Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင် စေတီတောင်အနောက် စစ်ဘေးရှောင်စခန်းတွင် အဆောင်များပျက်စီးနေသဖြင့် ပြန်လည်တည်ဆောက်ရန် အကူညီလိုအပ်နေ၊ ဆောင်းရာသီအအေးဒဏ်ကြောင့် ကျန်းမာရေးချို့တဲ့မှုများလည်း ရှိနေ

ABN-ထက်မြတ်ခင်

ရခိုင်ပြည် ရသေ့တောင်မြို့ စေတီတောင်အနောက် စစ်ဘေးရှောင်စခန်းတွင် အဆောင်များပျက်စီးနေသဖြင့် ပြန်လည်တည်ဆောက်ရန် အကူအညီများလိုအပ်နေသည့်အပြင် ဆောင်းရာသီ အအေးဒဏ်ကြောင့် ကျန်းမာရေးချို့တဲ့မှုများလည်းရှိနေသည်ဟု သိရသည်။

စေတီတောင်အနောက် စစ်ဘေးရှောင်စခန်းတွင် အမျိုးသား ၂၈၂ ဦး၊ အမျိုးသမီး ၃၇၀ ဦးနှင့် အိမ်ထောင်စု စုစုပေါင်း ၁၆၆ စုရှိပြီး ထိုအထဲမှ နေအိမ်အချို့မှာ ပျက်စီးနေသဖြင့် နေထိုင်ရေးအခက်အခဲဖြင့် ရင်ဆိုင်နေကြရပြီး ဆေးဝါး၊ အနွေးထည်၊ ခြင်ထောင်များနှင့် စားနပ်ရိက္ခာများမှာလည်း လုံလောက်မှုများမရှိခြင်းကြောင်း စခန်းတာဝန်ရှိသူတစ်ဦးမှ ABNကိုပြောသည်။

“ဟုတ်ပါတယ် နေအိမ်တွေက ပျက်စီးနေတာကြာပြီဒါပေမဲ့ စားဖို့တောင်အနိုင်နိုင်ဖြစ်နေတာ အိမ်လုပ်မယ့်ဖက်ကို မရောက်ဘူးဖြစ်နေကြပါတယ် ရိက္ခာတွေဆိုလည်း ဆန်တစ်အိတ်နဲ့ တစ်အိမ်လုံးမလုံလောက်ပါဘူး ပြီးတော့ အခုဆိုဆောင်းရာသီဆိုတော့ အနွေးထည်တွေလည်း လိုအပ်နေကြပါတယ်၊ အဓိကတော့အခု ခြင်ထောင်တွေ လိုနေကြပါတယ်ဟု” ပြောသည်။

စစ်ရှောင်စခန်းတွင် ဆောင်းရာသီ အနွေးထည်၊ ခြင်ထောင်များလိုအပ်နေသည်သာမက နေအိမ်များ ပေါက်ပြဲကာ ယိုယွင်းပျက်စီးနေသည့်အတွက်ကြောင့် စခန်းရှိ စစ်ဘေးရှောင်များမှာ အအေးဒဏ်ကို အလူးအလဲခံစားနေရသောကြောင့် ကျန်းမာရေးချို့တဲ့မှုများ ဖြစ်နေကြရပြီး ရေနှင့် အစားအသောက်မသန့်ရှင်း မလောက်ငှ၍လည်း သက်ကြီးရွယ်အိုများနှင့် ကလေးငယ်မှာ ကျန်းမာရေးချို့တဲ့မှုဒဏ် ခံစားနေရကြောင်း ၎င်းကဆက်ပြောသည်။

“အဆောင်တွေကလည်း အပေါက်တွေအများကြီးပါပဲ၊ သူ့တို့ခမျာတွေကလည်း ရှိတာတွေနှင့် ဖာထေးနေကြရတာ၊ လေကလည်း တအားတိုက်တော့ မနိုင်ဘူးလေ၊ ပြီးတော့ ရေကလည်း မသန့်ရှင်းတော့ ကလေးတွေအများစုက ဝမ်းရောဂါတွေဖြစ်နေကြပါတယ်၊ အစားအသောက်မကောင်းတာကတစ်ကြောင်း၊ မလောက်ငှတာတွေကတစ်ကြောင်း အဲဒါတွေကြောင့်လည်း သက်ကြီးရွယ်အိုတွေအများစုက ဖျားကြတယ်၊ နှာစေးကြတယ်၊ ပြီးတော့ အအေးဒဏ်ကိုလည်း သူတို့တွေ တော်တော်ခံစားနေရပါတယ်” ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် ခြင်ထောင်မလုံလောက်မှုကြောင့်လည်း ငှက်ဖျားရောဂါ ဖြစ်ပွားနေသူတစ်ချို့လည်း ရှိကြောင်း ပြောသည်။

“ခြင်ထောင်က မလောက်ဘူးလေ၊ မိသားစုအားလုံးကို ပေးရမှာဆိုတော့ ရှိတာတွေနဲ့ မလောက်ဘူးဖြစ်နေတယ်၊ နေရတာကလည်း အရမ်းကြပ်တည်းတော့ ခြင်ကိုက်လို့ ငှက်ဖျားဒဏ်ခံစားနေရသူတွေလည်း ရှိပါတယ်” ဟု ပြောသည်။

၎င်းစစ်ဘေးရှောင်စခန်းတွင်နေထိုင်သူ အများစုမှာ ရသေ့တောင်မြို့နယ် သမီးလှကျေးရွာ၊ ကျောက်တန်းကျေးရွာနှင့် ညောင်ပင်လှကျေးရွာတို့မှဖြစ်ကြပြီး စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေကြသည်မှာ ၂နှစ်ကျော်ခန့်ရှိနှင့်နေပြီဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ