Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ် ပြားချောင်းကြီး စစ်ဘေးရှောင်စခန်းတွင် အဆောင်များပျက်စီးနေ၍ ပြန်လည်ပြုလုပ်ရန် အကူညီလိုအပ်နေ

ABN-ရှိုင်းမိုး

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ပြားချောင်းကြီးစစ်ဘေးရှောင်စခန်းတွင် အဆောင်များပျက်စီးနေသဖြင့် ပြန်လည်ပြုလုပ်ရန် အကူညီလိုအပ်နေသည်ဟု သိရသည်။

ထိုစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၅၀ကျော်ရှိပြီး စစ်ဘေးရှောင်များမှာလည်း စားနပ်ရိက္ခာများ ပြတ်လပ်မှုကို ကြုံတွေ့နေရသည့်အပြင် စခန်းတွင်းရှိကလေးများအတွက် စောင်နှင့် အနွေးထည်များ မရှိသည့်အပြင် အဆောင်များမှာလည်း အမိုးအကာများပြိုကျပျက်စီးနေပြီဖြစ်သည့်အတွက် ပြန်လည်ပြုပြင်ရန်လိုအရေးတကြီး အပ်နေသည်ဟု စခန်းတာဝန်ခံဦးမျိုးညွန့်ကပြောသည်။

ကျွန်တော်တို့စခန်းမှာ လူဦးရေ ၅၀ ကျော်ရှိပါတယ်၊ အဆောင်ဆောက်ပြီးနေကြတာပါ၊ ဒါပေမယ့် အခု အဆောင်တွေ ပျက်စီးနေပါတယ်၊ အဆောင်တွေကို ပြန်လုပ်ဖို့လိုအပ်ပါတယ်၊ ကလေးတွေအတွက်လည်း အနွေးထည်မရှိပါဘူး၊ ဆေးဝါးကုသမှုလည်း မရရှိပါဘူး၊ စားနပ်ရိက္ခာတွေလည်း အဆင်မပြေပါဘူး၊ ပြီးတော့ အခုက ဆောင်းတွင်းဖြစ်နေတော့ ပိုခက်ခဲပါတယ် ဟု တာဝန်ခံမှ ပြောသည်။

ထိုစစ်ဘေးရှောင်စခန်းမှ ဒေသခံများသည် ၎င်းတို့ ရပ်ရွာကို ပြန်ချင်နေကြသော်လည်း ရွာအနီးနားတွင် စစ်ကောင်စီတပ်မှ တပ်စွဲနေထိုင်နေခြင်းကြောင့် မပြန်ရဲဖြစ်နေကြသည်ဟု သိရသည်။

စစ်ဘေးရှောင်စခန်းတွင် ၄ နှစ်ကျော်ကြာနေပြီဖြစ်ပြီ နေရပ်ပြန်ချင်နေပြီဟု အသက် ၇၀ ကျော်အရွယ်အဘွားအိုက ပြောသည်။

အဘွားရွာပြန်ချင်ပါပြီ၊ ဘယ်အချိန်ပြန်ရမလဲ၊ အဘွားဒီကိုရောက်နေတာ ၄ နှစ်ကျော်ရှိပါပြီ၊ ခုထိရွာမပြန်ရသေးဘူး၊ ရွာကိုပြန်လို့ရပြီ ဆိုပြီးတစ်ယောက်ယောက်က လာပြောရင်သိပ်ကောင်းမှာပဲ ဟု ကပြောသည်။

ပြားချောင်းကြီး စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် စစ်ဘေးရှောင်များမှာ ၂၀၁၈ ခုနှစ်က ရွာအနီးအနားတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ရွာထဲသို့ စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များ ကျရောက်ပေါက်ကွဲခဲ့ရာ ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြပြီး၊ လက်ရှိအချိန်ထိ စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေကြရသည်။

ရခိုင်ပြည်တွင်းရှိ စစ်ဘေးရှောင်စခန်းများထဲမှ လမ်းမစစ်ဘေးရှောင်စခန်း၊ ရန်အောင်မြေစစ်ဘေးရှောင်စခန်း၊ စေတီပြင်စစ်ဘေးရှောင်စခန်း၊ ဂန္ဓာရီ စစ်ဘေးရှောင်စခန်း၊ မြတောင်စစ်ဘေးရှောင်စခန်းတို့တွင်လည်း ရိက္ခာပြတ်လပ်နေသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ