ABN-ရာဟု
ရခိုင်ပြည် ရသေ့တောင်မြို့တွင် ယနေ့ညနေက အသက်၁နှစ်နှင့် ၇လအရွယ်ကလေးငယ်တစ်ဦးအား မော်တော်ကားဖြင့် မတော်တဆတိုက်မှု ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။
ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ကလေးငယ်မှာ ညနေ၅နာရီ ၁၀မိနစ်ခန့်က လမ်းတွင် ကစားနေစဥ် တစ်ရပ်ကွက်တည်းနေ ဦးကျွဲချေ(ခ)မောင်သန်းစိန် မောင်းလာသည့် ကားဖြင့် တိုက်မိခြင်းဖြစ်သည်ဟု မျက်မြင်သက်သေပြောကြားချက်အရ သိရသည်။
“ညနေက ကလေးတွေလမ်းမှာ ကစားနေကြတာပါ၊ ကားကလည်း ကိုယ်ရပ်ကွက်ကပါပဲ၊ အေးဆေးဘဲမောင်းလာတာ၊ဖြစ်ချင်တော့ ကလေးပြေးတာနှင့်တိုက်မိသွားတယ်” ဟုအမည်မဖော်လိုသူ မျက်မြင် တစ်ဦးက ABNကိုပြောဆိုသည်။
ကားတိုက်မိသည့်ကလေးငယ်မှာ အရှေ့တောင်ရပ်ကွက်နေ အဖဦးမျိုးလှိုင်ဝင်း ၏သား မောင်မဲလာအောင် အသက်၁နှစ်နှင့်၇လရှိသူဖြစ်သည်။
ကားတိုက် မှုကြောင့် ကလေးငယ်ဦးခေါင်းမှာ ပေါက်ပြဲဒဏ်ရာ ရရှိသွားကာ လက်ရှိတွင် ထိုကလေးငယ်အား ရသေ့တောင်ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိနေကြောင်းသိရသည်။

