Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့ ရွှေပါရမီ စစ်ဘေးရှောင်စခန်းတွင် အိပ်ယာခင်းဖျာများလိုအပ်နေ

AB News-ဟိန်းထွန်း

အောက်တိုဘာ ၁၅ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့ရွှေပါရမီ စစ်ဘေးရှောင်စခန်းတွင် အိပ်ယာခင်းဖျာများလိုအပ်နေကြောင်း စခန်းတာဝန်ခံ နှင့် စစ်ဘေးရှောင်များက ပြောသည်။

စစ်ဘေးရှောင်စခန်းတွင် လက်ရှိသုံး​ရေသည့် အိပ်ယာခင်းဖျာများမှာ​ ၃ နှစ်ကျော်ရှိနေပြီဖြစ်သည့်အတွက် တစ်ချို့ဖျာများသည် ဟောင်းနွမ်း စုပ်ပြဲ​နေရာ ဖျာအသစ်များလိုအပ်နေကြောင်း ရွှေပါရမီ စစ်ဘေးရှောင်စခန်း စခန်းတာဝန်ခံ ဒေါ်လှလှဆန်းက ABN သို့ပြောသည်။

” အိပ်ယာခင်းဖျာမရတာကြာပါပြီ၊ အသစ်လာပေးတာလဲမရှိသေးဘူး၊ တစ်ချို့ဖျာတွေဆို ဟောင်းနွမ်းပြီး ပေါက်ပြဲနေပါတယ်၊ သုံးလို့မရတော့ဘူး ၊ဖျာအသစ်တွေလိုချင်ပါတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်များသည် စားဝတ်နေရေးအခက်အခဲရှိနေခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် အိပ်ယာခင်းဖျာဝယ်ရန်ပင် ငွေကြေးဖူလုံမှုမရှိသည့်အတွက် စေတနာရှင် အဖွဲ့များက လာရောက် ကူညီပေးစေချင်ကြောင်း စစ်ဘေးရှောင်များပြောပြချက်အရ သိရသည်။

ထိုစခန်းတွင် စစ်ဘေးရှောင် အိမ်ထောင်စုအရေအတွက် ၄၈၇ စု၊ ကျား ၆၉၈ ဦး၊ မ ၈၉၇ဦး ပေါင်း ၁၅၉၅ ဦးရှိပြီး ၎င်းထဲတွင် မသန်းစွမ်းသူ ၁၈ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၆ ဦးနှင့် နို့တိုက်မိခင် ၂၅ ဦး ရှိကြောင်း ABN က စုံစမ်းသိရှိရသည်။

ရွှေပါရမီစစ်ဘေးရှောင်စခန်းသည် ကျဥ်းကျပ်ကာ နေရာမလုံလောက်သည့်အတွက် တစ်ချို့စစ်ဘေးရှောင်များမှာ ​မြို့ပေါ်ရှိရပ်ကွက်များတွင် မိသားစုအလိုက် လုံးချင်းအိမ်များငှားပြီးနေရကြောင်းတွေ့ ရသည်။

ယခုလို လုံးချင်းအိမ်များ၊ အဆောင်များ ငှား၍ နေထိုင်ရသည့်အတွက် WFP အဖွဲ့မှထောက်ပံ့သည့် ငွေကြေး ၃၃၀၀၀ နှုန်းဖြင့်လည်း စားဝတ်နေရေးကအစ အဆင်မပြေလည်ကြောင်း ပြောကြသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအသုံးပြုနေသည့် ဖျာများမှာလည်း နှစ်ကြာနေပြီဖြစ်ရာ သက်ဆိုင်သောအဖွဲ့အစည်းများက ကူညီပေးစေချင်ကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“ကျမတို့မှာ ဖျာတွေက ဟောင်းနွမ်းစုပ်ပြဲနေပါတယ်၊ ကြာလည်းကြာနေပြီ၊ အသုံးပြုဖို့ အဆင်မပြေတော့ဘူး၊ စေတနာရှင်တွေ လာရောက် ကူညီပေးကြဖို့ တောင်းဆိုပါတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်လာသူများ ရွာနှင့် အိမ်ထောင်စုများဖြစ်သည့် မညှင်းတောင်ရွာမှ ၆၈ စု၊ ညောင်ပင်လှရွာမှ ၁၄၈ စု၊ ပြိန်းတောရွာမှ ၁၁၅ စု၊ သမီးလှရွာ ၂၈ စု၊ ရေမျက်ရွာ ၂၃ စု၊ ဇီးခေါင်းရွာမှ ၁၇ စု၊ အောင်ဇေယျရွာမှ ၂၃ စု၊ ကုန်တန်းရွာမှ ၁၆ စု၊ မောင်ဖြူရွာမှ ၅ စု၊ ရေဘုတ်ရွာမှ ၅ စု၊ င/စံဘော်မှ ၇ စု ၊ထီးစွဲရွာမှ ၄ စု၊ အိုးဖောက်ရွာမှ ၃ စု၊ ဆောက်ခတ်ရွာမှ ၃ စု၊ သိုင်းတဘုတ်ရွာမှ ၁ စု၊ ရေစိုးချောင်းရွာမှ ၁ စု၊ ကျောက်ပြင်ဆိပ်ရွာမှ ၁ စု၊ ဇရပ်လှရွာမှ ၂ စု၊ ကျောက်တန်းရွာမှ ၄ စု၊ ရွှေလောင်းတင်ရွာမှ ၃ စု၊ သောင်းဒရားရွာမှ ၂ စု၊ အမျက်တောင်ရွာမှ ၄ စုအပါအဝင် လိုင်ဂွင်မှ ၄ စုတို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အရေပြားယားနာခံစားနေရသည့် သက်ကြီးရွယ်အို နှင့်လသားအရွယ်ကလေး စုစုပေါင်း ၃၀ ကျော်ခန့်ရှိကြောင်း သိရသည်။

၎င်းစခန်းကို ၂၀၁၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး လက်ရှိဆိုလျှင် ၅ နှစ်နီးပါးကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ