Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်မှ ဆရာမနှင်းယုနွယ် သတ်ဖြတ်ခံရမှုတွင် မောင်မောင်အေးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံဟု AA ပြော

AB News-အောက်တိုဘာ ၁၃ ရက်

ရခိုင်ပြည် ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောကျေးရွာမှ ဆရာမဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရမှုတွင် အဓိက တရားခံဖြစ်သူ မောင်မောင်အေးက ၎င်းကိုယ်တိုင် ဆရာမအား သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံသည်ဟု ရက္ခိုင့်တပ်တော်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက AB News သို့အတည်ပြုပြောသည်။

တရားခံမောင်မောင်မောင်အေးကို ရက္ခိုင့်တပ်တော်၏ တရားရေးဌာနမှ စိစစ်မေးမြန်းစဥ် သတ်ဖြတ်ခဲ့ပုံအသေးစိတ်ကို ၎င်းကိုယ်တိုင် ဝန်ခံခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားစဥ် မောင်မောင်အေးအသုံးပြုခဲ့သည့် ဓားကိုလည်း ချောင်းထဲတွင် ယမန်နေ့က စတင်ပြီး ရှာဖွေလျက်ရှိပြီး လက်ရှိ အချိန်ထိ မတွေ့ရှိသေးဟု သိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၂ ရက်နေ့က အခင်းဖြစ်စဥ်အား တရားခံ မောင်မောင်အေးကိုယ်တိုင် သရုပ်ပြခဲ့ပြီး သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် ဓားအား ပစ်ချထားခဲ့သည့် ချောင်းနေရာကိုလည်း ၎င်းပြသည့်အတိုင်း ရက္ခိုင့်တပ်တော်က ရှာဖွေနေဆဲဖြစ်သည်။

မောင်မောင်အေးသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေစဥ် ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်အား Facebook Messenger မှ ချစ်ရေးဆိုခဲ့ရာ ဆရာမမှ မကြိုက် မနှစ်သက်ကြောင်း တုန့်ပြန်ခဲ့သဖြင့် မောင်မောင်အေးသည် ဆရာမအား အငြှိုးထားခဲ့ပြီး ၎င်းသည် ရွာသို့ ပြန်ရောက်စဥ် ဆရာမနှင်းယုနွယ် အစ်မဖြစ်သူထံမှ ငွေ ၂၀၀၀၀ ကျပ်ချေးရာတွင်လည်း မရခဲ့သည့်အတွက် အငြှိုးထားကာ ဆရာမအား သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တရားခံ မောင်မောင်အေးက တရားရေးဌာနတွင် ဝန်ခံထားသည်ကို တွေ့ရသည်။

ရက္ခိုင့်တပ်တော်၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကလည်း “ ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောရွာက ဆရာမနှင်းယုနွယ် အသတ်ခံရမှု တရားခံအစစ်ကို ဖော်ထုတ်နိုင်ပါပြီ။ သူဘာကြောင့် ဘယ်လိုသတ်ဖြတ်ခဲ့တယ်ဆိုတာကိုလည်း တရားခံကိုယ်တိုင် ဝန်ခံထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် တခြားဆက်စပ် စစ်ဆေးစရာကိစ္စတွေကျန်နေသေးတဲ့အတွက် အသေးစိတ်အချက်အလက်တွေကို လာမဲ့ရက်ပိုင်းတွေမှာမှ ဆက်လက်ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်” ဟု မီဒီယာများသို့ ယနေ့ နေ့လည်က အသိပေးပြောကြားထားသည်။

ဆရာမနှင်းယုနွယ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲတွင် တာဝန်ကျရာဖြစ်သည့် ပန်းဖော်ပြင် ကျေးရွာသို့ စာသင်ပြရန် သွားသည့် လမ်းတွင် လည်လှီးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ