်သလောက် ယာယီလုပ်ပေးပြီးနေလို့ရတယ်၊ သက်ကြီးရွယ်အိုတွေကျတော့ သူတို့ကိုယ်တိုင် ကိုယ်ထူကိုယ်ထ လုပ်ကိုင်နိုင်စွမ်းမရှိပါဘူး” ဟုပြောသည်။

စစ်ဘေးရှောင်များမှာ ရေစိုးချောင်း၊ အမျက်တောင်၊ မညှင်းတောင်၊ ထီးစွဲ၊ အောက်ကျောက်တောင်၊ စဖိုကျွန်း၊ သမီးလှရွာဟောင်း၊ သမီးလှရွာသစ်၊ အိုးဖောက်၊ ကုန်တန်း၊ ကုလားချောင်း၊ ပြိန်းတော၊ ရေမျက်၊ အုန်းချောင်း၊ ကျောက်ပြင်ဆိပ်၊ သာစည်၊ အောင်သာစည်၊ ကျောက်တန်း၊ ​ဗောဓိကုန်း၊ အောင်မြေကုန်း၊ ငစိုးချောင်း၊ ကျောက်ရံ၊ မောင်ဖြူရွာတို့မှဖြစ်ကြသည်။

စခန်းရှိ သက်ကြီးရွယ်အိုများ နေထိုင်သည့် အဆောင်များမှာ ယိုင်လဲနေပြီး အချိန်မရွေးပျက်စီးနိုင်သည့် အခြေအနေတွင်ရှိနေသည့်အတွက် အရေးပေါ် ပြန်လည် ဆောက်လုပ်ရန် လိုနေကြောင်း သိရသည်။

၎င်းစခန်း၌ စစ်ဘေးရှောင်ဦးရေ အိမ်ထောင်စုမှာ ၃၁၃ စုရှိပြီး၊ လူဦးရေ ၁၃၃၁ ဦးရှိရာ အများစုမှာ ရေစိုးချောင်း၊ အမျက်တောင်၊ မညှင်းတောင်၊ ထီးစွဲ၊ အောင်မြေကုန်း၊ ဗောဓိကုန်းရွာတို့မှဖြစ်ကြသည်။

စစ်ဘေးရှောင်းစခန်းကို ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၅ နှစ်နီးပါးကြာမြင့်နေပြီဖြစ်သည်။

ဓာတ်ပုံ-ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ