Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင်များကို စစ်ကောင်စီမှ နေရပ်ပြန်ခိုင်း၊ ရွာအတွင်း တပ်စွဲထားခြင်းနှင့် ရွာအနီး မိုင်းရှင်းလင်းမှုမရှိသေးသည့်အတွက် မပြန်နိုင်ကြောင်း စစ်ရှောင်များပြော

ရခိုင်ပြည် ရသေ့တောင်မြို့နယ် မေယုရတနာ၊သာသနာ့ဗိမာန်၊ ဓမ္မာရုံနှင့် စေတီတောင်အောက်စစ်ရှောင်စခန်းတို့မှ စစ်ရှောင်များကို စစ်ကောင်စီက နေရပ်ပြန်ရန် ဒီဇင်ဘာ ၂၂ ရက်နေ့က ခိုင်းစေခဲ့ကြောင်း စခန်းတာဝန်ခံများက ABN ကိုပြောသည်။

စစ်ဘေးရှောင်စခန်းများမှ တာဝန်ခံများကို ဒီဇင်ဘာ ၂၂ ရက်နေ့ နေ့လည် ၃ နာရီအချိန်က ရသေ့တောင် မြို့နယ် ထွေအုပ်မှ တောင်းရင်းတန်းအုပ်ချုပ်ရေးမှူးရုံးသို့ အစည်းအဝေးခေါ်ယူကာ စစ်ဘေးရှောင်များအား နေရပ်ပြန်ကြရန် ပြောခဲ့ကြောင်း စစ်ရှောင်စခန်းတာဝန်ခံများပြောကြားချက်သိရသည်။

အစည်းအဝေးတွင် နေရပ်သို့ အပြီးတိုင် ပြန်မည့် အိမ်ထောင်စု ၁ စုစီအား ငွေကျပ် ၆ သိန်းနှင့် ဆန်တအိတ် စစ်ကောင်စီက ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြို့နယ် ထွေအုပ်ကပြောခဲ့သည်ဟု စခန်းတာဝန်ခံတစ်ဦးကဆိုသည်။

အစည်းဝေးအခန်းမှာ ပြောတာကတော့ မိမိတို့ရဲ့နေရပ်ကို အပြီးတိုင် သွားမယ့် မိသားစုတွေကို ငွေ ၆သိန်းနှင့် ဆန်တစ်လစာပေးမယ်ဆိုပါတယ်” ဟုပြောသည်။

နေရပ်သို့ မပြန်ဘဲ ကျန်ရှိသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီက လုံးဝ မပေးတော့ကြောင်းနှင့် စစ်ရှောင်များမှာ စစ်ကောင်စီ၏ အစီအစဥ်ချထားမှုဖြင့်သာ နေထိုင်ရမည်ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ထွေအုပ်က ပြောခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။

“မိမိတို့အစီစဥ်နဲ့ နေမယ့် မိသားစုတွေကိုတော့ ရိက္ခာပေးတာတွေ ပိတ်သွားမယ်လို့ဆိုပါတယ်။ ပြီးရင် အဲဒီမိသားစုတွေဟာ စစ်ကောင်စီရဲ့ အစီအစဥ်နဲ့ ထားမယ်လို့ ပြောပါတယ်” ဟုပြောသည်။

စစ်ဘေးရှောင်အများစုမှာ မိမိတို့ နေရပ်ရွာများသို့ ပြန်ချင်ကြသော်လည်း ရပ်ရွာထဲတွင် စစ်ကောင်စီတပ်က တပ်စွဲ နေထိုင်နေခြင်းနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ရွာနဲ့ ရွာအနီးတောတောင်များတွင် မိုင်းရှင်းလင်းမှုများ မလုပ်ပေးသေးသည့်အတွက် နေရပ်သို့ မပြန်နိုင်သေးကြောင်း ပြောကြသည်။

“ဟုတ်ပါတယ် ကျွန်တော်တို့စခန်းကသူတွေကတော့မသွားကြပါဘူး ဘာလို့လည်းဆိုတော့ အဲဒီရွာတွေမှာ စစ်ကောင်စီတပ်က တပ်စွဲထားတာရှိပါတယ်၊ပြီးတော့ မိုင်တွေကိုလည်း သူတို့ရှင်းမပေးဘူး အရမ်းအန္တရာယ်ရှိပါတယ်” ဟုပြောသည်။

ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင်ရှိသည့် စစ်ဘေးရှောင်များမှာ တိုက်ပွဲ အများဆုံးဖြစ်လေ့ရှိသည့် သမီးလှ၊ ကျောက်တန်းနှင့် ရေဇိုးချောင်းစသည့် ကျေးရွာများမှ ဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင်ရှိသည့် လူဦးရေများမှာ မေယုရတနာစစ်ရှောင်စခန်းတွင် ကျား ၁၀၀၊ မ ၁၅၁ နှင့်အိမ်ထောင်စု စုစုပေါင်း ၆၃စု၊ သာသနာ့ဗိမာန်စခန်းတွင် ကျား ၂၂၉၊ မ ၃၀၁နှင့်အိမ်ထောင်စု စုစုပေါင်း ၁၄၇စု၊ ဓမ္မာရုံစခန်းတွင် ကျား ၁၄၁၊ မ ၂၀၇ နှင့်အိမ်ထောင်စု စုစုပေါင်း ၁၀၁ရှိသည်ဟု ၎င်းစစ်ရှောင်သုံးခုတွင် စစ်ကောင်စီမှနေရပ်ပြန်ခိုင်းသော်လည်းမပြန်နိုင်ကြဟု စစ်ရှောင်စခန်းတာဝန်ခံများမှ ပြောသည်။

စေတီတောင်နောက် စစ်ရှောင်စခန်းတွင်မူ ကျား၂၈၂ယောက်၊ မ ၃၇၀ ယောက် နှင့် နေအိမ်စုစုပေါင်း ၁၆၆အိမ်ရှိပြီး၊ မေရပ်ပြန်ရန် သဘောတူသည့် စစ်ရှောင်မိသားစု တစ်ချို့ရှိကြောင်း စစ်ရှောင်စခန်းတာဝန်ခံ ဦးထွန်းအေးမောင်မှပြောသည်။

ဟုတ်ကဲ့ဗျ ကျွန်တော်တို့စခန်းမှာတော့ နေရပ်ပြန်သွားမယ့် အိမ်ထောင်စု ၂၈စုနှင့် နေရပ်မပြန်နိုင်သေးသည့်မိသားစု ၁၄၈စု ရှိပါတယ် ဟုပြောသည်။

ရခိုင်တွင် တိုက်ပွဲဖြစ်ခဲ့သည့် နေရာနှင့် အနီးဝန်းကျင်ရှိ ဒေသခံများမှာ မကြာခဏ မိုင်းနင်း သေဆုံးသည့်ဒဏ်နှင့် လက်ပြတ် ခြေပြတ် ဒဏ်ရာများ ရနေကြရသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား အပစ်ရပ်ထားကြသော်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည့် မြို့နယ်များတွင် မိုင်းရှင်းလင်းမှုများ ပြုလုပ်သည်ကို မတွေ့ရသေးပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ