Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ် အငူမော်-စေတီပြင်လမ်း ဆိုးဝါးစွာပျက်စီးနေသည့်အတွက် ပြုပြင်ရန်လိုအပ်နေ

ABN-ဟိန်းထွန်း

စက်တင်ဘာ ၁၂ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ ရွာပေါင်း ၃၀ ကျော်ကို ဆက်သွယ်ဖောက်လုပ်ထားသည့် အငူမော်-စေတီပြင်လမ်းမှာ ဆိုးဝါးစွာပျက်စီးနေသည့်အတွက် ပြုပြင်ရန်လိုအပ်နေကြောင်းသိရသည်။

၎င်းလမ်းမှာ ယခင်ကကျောက်ခင်းလမ်းအမျိုးအစားဖြစ်သော်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင်း ပျက်စီးသွားခဲ့ရပြီး မြေသားလမ်းအဖြစ်သာကျန်ရှိကာ လက်ရှိအချိန်အထိမပြုပြင်သေးကြောင်းတွေ့ရသည်။

ထိုလမ်းသည် အငူမော်ဆိပ်ကမ်းမှ လောင်းချောင်းထိ ကွန်ကရစ်လမ်းဖြစ်သော်လည်း လောင်းချောင်းမှစပြီး စေတီပြင်သို့ တောက်လျှောက်ပျက်စီးမှု ရှိနေကြောင်း ကားသမား ကိုတင်အောင်ဝင်းက ABN သို့ပြောသည်။

” အငူမော်ကနေလို့ လောင်းချောင်းအထိကွန်ကရစ်လမ်းဖြစ်ပါတယ်၊ လောင်းချောင်းမှစပြီးပျက်တာပါ၊ အောင်ဆိပ်အပါအဝင် စေတီပြင်ထိ ပျက်စီးနေတာပါ”ဟု ဆိုသည်။

အဆိုပါလမ်းကို အသုံးပြုနေရသည့် ကျေးရွာများမှာ လောင်းချောင်း၊ သံချောင်း၊ အောင်ဆိပ်၊ကျေးတပင်၊ အောင်မင်း၊ မင်းဖူး၊ နော်ဝေ၊ အုပ်ကြက်မို၊ မီးကျောင်းတက်၊ ဗောထီးကုန်း အ​ပါအဝင် တစ်ခြားရွာများစွာမှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး နှင့် အသက်မွေးဝမ်းကျောင်များကို မှီခိုအားထားရသည့် လမ်းတစ်ခုဖြစ်သည်။

ကားသမားများသည် ထိုကျေးရွာများသို့ ဆိုင်ဝန်များပို့ပေးနေရပြီး လမ်းများပျက်စီးနေသည့်အတွက် အချိန်ကြန့်ကြာမှုရှိနေခြင်း၊ ကားကိုဆင်ပြီးတွန်းတိုးနေရကာ အခက်များစွာနှင့် ရင်ဆိုင်နေရကြောင်း ၎င်းမှ ဆက်၍ပြောသည်။

“ဆိုင်ဝန်တွေကိုပို့ပေးနေရပါတယ်၊ လမ်းကလည်းအများကြီးပျက်နေလို့ အချိန်တွေကြန့်ကြာတယ်၊ ဝန်တွေများရင်လူကိုယ်တိုင်ဆင်းတွန်းလို့ သွားနေရတယ်၊ မြန်မြန်ပြုပြင်ပေးစေချင်ပါတယ်”ဟု ဆိုသည်။

လမ်းဘေးတစ်လျှောက်တွင်ရှိသည့် ကျေးရွာများမှ ရွာသူရွာသားများသည်အလုပ်အကိုင်အခဲကြုံတွေ့လာရကာ စားဝတ်နေရေးအခက်အခဲများစွာနှင့်ရင်ဆိုင်နေရကြောင်းတွေ့ရသည်။

လမ်ပျက်စီးနေ​မှုကြောင့် စစ်တွေမှ ရသေ့တောင်မြို့နယ် မယူကမ်းဒေသသို့ စီးဆင်းနေသည့်ကုန်စည်များလည်း ယခင်လို စီးဆင်းနိုင်မှုမရှိခြင်း၊ ကုန်ကားများလည်း ရောက်ရှိမှုနည်းပါးသွားကြောင်း အောင်ဆိပ်ကျေးရွာမှ ဒေါ်ခင်ဆန်းဝန်းက ABN သို့ပြောသည်။

“လမ်းကပျက်စီးတော့ စစ်တွေကဝန်တွေ ကျမတို့ဖက်ကိုအရောက်နည်းသွားပါတယ်၊ ကုန်ကားတွေလည်း ယခင်လို မလာတော့ဘူး၊ အငူမော်သို့သွားပြီး ကားငယ်တွေနဲ့ သွားယူနေရတဲ့အတွက် ကုန်ကျစရိတ်တွေလည်းများနေပါတယ် “ဟု ဆိုသည်။

ပြည်သူများသည် လမ်းခရီးမကောင်းသော်လည်း ဆိုင်ဝန်ပစ္စည်းများကို အငူမော်ဆိပ်ကမ်းသို့ခက်ခက်ခဲခဲသွားရောက်ပြီး ယူနေရကာ ပျက်စီးသွားသည့်လမ်းကိုလည်း အမြန်ဆုံးပြုပြင်ပေးစေချင်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ