Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းတွင် မုန်တိုင်းဒဏ်ခံပြည်သူများ စားနပ်ရိက္ခာလိုအပ်နေ

ABN -ကိုဟိန်းထွန်း

ဇွန် ၃ ရက်

ရခိုင်ပြည် ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းတွင် မုန်တိုင်းဒဏ်ခံပြည်သူများ စားနပ်ရိက္ခာအရေးတကြီးလိုအပ်လျှက်ရှိကြောင်း ABN မှ ကွင်းဆင်းလေ့လာ သိရှိရသည်။

ဖျက်အားပြင်းမုန်တိုင်းကြောင့် စစ်ဘေးရှောင်စခန်းတည်ဆောက်ထားသော နေအိမ်ရာများတွင် ရေများဖုံးလွှမ်းသွားခဲ့သည့်အတွက်ကြောင့် အဆောင်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

မုန်တိုင်းတိုက်ခတ်စဥ်အတွင်းက ၎င်းတို့သည် စခန်းတွင်မနေဝံ့ဘဲ ကလေးငယ်များကိုဆွဲခေါ်ပြီး စေတီပြင်ရွာဦးကျောင်းတွင်ခိုလုံ၍ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ABN သို့ပြောသည်။

“မုန်းတိုင်းတိုက်တဲ့အခါ ကျမတို့က စခန်းမှာမနေဝံ့တော့ဘူး၊ ကလေးတွေကိုခေါ်လို့ စေတီပြင်ရွာဦးကျောင်းကိုသွားပါတယ်၊ လေက တအားပြင်းလာတယ်၊ ခေါင်မိုးတွေ ပွင့်လာတယ်၊ ဒီနေရာကလွဲပြီး ပြေးမယ့်နေရာမရှိတော့ဘူး၊ သေရင်လည်းသေပါစေတော့ ဆိုပြီး အခုလို လွတ်မြောက်လာတာပါ “ဟု ဆိုသည်။

စေတီပြင်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စုအရေအတွက် ၃၃၄ စုရှိပြီး၊ လူဦးရေ ၁၃၈၉ ဦးနေထိုင်ကြောင်းသိရသည်။

အိမ်များပြိုလဲသွားသည့်အတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့်ပြုပြင်နေကြရသော်လည်းအိမ်ဆောက် ပစ္စည်းမရှိ၍ရပ်နားထားရကြောင်း၊တစ်နေ့လုပ်မှတစ်နေ့စားရပြီး၊ သူများအိမ်များမှာ အလုပ်သွားလုပ်၍ ရသောငွေကြေးနှင့် မိသားစုဘဝကိုဖူလုံအောင်မထားနိုင်သည့်အပြင်၊ သားသမီးများကိုလည်း ကျောင်းမထားနိုင်ကာ သက်ဆိုင်ရာ အဖွဲ့အစည်းများက ကူညီထောက်ပံ့ပေးစေချင်ကြောင်း ၎င်းမှ ဆက်၍ ပြောသည်။

“အိမ်တွေကပြိုလဲသွားတယ်၊ ကိုယ်တိုင်လုပ်ကိုင်နေပေမယ့်လည်း ပစ္စည်းတွေက လုံလောက်တာတွေမရှိဘူး၊ တစ်ခြားအိမ်တွေမှာ အငှားလုပ်ပါတယ်၊ ရတဲ့ပိုက်ဆံနဲ့ မိသားစုတွေကိုဖူလုံအောင်မထားနိုင်တဲ့အပြင် သားသမီးတွေကိုလည်း ကျောင်းမထားနိုင်ပါဘူး။ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ လာရောက်ပြီးကူညီထောက်ပံ့ပေးစေချင်ပါတယ်” ဟု ဆိုသည်။

မယူတောင်၏အရှေ့ဖက်ခြမ်းတွင်ရှိသော စေတီပြင်ရွာ၏ စစ်ဘေးရှောင်စခန်းကို ရသေ့တောင်မြို့မှ စက်လှေဖြင့်သွားလျှင် ၁ နာရီခွဲခန့်ကြာကြောင်းတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ